News

POST TYPE

OPINION

သူရဲကောင်းလို ထွက်သွားပါ
22-Nov-2020


နိုဝင်ဘာလ ၁၈ ရက်နေ့က  ကျွန်တော့်အသက် ၈၁ နှစ်
ပြည့်ပါတယ်။
 ကျွန်တော် အမျိုးမျိုး တွေးနေမိနေပါတယ်။ 
အဓိက ... ကတော့ ကျန်းမာရေးပေါ့ခင်ဗျား။  
စာရေးဆရာဆိုတော့ ကျန်နေသေးတဲ့ ကိုယ့်ရဲ့သက်တမ်းမှာ ကျန်းမာရေးအကြောင်း တစ်ခုခုကြောင့်  စာမရေးနိုင်တော့တဲ့ဘဝကို ရောက် သွားမှာ အလွန်တွေးပူပါတယ်။ 
စာရေးဆရာတစ်ယောက်အတွက် စာမရေးနိုင်တော့တဲ့ဘဝကို ရောက်သွားရင် သေသွားတာနှင့် အတူတူပါပဲ။

အဲ ... ဒီနှစ်ကတော့ ကိုယ့်ဘဝရှေ့ရေးကိုတောင် ကိုယ်သိပ်မတွေးနိုင်ပါ ဘူး။  
(ကိုဗစ်) ရောဂါကြောင့် မိမိပတ်ဝန်းကျင်ကို ရိုက်နေတဲ့ဂယက် ...။ 
ဒီလ ၈ ရက်နေ့က ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲကြောင့် ရိုက်ခတ်လာတဲ့ ဂယက်။ 
ဒီဂယက်တွေရဲ့ အကျိုးဆက်တွေနဲ့ပဲ မိမိခေါင်းထဲမှာ ပြည့်နေပါ တယ်။
NLD ဘာကြောင့် အပြတ်အသတ်နိုင်သွားရတာလဲ။ 
USDP ဘာကြောင့်  ရှုံးသွားရတာလဲ။  
ကျွန်တော့်မေးခွန်းရဲ့ အဖြေကို မဆွေးနွေးချင်ပါဘူး။ အသက် အရွယ်အရ မိမိအမြင်ကို မရေးတာဘဲ ကောင်းတယ်လို့ သတ်မှတ်ထားပါတယ်။
ဒါဖြင့် ... ဒီရွေးကောက်ပွဲကြောင့် မိမိခေါင်းထဲမှာ ရိုက်ခတ်နေတဲ့ ဂယက်က ဘာလဲ ...။ 

တပ် ပြဿနာ ...
စစ်တပ် ပြဿနာ ...
ဒီစစ်တပ်ပြဿနာမှာ ကျွန်တော်အဓိက ခေါင်းထဲရှိနေတဲ့ ပြဿနာ က ဘာလဲဆိုရင် ဒီနေ့ ဦးစီးချုပ် ... ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ပြဿနာပါ။
ဒီနေ့ ရွေးကောက်ပွဲပြီးချိန်နှင့် သူ့အသက် ၆၅ နှစ် ပြည့်တော့မယ့် အချိန်တွေက သွားတိုက်ဆိုင်နေပါတယ်။

နောက် ... USDP ပါတီရဲ့ ရွေးကောက်ပွဲမှာ (Knock Out)အထိုးခံလိုက်ရတဲ့ အချိန်နှင့်လည်း သွားတိုက်ဆိုင်နေပါတယ်။
NLD ပါတီက လူထုထဲက မွေးဖွားလာတဲ့ပါတီ ...။ ၈၈၈၈ အရေး အခင်းကြီးနှင့် နွယ်ပြီးပေါ်လာတဲ့ပါတီ ...။
USDP ပါတီက တပ်မတော်က  အသက်သွင်းပေးခဲ့တဲ့ပါတီ ...။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းဆိုပြီး တပ်မတော်က တည်ထောင်ထားတဲ့ လူမှုရေးအသင်းကြီး ဘဝကမှ နိုင်ငံရေးပါတီအဖြစ်  အသွင်ပြောင်းခဲ့တဲ့ပါတီ ...။
ပါတီနှစ်ခုရဲ့ ဖြတ်သန်းကြီးပြင်းခဲ့ရတဲ့ ဘဝခရီးတွေက လုံးဝ မတူကြ ပါဘူး။
ဒီပါတီနှစ်ခုရဲ့ ခေါင်းဆောင်တွေကိုပဲကြည့် ...။
သူတို့အသွေးအရောင်တွေကိုက မတူကြပါဘူး။

တစ်ခုက တပ်အရောင် ...။
တစ်ခုက လူထုအရောင် ...။
နောက် ...။
အဲ ... တပ်မတော် ...။
အဲ ... ကာကွယ်ရေးဦးစီးချုပ် ...။
၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရ စတက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှ ၂၀၁၀ အထိက စစ်အစိုးရခေတ် ... တစ်ပါတီပဲ ရှိပါတယ်။ အဲဒီခေတ်မှာ ကာချုပ်ဖြစ်ရတဲ့ လူတွေအတွက်က ကာချုပ်လုပ်ရတာ အေးအေးဆေးဆေးပဲ။ တစ်ပါတီမျက်နှာပဲ ကြည့်ရပါတယ်။

ဒီနေ့ ကာချုပ်က ၂၀၁၀မှာ မြင်ခဲ့တဲ့ ကာချုပ် ...။ ပထမဆုံး ပါတီစုံ ခေတ်ရဲ့ ကာချုပ် ....။
စစ်အစိုးရခေတ် ကာချုပ်တွေလို နိုင်ငံရေးအရ ရပ်တည်ရတာ မလွယ်တော့ပါဘူး။ သူ ဘယ်နိုင်ငံရေးပါတီရဲ့ မျက်နှာကို ကြည့်သင့်ပါသလဲ။
ဘယ်နိုင်ငံရေးပါတီဘက်ကို သူ ရပ်သင့်ပါသလဲ။
"လူထုထဲက ပေါက်ဖွားလာတဲ့ NLD ပါတီဘက် ရပ်ပေါ့ဗျာ"
လွယ်လွယ်ဖြေရင်တော့ ဒီအဖြေပဲ ပေးကြပါလိမ့်မယ်။
အဖြေအမှန်ကလည်း ဒီအဖြေပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ 
အဲ ... ဒါပေမဲ့ ...။
ကာချုပ် ဒုက္ခကို ကာချုပ်ပဲ သိပါလိမ့်မယ်။ 

ဥပမာ ...။
ကျွန်တော် မွန်တိုင်းရင်းသားပါ။
"ဦးလှဝင်း ... ပြဿနာကြီးတစ်ခု ဖြစ်လာတဲ့အချိန်မှာ ခင်ဗျားတို့ မွန်တွေ အကျိုးနှင့် ... ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အကျိုးကို ဘယ်ဟာ ကို ကြည့်မလဲ။ ဘယ်ဘက်လိုက်မှာလဲ"
ကျွန်တော် ပြန်ဖြေသင့်တဲ့ အဖြေမှန်ကတော့  ပြည်ထောင်စု အကျိုးအတွက်ပေါ့ ခင်ဗျား။ ဒါပေမဲ့ ကျွန်တော့် မွေးရာ သွေးအစစ် ဖြစ်နေတဲ့ မွန်တွေရဲ့အကျိုးကိုလည်း ကျွန်တော့် နှလုံးသားထဲက လုံးဝ အထိမခံချင်ပါဘူး။ အထိမခံနိုင်ပါဘူး။ နောက်ဆုံး ပြည်ထောင်စုအတွက် ဆိုတာကို အသိတရားအရ ရွေးချယ်လိုက်ရပေမယ့် မွန်ဆိုတဲ့ နှလုံးသား အသိကလည်း ကျွန်တော့်ကို ဒုတ် ... ဒုတ် ... ဒုတ်... ဖြင့် ကိုင်လှုပ်နေမှာပါ။

မှန်ပါတယ်။
မငြင်းနိုင်ပါဘူး။
ကြည့် ...။
မော်လမြိုင်နှင့် ဘီလူးကျွန်းကိုကူးတဲ့ တံတားသစ်ကို အမည်ပေး တဲ့ကိစ္စ။
မွန်နာမည်တစ်ခုခုကို ပေးသင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ကို မပေးသင့်ဆိုတဲ့ 'ဆောင်းပါး' သုံးပုဒ် ကျွန်တော် ဝင်ရေးခဲ့ ပါတယ်။
ကျွန်တော့်ရဲ့ ဒေသစွဲစိတ်ပေါ့ ခင်ဗျား။
ကာချုပ် ဒုက္ခကလည်း ဒီအတိုင်းပါပဲ ခင်ဗျား။
ဒါက ကျွန်တော့် ထင်မြင်ချက်ပါ။

သူ့ရင်ထဲ ခံစားချက်အစစ်ကတော့ သူတစ်ယောက်တည်း သိနိုင် မှာပါ။ ဒါပေမဲ့ ကျွန်တော် ထောက်ပြချင်တာက ကာချုပ်အနေနှင့် USDP ပါတီနှင့် NLD ပါတီအကြားမှာ သူ့ကာချုပ်သက်တမ်းအတွင်း ဘယ်လိုရပ်ခဲ့သလဲ။
အတိအကျ တည့်တည့်မတ်မတ် ရပ်နိုင်ဖို့ဆိုတာက သာမန် လူသား သာဖြစ်တဲ့အတွက် သိပ်တော့မလွယ်ပါဘူး ခင်ဗျား။
နောက် ... သူ့ကို ဒီရာထူးကို ပေးခဲ့တဲ့ ဟိုဘက်ခေတ် ဘိုးတော်ကြီး တွေက သူ့ကို ရာထူးမပေးခင် ဘယ်လို ဗျာဒိတ် (ြညေိအေန) တွေ ချပေး ထားပါသလဲ။
ဒီဒုက္ခတွေကိုလည်း ကျွန်တော်တို့ ဝိုင်းစဉ်းစားပေးသင့်ပါတယ်။ 
ဟော ... ခုတော့ သူ တပ်က ထွက်တော့မယ်လို့ နာမည်ကြီးနေ ပါတယ်။ 
တကယ် ဒီသတင်း မှန် မမှန်ကိုလည်း ကျွန်တော် မသိပါ။ 

အကယ်၍ မှန်ခဲ့လျှင် ...
သူ တပ်က မထွက်ခင် နောက်ဆုံးအနေဖြင့် သူ ဘာတွေ လုပ်သွား သင့်ပါသလဲ။
(၁) ပြည်တွင်းငြိမ်းချမ်းရေး
ဝန်ကြီး ဦးအောင်မင်းနှင့် ဦးလှမောင်ရွှေတို့ ကျေးဇူးကြောင့် ျြွဏဃ မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျွန်တော် အကြိမ်ကြိမ် တက်ခဲ့ဖူးပါတယ်။ 
ကာချုပ်ရဲ့ အခန်းကဏ္ဍကို ကျွန်တော် သိနေပါတယ်။ 
ကာချုပ် ခင်ဗျား ...။
ကျေးဇူးပြုပြီး တပ်က မထွက်ခင် ... အဲ ... အနားမယူခင်မှာ ပြည်တွင်းငြိမ်းချမ်းရေး ... အဲ ... အနည်းဆုံး တစ်နိုင်ငံလုံး လုံးဝ အပစ် အခတ်ရပ်စဲတဲ့ အဆင့်မျိုးရောက်အောင် ဆောင်ရွက်သွားခဲ့ပေးပါ။

(၂) ရခိုင်ပြဿနာ
ကျွန်တော် နေ့စဉ် (RFA) နားထောင်ပါတယ်။ 
နေ့တိုင်း ရခိုင်ဘက်က သတင်းတွေ ကြားနေရပြီး နေ့တိုင်း စိတ်မချမ်းသာရပါဘူး။
ဒီနေ့ ရခိုင်ပြည်နယ်မှာနေတဲ့ လူတွေရဲ့ဒုက္ခက အလွန့်ကို သနား စရာကောင်းနေပါပြီ။
ကျေးဇူးပြုပြီး ရခိုင်ဒေသ အေးချမ်းရေးကိုလည်း ပထမဦးစားပေး အနေနှင့် ဆောင်ရွက်ပေးခဲ့ပါခင်ဗျား။ နောက်တစ်ဆက်တည်းမှာပဲ။

(၃) သူတို့ကို လွှတ်သွားပေးပါ
ကာချုပ်ပေးသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့။ မိမိခန္ဓာကိုယ်မှာ အစွန်းအထင်းမကျန်အောင် လုပ်ခဲ့တဲ့သဘောပါ။
ကာချုပ်ကြီး ခင်ဗျား ...။
မိမိ ကာချုပ်တာဝန်ကို ယူထားစဉ်မှာ နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့်၊ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းထား၊ ထောင်ချထားသူများ ရဲ့ လွတ်ငြိမ်းခွင့်ကိုလည်း မိမိ အနားမယူခင်မှာ ဆောင်ရွက်ပေးသင့်ပါ တယ်။ 

ဥပမာ - ရခိုင်မှာ ဆန္ဒပြလို့ ထောင်ချခံထားရတဲ့ ကျောင်းသားတွေ...။ 
သင်္ကြန်သံချပ်ထိုးသဖြင့် ပြစ်ဒဏ်ခံနေရတဲ့ ကျောင်းသားတွေ ...။
နေမျိုးဇင်ကဲ့သို့ ပါတီ အသွေးအရောင်မရှိတဲ့ ပုဂ္ဂိုလ်တွေ ...။
သူတို့ကို လွှတ်ပေးခြင်းဖြင့်လည်း ကာချုပ်ကြီးရဲ့ နောက်ဆုံး အသွေးအရောင်မှာ အလွန်လှတဲ့ အရောင်အဆင်းကို ပြောင်းသွားနိုင် ပါတယ်။
ကာချုပ်ကြီးခင်ဗျား။

ဒီနေ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ တိုင်းပြည်တွေအထဲမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပါပြီ။ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့အောက် မှာ ရှိနေပါတယ်။
နောက် ...
ဒီနေ့ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာ ပြည်တွင်းလက်နက် ကိုင်သောင်းကျန်းသူ ... အဲ ... ပြည်တွင်းစစ်မီးဆိုတာလည်း မြန်မာ တစ်နိုင်ငံမှာပဲ ရှိနေပါတယ်။
ဒီဆင်းရဲတဲ့ဘဝက လွတ်ဖို့ကတော့ လက်ရှိအစိုးရရဲ့ တာဝန်ပေါ့ ခင်ဗျား။
ပြည်တွင်းစစ်ရပ်စဲရေး တာဝန်ကိုတော့ ကာချုပ်ကြီး ပြီးအောင် ဆောင်ရွက်သွားပေးပါ။
အကယ်၍ ပြည်တွင်းစစ်တာဝန်ကို ပြီးအောင် မဆောင်ရွက်ပေး နိုင်လျှင်လည်း ရခိုင်ပြဿနာကိုတော့ ပြီးအောင် ဆောင်ရွက်သွားပေးပါ။
ဒီတာဝန်ကိုသာ ပြီးအောင် ဆောင်ရွက်သွားနိုင်ခဲ့လျှင် ကာချုပ်ကြီး တာဝန်က အနားယူတာဟာ ရိုးရိုးအနားယူတာ မဟုတ်တော့ပါဘူး။
တိုင်းပြည်ရဲ့ သူရဲကောင်း ... အဲ ... တပ်မတော်ရဲ့ အမြင့်ဆုံး သူရဲကောင်းတစ်ယောက် အနားယူသွားတာပါ။

လူ့ဘဝမှာ အနားယူတဲ့အချိန်မှာ သူရဲကောင်း ဖြစ်သွားတယ်ဆို တဲ့ဂုဏ်ထက် ပိုကြီးတဲ့ဂုဏ် ဘယ်ရှိတော့မှာလဲ ခင်ဗျား။

ဦးလှဝင်း (လေသူရဲတစ်ဦး)
၂၁ - ၁၁ -၂၀၂၀