News

POST TYPE

OPINION

အုပ်ကြီးဖြစ်ချင်တယ်
21-Nov-2020


ကိုဗစ် - ၁၉ ရောဂါနှင့်အတူ ထွက်ပေါ်လို့ လာသူ၊ သို့မဟုတ် ၂၀၂၀ ၏ ရေပန်းအစားဆုံး ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်၊ ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမ၊ ဖိုးဖိုး၊ ဖွားဖွားပါမကျန် ကြိုက်နှစ်သက်သူ။ နှစ်သက်သဘောကျသူကိုပြပါ ဆိုရင် သင်မည်သူဟုထင်ပါသနည်း။ ခန့်မှန်းကြည့်ပါ။ စေ့စေ့တွေးလေ၊ ရေးရေးပေါ်လာမည့်သူကား အုပ်ကြီးပင်ဖြစ်တော့သည်။

လောလောလတ်လတ် လေးသောင်းတန်ခိုးနှင့် (သောင်းညီအစ်မများမဟုတ်ပါ) အုပ်ကြီးကို နှစ်ဆတိုးချစ်ကြတော့သည်။ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ချစ်သည် ဆိုသော စကား ဒီတခါပဲမှန်ဘူးမည်ထင်သည်။ ယခုလက်တွေ့ ဖြစ်သည်။ ပြောမယုံကြုံဘူးမှ သိတော့သည်။ ဘဦး တစ်ယောက်အုပ်ကြီးဖြစ်ချင်တာလည်း အပြစ်မဆိုသာ ရပ်ကွက်ထဲကလူတိုင်းပါးစပ်ဖျားမှာ အုပ်ကြီးမှ အုပ်ကြီး ဖြစ်နေသည်။ တစ်ရက်တစ်လေ အုပ်ကြီးအကြောင်းမှမပြောဖြစ်ရင် စားမဝင်၊ အိပ်မပျော်သလို ဖြစ်ကုန်ကြသည်။

အုပ်ကြီးကြောင့် ရပ်ကွက်ထဲဖြစ်နေတာတွေလည်းကြည့်ဦး၊ ရပ်ကွက်သူ၊ ရပ်ကွက်သား အများစု ဟာ ကာလသားများ လူပျိုလှည့်သလို အုပ်ကြီး အိမ်ရှေ့ အကြောင်းမရှိအကြောင်းရှာ လျှောက်ပြန် သံပေးလုပ်၊ ခြေအေးဝမ်းယောင်၊ ထရံကွာသံစူး စသဖြင့်၊ စကားဥပမာများကုန်လောက်အောင်ဖြစ်လိုနေသည်။ အုပ်ကြီးကိုတွေ့သည်နှင့် အကြောင်းမရှိ အကြောင်း ရှာနှုတ်ဆက်ကြ၊ မိတ်ဖွဲ့ကြနှင့် အုပ်ကြီး အိမ်ရှေ့လူတွေ တရုန်းရုန်း၊ ညိုမြလုပ်သူကလုပ်နှင့် ပွဲစည်လိုနေသည်။

'အုပ်ကြီးထမင်းစားပြီးပြီလား'ကအစ

'အုပ်ကြီးတို့များ တစ်ရက်လောက်မတွေ့တာ နဲ့  အသားတွေဖြူပြီး ပိုချောလာတယ်'( အမှန် အုပ်ကြီးအသားအရောင်သည် ဖြူသည်ဟု ဘယ်လိုမှပြောမရသောအသားအရောင်ဖြစ်သည်) ထို့ကြောင့် ချောစရာလည်းဘယ်လိုမှ အကြောင်းမရှိ။ ဤသို့ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ မရှိသော ဖားယားမှု များလည်းပါသည်။

တချို့ကာဤသို့မဟုတ် တစ်မျိုးတစ်ဘာသာ။ လက်ကောက်တံထောင်လောက်ထိ ဝတ်ဆင်ထားသူ အဒေါ်ကြီးမျာက အုပ်ကြီးကို အတိတ်ဘဝက တော်စပ် ခဲ့ဘူးသော မိရင်း၊ ဖရင်းများသဖွယ်  အုပ်ကြီးကို တလေးတစားနှင့် ဆက်ဆံကြသည်။ တစ်ရပ်ကွက်လုံး လက်ပံပင်ဇရက်ကျသလို အုပ်ကြီး၊ အုပ်ကြီးနှင့် တစ်အုပ်ထဲအုပ်၊ တစ်ကြီးထဲကြီးကာ ကြွက်ကြွက်ညံနေတော့သည်။ ရပ်ကွက်ဆယ်လီအုပ်ကြီးဖြစ်လိုနေတော့ သည်။ လေးသောင်းအစွမ်းအံ့မခန်း လိုဆိုရပေတော့ မည်။
သို့သော်အုပ်ကြီးနှင့် တစ်သက်လုံး ပလဲနံပ မသင့်ခဲ့သူများကမူ အချိန်အခါကောင်းကြုံပြီဟူသော အသိဖြင့် မရမရှိ မသိလိုက်သူများနှင့်ပေါင်းပြီး အုပ်ကြီး ကိုဆော်ကြတော့သည်။ တစ်ခါပေးတိုင်း တစ်ခါဆော် နေကြခြင်းဖြစ်သည်။ ယခုကား လေးကြိမ်မြောက် ဆော်ပွဲဖြစ်သည်။ လေးသောင်းကိစ္စနှင့် ပတ်သက် ပြီးဆော်သည်က ယခင်ထက်ပိုဆော်သည်ဟု ပြောရ မည်။ အခုဆော်ပွဲတွင် ဆိုင်းဘုတ်ကိုင်၊ ကြွေးကြော် သံများကြွေးကြော်ပြီး ရပ်ကွက်အတွင်းလှည့်လည်ပြီး ဆန္ဒဖေါ်ထုတ်ပွဲများ ဝှဲချီးကျင်းပကြတော့သည်။ 

'အုပ်ကြီး ... အုပ်ကြီး အလိုမရှိ'
'ငါတို့ လေးသောင်းပြန်ပေး'

'အဂတိတရား လိုက်စားသူ တို့ရန်သူ' စသဖြင့် ဖော်ထုတ်သူဖော်ထုတ်၊ ထုတ်ဖော်သူထုတ်ဖော်နှင့် ဘယ်ဟာကအမှန်အသုံးအနှုန်းလည်းမသိ ဆော်ကြ လေသည်။

အုပ်ကြီးတို့အဖွဲ့ ရပ်ကွက် ခု၊ ဆယ်၊ ရာ၊ ထောင်၊ အိမ်မှုးများကလည်း လော် (လော်စပီကာ) များသုံး၍ ရပ်ကွက်အနှံ့ လေးသောင်းကို မရမရှိလိုက်သူ သဗ္ဗေသတ္တာဝေနေယျ အပေါင်းအား ရပ်ကွက်ရုံးသို့ ညှိုးငယ်သောမျက်နှာနှင့် လာရောက်စာရင်းပေးရန် (အမှန်ကတိုင်ကြားနိုင်သည်ဟူသော ကြေညာချက် ကြောင့်ဖြစ်သည်) လိုက်လံလော်ကြတော့သည်။ ဆန္ဒဖော်ထုတ်သံများ၊ လော်သံများကြောင့် ရပ်ကွက် သူ၊ ရပ်ကွက်သားများကြားက အူကုန်ကြတော့သည် (နားများ)။ 
ထို့ကြောင့်ထုံးစံအတိုင်းဘဦးတို့ အဆိုပါ မြင်ကွင်းများကိုကြည့်ပြီး မရှု့စိမ့်နိုင်၊ မခံစားနိုင်ဖြစ် ပြီးတစ်စခန်းထလာသည်က အုပ်ကြီးရောဂါဖြစ်သည်။ အုပ်ကြီးဖြစ်ချင်တယ်ဟူ၍ဖြစ်သည်။ အနှီးအုပ်ကြီးကို ကြည့်ပြီ ဘဦးတို့ဂျေတွေဝင်တော့သည်။ အုပ်ကြီး အခက်၊ ဘဦး အချက်ဟူသော မဟာဗျုဟာချမှတ်ပြီး သကာလ၊ အုပ်ကြီးဖြုတ်ချရေး တို့အရေးမှာ ပါဝင်ပြီး ကြောင်တာင်ဝင်၍နှိုက်တော့သည်။ 

အမှန်ဘဦးသည် ဖွတ်ကလီဒင်္ဂါး လေးသောင်းရရှိပြီး ယုံတင်မက ဝမ်း၊ တူး၊ သရီးအကြွေးများဆပ်၍ကုန်သလောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အုပ်ကြီး ဖြစ်ချင်သောရောဂါကို၊ အုပ်ကြီးအပြုတ် တိုက်ရေးမူ နှင့် ဝင်၍လှော်သည်က 'ဒုတိယအကြိမ် ဖွတ်ကလီဒင်္ဂါး လေးသောင်း ရရှိရေး တို့အရေး' ဟူ၏။ 

အဒမ်ဘဦး