News

POST TYPE

OPINION

အုတ်မြစ်ကိစ္စ (Daily Vol-4/No-97)
02-Aug-2016
နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အဓိက အစိတ်အပိုင်းကြီးနှစ်ခု ပါဝင်ပြီး ၎င်းတို့မှာ Super Structure ခေါ် အပေါ်ထပ်အဆောက်အအုံနှင့် Foundation ခေါ် အုတ်မြစ်အပိုင်း ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှု အားလုံးသည် မြင်သာထင်သာ ရှိသည့် Super Structure ခေါ် အပေါ်ထပ် အဆောက်အအုံ ကိစ္စကို ပြောဆိုဆွေးနွေးနေကြခြင်း ဖြစ်ပြီး မြင်သာထင်သာ မဟုတ်သည့် Foundation ခေါ် အုတ်မြစ်များနှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကမျှ အလေးထားသည်ကို ထင်ရှားစွာ မတွေ့ရပေ။

အဆောက်အအုံ တည်ဆောက်ရေး သဘောတရားနှင့် ပြောရလျှင်ပင် Foundation ခေါ် အုတ်မြစ်မကောင်းဘဲ မည်သည့်ထုထည်ရှိ အဆောက်အအုံကိုမျှ တည်ဆောက်ရန် မဖြစ်နိုင်ပါ။
နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ အုတ်မြစ်များအကြောင်း ပြောရလျှင် နိုင်ငံသားတို့၏ ပညာရေး၊ နိုင်ငံသားတို့၏ အသိဉာဏ်၊ နိုင်ငံသားတို့၏ လူမှုတာဝန်ကျေမှု (Social Responsibility)၊ နိုင်ငံသားတို့၏ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းများမှသည် သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိသော လူ့ဘောင် (Civil Society) အဆုံး ပါဝင်သည်ကို တွေ့ရမည် ဖြစ်ပါသည်။

နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပေးအပ်နေသော အကူအညီများ ဆိုသည်မှာလည်း အရေးပေါ်ကိစ္စသဖွယ် ဖြစ်သည့် ရောဂါကြီးသုံးမျိုး၊ စာတတ်မြောက်ရေး၊ မူလတန်းပညာရေး ပြီးမြောက်ရေး စသည်များသာဖြစ်ရာ နိုင်ငံသစ် တည်ဆောက်ရေးနှင့် လားလားမျှ မသက်ဆိုင်သော အကူအညီများ ဖြစ်နေပါသည်။

ပြောလိုသည်မှာ အပေါ်ထပ် အဆောက်အအုံနှင့် ပတ်သက်သော ဝိဝါဒ ကိစ္စရပ်များကိုသာ အာရုံစိုက်မနေပဲ Foundation ခေါ် အုတ်မြစ်ကိစ္စကိုပါ အာရုံစိုက်ကြပါမည့်အကြောင်းပင် ဖြစ်ပါသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမှန်တကယ် စေတနာထားရိုးမှန်လျှင် အဆိုပါ အုတ်မြစ်ကိစ္စများကို အာရုံစိုက်ကြရန် ဖြစ်ပါသည်။ အုတ်မြစ်များ ခိုင်ခံ့သည်နှင့်အမျှ ထိုက်တန်သော အပေါ်ထပ် အဆောက်အအုံသည် အလိုအလျောက် ဖြစ်ပေါ်လာမည် ဆိုသော အချက်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

အယ်ဒီတာ (၁၉-၁၀-၂၀၀၆)

(၂၀၀၆ ခုနှစ် အောက်တိုဘာလထုတ် Living Color မဂ္ဂဇင်းတွင် ‘အောင်ထွဋ်’ ခေါ် ဒေါက်တာနေဝင်းမောင် ရေးသားခဲ့သည့် အယ်ဒီတာ့အာဘော်ကို ယနေ့အခြေအနေနှင့် ကိုက်ညီလျက် ရှိနေသောကြောင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)