News

POST TYPE

OPINION

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ မပြီးဆုံးသေးသော မြစ်ဆုံပန်းချီကား
01-Aug-2016

“စီးပွားရေး မူဝါဒကို အခြေခံတဲ့ အခြေခံ အုတ်မြစ်များထဲမှာ အရေးအကြီးဆုံး တစ်ခုက အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်တယ်”ဆိုတဲ့ အချက် တစ်ချက်ကို NLD အစိုးရက စီးပွားရေး မူဝါဒများနဲ့ ပက်သက်လို့ ၂ဝဝ၆ ဇူလိုင် ၂၉ ရက်နေ့တွင် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)က ရှင်းလင်း ပြောကြားရာမှာ ထည့်သွင်း ပြောကြား သွားတာကို အစိုးရက မီဒီယာများရဲ့ သတင်းအရ သိရှိရပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒမှာ (က) မျှော်မှန်းချက်၊ (ခ) ရည်မှန်းချက်နဲ့၊ (ဂ) စီးပွားရေး မူဝါဒများ ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲခြား ဖော်ပြတာ တွေ့ရပါတယ်။ ရည်မှန်းချက် အပိုင်းမှာကျတော့ အချက် ၄ ချက်၊ စီးပွားရေး မူဝါဒများ အပိုင်းမှာက အချက် ၁၂ ချက် ရှိတာ တွေ့ရပါတယ်။ စီးပွားရေး မူဝါဒများ အပိုင်းမှာပါရှိတဲ့ အချက် ၁၂ ချက်ထဲက အမှတ်စဉ် (၄) အဆင့်မှာ ဖော်ပြထားတဲ့ -

“လျှပ်စစ်စွမ်းအား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့်အခြေခံ အဆောက်အဦများ လျင်မြန်စွာ တိုးတက်စေရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် DataID Card System၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်”ဆိုတဲ့ အချက်ကို ဖတ်မိလိုက်တော့မှ ဖိုးသောကြာတို့ မြန်မာ့ရိုးရာ စကားပုံတွေရဲ့ အဆုံးအမ စကားတွေဖြစ်တဲ့ “ဆုတ်စူး၊ စားရူး”၊ “ရှေ့တိုးတံပိုး၊ နောက်ဆုတ် လှည်းတုတ်” ဆိုသလို တန်းလန်းကြီးရှိနေတဲ့ “မြစ်ဆုံရေကာတာ စီမံကိန်း”ကို အမှတ်ရလိုက်ပါတယ်၊

မပြီးသေးတဲ့ပန်းချီကား

မြစ်ဆုံစီမံကိန်းကို ၂ဝ၁ဝ သမ္မတကြီး ဦးသိန်းစိန် အစိုးရက နယက - အစိုးရရဲ့ “ဗြဟ္မာဦးခေါင်းအမွေ”အဖြစ် ဆက်ခံခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ၅ နှစ်သက်တမ်းအတွင်း ဗြဟ္မာဦးခေါင်း မြစ်ဆုံစီမံကိန်းကို မတို့မထိဝံ့ဘဲ “ဆိုင်းငံ့”အဆင့်နဲ့ ချန်ထားခဲ့ပါတယ်။ သတင်းထောက် ဖိုးသောကြာက သမ္မတကြီး (ဦးသိန်းစိန်)နဲ့ ၂ဝ၁၅ - နိုဝင်ဘာ ၁၇ ရက်နေ့က အခွင့်ကြုံလို့ တွေ့ရှိခိုက်မှာ မပြီးဆုံးသေးတဲ့ မြစ်ဆုံပန်းချီကားအကြောင်းကို မေးကြည့်မိပါတယ်။ သမ္မတကြီးက မြန်မာတိုင်းရင်းသား ပြည်သူလူထုကြီး အထူးသဖြင့် မြစ်ဆုံဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောအတိုင်းသာ ဆောင်ရွက်သင့်တယ်။ “ကျွန်တော်တို့ အစိုးရ လက်ထက်မှာတော့ မပြီးဆုံးခဲ့ဘူးပေါ့”လို့ ပြောပြခဲ့တာ မှတ်မိနေပါတယ်။

လျှပ်စစ်စွမ်းအား

“အဲဒီ မပြီးဆုံးသေးတဲ့ မြစ်ဆုံပန်းချီကား”ကြီးကို NLD အစိုးရက ပြီးဆုံးအောင် ရေးဆွဲ ပေးနိုင်ပါ့မလား။ အဲသလို အတွေး ဝင်မိပါတယ်။ NLD အစိုးရရဲ့ စီးပွားရေး မူဝါဒမှာ အချက် ၄ အချက်ဟာ အခြေခံအကျဆုံး အချက် တစ်ချက်ဖြစ်သလို အလိုအပ်ဆုံးက လျှပ်စစ်စွမ်းအား ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်စွမ်းအား အခြေအနေကတော့ တိုင်းရင်းသား ပြည်သူလူထု အားလုံး သိကြရိပ်မိ နေကြတဲ့အတိုင်းပါပဲ။ (ဇူလိုင် ၂၉ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် - ဒုတိယနေ့ အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးရဲ့ လျှပ်စစ်မေးခွန်းကို ပြန်ဖြေကြားသွားတဲ့ အဖြေက သာဓကပါပဲ)။ သက်ကြားအို သတင်းထောက် အနေနဲ့ ကောက်ချက်ဆွဲရရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ စီးပွားရေးမူဝါဒဟာ ပဓာန အကျဆုံး ဖြစ်သလို စီးပွားရေး မူဝါဒ အောင်မြင်ဖို့မှာ အဓိက အကျဆုံးဟာ လျှပ်စစ်စွမ်းအား ဖြစ်တယ်လို့ ကောက်ချက် ဆွဲချင်ပါတယ်။

လျှပ်စစ်သမိုင်း

သမိုင်း ရှိပါတယ်။ နိုင်ငံတော်ကြီး လွတ်လပ်ရေးရခါစ ၁၉၄၈-၅၅ နှစ်များမှာ လျှပ်စစ်စီမံကိန်းကို ဦးစားပေး ရေးဆွဲခဲ့လို့ ဂျပန်စစ်လျော်ကြေးမှာ “လောပိတ ရေအားလျှပ်စစ် စီမံကိန်း”ဟာ ဦးစားပေး အဆင့်မှာ ပါလာခဲ့ပါတယ်။ မြန်မာ့လူဦးရေက အဲဒီအချိန်မှာ ၁၄ သန်းကျော် ရှိတာမို့ လျှပ်စစ်စွမ်းအားကို ခွဲသုံးကြဖို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Electric Supply Board) အတိုကောက် အီးအက်စ်ဘီ (ESB) ဖွဲ့ပြီး “မားကက်တင်း” လုပ်ယူပါတယ်။ ဂျပန်စစ်လျော်ကြေးနဲ့ လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းတွေ မှာယူပြီး အကြွေး (အရစ်ကျစနစ်) နဲ့ ရောင်းပေးရတယ်။ ဝယ်တဲ့သူတွေထဲမှာ သတင်းထောက်ပေါက်စ ဖိုးသောကြာလည်း ပါခဲ့ပါတယ်။ “လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့”လို့ ကြွေးကြော်သံတွေ ပေးခဲ့ကြပါတယ်။ မြို့ရွာတွေ လျှပ်စစ်မီးတွေ နေ့ချင်းပြီး တပ်ဆင် ပေးခဲ့ကြပါတယ်။ အချိန်တိုအတွင်း ဆောင်ရွက်ကြလို့ နေ့ချင်းတော့ ပြီးပါတယ်။ ညမှာပဲ မီးတွေ ပျက်ကြပါတယ်။ ဖိုးသောကြာတို့ သတင်းထောက်တွေက သရော်ကြတယ်။ “နေ့ချင်းပြီး၊ ညချင်းငြိမ်း”(ESB) လို့၊ အဲဒီအချိန်က ESB ဥက္ကဋ္ဌက ဦးထွန်းတင် (မုန်တိုင်း ဦးထွန်းတင်) ဖြစ်ပါတယ်။ ဖိုးသောကြာတို့ သတင်း မီဒီယာတွေနဲ့ ဆက်ဆံရေးမှာ အလွန် ကောင်းပါတယ်။ အဲဒီအချိန်က ပါလီမန် ဒီမိုကရေစီပါ။

လျှပ်စစ်ကပ်ဆိုက်

ကမ္ဘာရွာကြီးနဲ့ အိုင်တီခေတ်(၁၉၈၉)မှာ မြန်မာနိုင်ငံကို အစိုးရအဖြစ် အုပ်ချုပ်တဲ့အဖွဲ့က “န၊ယ၊က” (တပ်မတော် နောက်ခံအစိုးရ) ဖြစ်ပါတယ်။ “လျှပ်စစ်စွမ်းအား” လိုအပ်ချက်ရဲ့ အရေးပါမှုကြောင့် “လျှပ်စစ် အန္တရာယ်ဒုဗ္ဘိက္ခရ” ကပ်ကြီး ဆိုက်ရောက်ပါတော့တယ်။ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းဖို့ ကြိုးပမ်းခဲ့တာလည်း အသိအမှတ် ပြုရမှာပါ။ သို့သော် လည်းပေါ့လေ --- အဲ --- ပေါ့လေ။ “မြစ်ဆုံစီမံကိန်း”ကျတော့ တိုင်းရင်းသား ပြည်သူလူထုရဲ့ မကျေလည်မှုတွေက “အုံကြွ” လာတာပါပဲ။ မြန်မာတို့ရဲ့ “ရေအသက် တစ်မနက်” မိခင်မြစ်ကြီး “ဧရာဝတီ” မွေးဖွားရာ “မေခ - မလိခ” မြန်မာတို့နယ်မြေကို တရုတ်လက်သို့ ဝကွက်အပ်လိုက်သလို ဖြစ်သွားခဲ့လို့ပါပဲ။ သယံဇာတ ပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ တရုတ်တို့က လုပ်ချင်သလို လုပ်ခွင့်ရသွားသလို ဖြစ်သွားတာကို ဒေသခံတွေ ကိုယ်တိုင် ခံစား၊ ခံပြင်းလာရာက စခဲ့တယ်လို့ ဆိုရမှာပဲ။

ပေါက်ကွဲလာ

“မြစ်ဆုံ”ကို အကြောင်းပြပြီး တရုတ်တွေ ဝင်ချင်တိုင်း ဝင်လာကြ၊ သယ်ချင်တာတွေ သယ်သွားကြ၊ နံနက် ၅ နာရီက ညနေ ၆ နာရီအထိ သံချပ်ကာကား အရွယ်အစား လော်ရီကားကြီးတွေ နေ့စဉ် အစီး ၅ဝဝ လောက် ဝင်လာကြ၊ သယံဇာတတွေ သယ်သွားကြ၊ ကျွန်းပင်တွေ - ကျွန်းလုံးတွေအောက်မှာ မြန်မာ့ ဓာတ်သတ္တု သယံဇာတတွေ (ယူရေနီယမ်တွေလည်း ပါသယောင်ယောင်) သိုဝှက်ယူသွားကြ၊ တားမယ့်၊ ဆီးမယ့် ဒေသခံ လက်နက်ကိုင် အဖွဲ့တွေ၊ အစိုးရ အဖွဲ့အစည်းတွေ မရှိ၊ နှစ်ကာလချီ ကြာလာတော့ လွန်တာပေါ့။ ဒေသခံ ခေါင်းဆောင်တွေက သတင်း ထုတ်ဖော်ကြပေမယ့် သတင်း လွတ်လပ်ခွင့်က မရှိလို့ ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ကြ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ပေါက်ကွဲ ထွက်သွားတာ သမိုင်းအမှန်ပါ။

တရုတ်လက်မလျှော့

မိခင် ဧရာဝတီမြစ်ကြောင်းကို အကောင်းဆုံး စီးဆင်းနိုင်အောင် မြစ်ကြောင်း အတတ်ပညာမှာ ကမ္ဘာကျော်တဲ့ ဘယ်လ်ဂျီယန်နိုင်ငံကို သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ ခေါ်ယူ လေ့လာခိုင်းတယ်။ ဘယ်လ်ဂျီယန်က ဧရာဝတီမြစ်ကြောင်းကို ၉ နေရာမှာ ပဏာမအဆင့် ပြုပြင်ဖို့ စီမံကိန်း တင်ပြခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါသေးတယ်။ နောက် ဘာကြောင့်မှန်း မသိ (တရုတ်လက်ရာ ပါ - မပါ မသိ) သတင်းအစ ပျောက်သွားပါတယ်။ ဒါပေမဲ့ တရုတ်က လက်မလျှော့ပါဘူး။ မြစ်ဆုံကို ကျားကုတ်ကျားခဲပါပဲ။ မြစ်ဆုံ စီမံကိန်း လုပ်ငန်းကို ဆက်မလုပ်ပေမယ့် တရုတ်ပြည်ထဲက သံချပ်ကာ ကားကြီးတွေ အရွယ်အစား၊ လော်ရီကားကြီးတွေဟာ နေ့စဉ် အစီး ၅ဝဝ ကျော်လောက်ကတော့ မြန်မာတို့ နယ်မြေထဲမှာ ဆက်ပြီး တရုတ် အလိုတော်ရှိ တိုင်းရင်းသား အဖွဲ့တွေနဲ့ပေါင်းပြီး ထင်တိုင်းကြဲ နေကြတာပါပဲ။ ဒေသခံ ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ အော်ဟစ်သံတွေလည်း ပွက်ပွက်ညံပါပဲ။ တပ်မတော်(လေ)တပ်ဟာ အဲဒီဒေသဘက်ကို ကင်းထောက် ပျံသန်းရင်း သံချပ်ကာ ကားကြီးအရွယ် လော်ရီကားကြီး အစီး ၅ဝဝ ကျော်လောက်ကို တွေ့လိုက်လို့ အင်အားနဲ့တောင် တားဆီးခဲ့ရတဲ့ သတင်းတွေတောင် သတင်း မီဒီယာ စာမျက်နှာတွေပေါ် တက်လာခဲ့ဖူးပါတယ်။ အဲဒီကိစ္စတွေအပေါ် KIO/KIA ရဲ့ အမြင်တွေ သုံးသပ်ချက် သဘောတွေကို သိချင်ကြားချင်လို့ KIA ဗိုလ်ချုပ် ဂွမ်မော်နဲ့ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ကြစဉ်ကမေးဖို့ ကြံရွယ်ခဲ့ပါတယ်။ “အခွင့်” မသာခဲ့ပါဘူး။ အင်တာဗျူး တောင်းပါတယ်။ ကချင်ပြည်နယ်ကို လာတွေ့ပါမယ်ဆိုလည်း “အဖြေ” မရခဲ့ပါဘူး။ အလျဉ်းသင့်တုန်း “မိုင်ဂျာယန်”ရောက် သတင်းထောက်များ မေးကြည့်ပေးပါလားလို့ တောင်းဆိုပါရစေ။

အရေးပါလာပြီ

ပြောင်းလဲချိန်တန်လို့ ပြောင်းလဲဖို့ NLD ကို တိုင်းရင်းသား ပြည်သူလူထုက ၂ဝ၁၅ မှာ တာဝန် ပေးလိုက်ပါပြီ။ NLD အစိုးရသက်တမ်း ရက်ပေါင်း ၁၂ဝ ပြည့်တဲ့နေ့ (၂၉.၇.၂ဝ၁၆)မှာ စီးပွားရေး မူဝါဒ ထွက်လာပါပြီ။ “လျှပ်စစ်စွမ်းအား” အရေးပါလာတာကိုလည်း ဖော်ပြထားပါပြီ။ “မြစ်ဆုံလျှပ်စစ် စီမံကိန်း”ဟာ “မစားရ ဝခမန်း” ကြီးပါ။ (ဖိုးသောကြာက ရွှေနိုင်ငံသစ် သတင်းစာနဲ့  ဖေးဘရိတ် သတင်းဂျာနယ်တို့မှာ ရေးခဲ့ပြီး ဖြစ်ပါတယ်)။ ဒါပေမဲ့ နိုင်ငံအတွက် အမြတ်ထွက်ရမယ့်အစား ပုဂ္ဂိုလ်ရေး အမြတ်ထွက်ဖို့၊ နိုင်ငံရေးနဲ့ အမြတ် ထုတ်ခဲ့ကြတာတွေလည်း ပါမယ်လို့ ထင်မြင်ကြတာကြောင့် တိုင်းရင်းသား ပြည်သူလူထုက မခံမရပ် ဖြစ်လာကြပါတယ်လို့ ထင်ပါတယ်။ ဒီလိုကိစ္စ ပြဿနာမျိုးတွေက “ကြေးနီတောင်” စီမံကိန်းမှာ သင်ခန်းစာတွေ ပေးခဲ့ကြလို့ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်

တရုတ်တို့ ကိုင်တွယ်နေတဲ့ “မြစ်ဆုံစီမံကိန်း”ဟာ တရုတ်တို့ ရင်ဆိုင်နေရတဲ့ “တောင်တရုတ်ပင်လယ် အရေးကိစ္စ” နဲ့ နှိုင်းယှဉ် ကိုယ်ချင်းစာပြီး NLD အစိုးရနဲ့ ဆွေးနွေး အဖြေရှာပေးဖို့ တရုတ်တို့ကို တောင်းဆိုလို ပါတယ်။ NLD အစိုးရကလည်း မပြီးဆုံးသေးတဲ့ မြစ်ဆုံပန်းချီကားကို အစိုးရ သက်တမ်း ၅ နှစ်အတွင်း အပြီး ရေးဆွဲပေးဖို့ တောင်းဆိုလိုပါတယ်။ တရုတ်တို့အတွက် “ထမင်းနင်” သလို ခံစားနေရတဲ့ “တောင်တရုတ် ပင်လယ်အရေး”ကိစ္စဟာ မြန်မာ အပါအဝင် ဒေသတွင်း အရေးကိစ္စ ဖြစ်တာကြောင့် တရုတ်တို့က မြန်မာနိုင်ငံအပေါ် မည်သို့သော သဘောထားမျိုး ရှိစေကာမူ မြန်မာတို့က “အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်စိတ်”ကို ဘယ်သောအခါမှ မသွေဖီကြောင်း အခြားသော မိတ်ဖက် နိုင်ငံကြီးများကိုလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် အသေအချာ နားလည် ယုံကြည်စေရန် လက်တွေ့ကျင့်သုံးပြပြီး မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ကြရင်း မြန်မာ့ စီးပွားရေး ဘဝကြီး ပြန်လည် ထူထောင်ကြဖို့ တိုင်းရင်းသား ပြည်သူလူထု အားလုံးကလည်း ကြိုးပမ်း ပြောင်းလဲကြရမှာပါ။

ဖိုးသောကြာ (ခေတ်+မိုး)



  • VIA