News

POST TYPE

OPINION

အဝတ်အစားတွေ ဆံပင်တွေမှာ ဗိုင်းရပ်စ်တွေ ကပ်တွယ်နေနိုင်သလား၊ အိမ်ပြန်ရောက်တိုင်း အဝတ်လဲ ရေချိုးဖို့ လိုသလား
03-May-2020


ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူအများ သိရှိစေရန် သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေ၊ အစိုးရတွေက ဆောင်ရန်။ရှောင်ရန် အရေးကြီးကိစ္စများကို သတိပေးထုတ်ပြန်ထားတယ်ဆိုပေမယ့်လည်း စိုးရိမ်ပူပန်နေတဲ့ ပြည်သူအများစုအနေနဲ့ မရှင်းမလင်းဖြစ်နေတဲ့ ကိစ္စတွေဆိုတာ ရှိနေတုန်းပါပဲ။ အပြင်က ပြန်လာရင် လက်ကို စက္ကန့် ၂၀ လောက်ကြာအောင် လက်ဆေးကြောရုံနဲ့ ကိစ္စပြီးသလား ဆိုတာဟာ အားလုံး စိတ်ဝင်စားတဲ့ကိစ္စပါ။ 

ဖိနပ်တွေ၊ အင်္ကျီတွေ၊ ပုဆိုးတွေ၊ ထဘီတွေ၊ ဘောင်းဘီ၊ စကတ်၊ ဂါဝန်စတဲ့ အဝတ်အထည်တွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကပ်နေနိုင်သလား။ ဆံပင်မှာရော ကိုဗစ်ဗိုင်းရပ်စ်ကပ်နေနိုင်သလား၊ သတင်းစာဂျာနယ် စတဲ့ စက္ကူတွေမှာရော ကပ်နေနိုင်သလားဆိုတာဟာ အားလုံးသိချင်တဲ့ ကိစ္စတွေဆိုရင် မမှားပါဘူး။ Stay Home ကာလ၊ Lockdown ကာလတွေမှာ အကြောင်းမရှိ အကြောင်းရှာ အပြင်ထွက်တဲ့သူမရှိ သလောက်ဆိုပေမယ့် ရပ်ကွက်ထဲက စတိုးဆိုင်တို့၊ မီနီမတ်တို့၊ ဈေးတို့၊ ဆေးဆိုင်တို့ စတဲ့နေရာတွေကို မဖြစ်မနေသွားကြရတာမျိုးတော့ အိမ်တိုင်းမှာ ရှိကြပါတယ်။ 

အဲလိုအပြင်ထွက်ပြီး အိမ်ထဲပြန်ဝင်လာတဲ့အခါမှာ ဝတ်ထားတဲ့ အင်္ကျီတွေကို အကုန်ချွတ်၊ ရေချိုး၊ ခေါင်းလျှော်လုပ်မှ ဗိုင်းရပ်စ်တွေ အိမ်ထဲမဝင်နိုင်ဘူးလို့ ယုံကြည်နေကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ ခုလိုရာသီဥတု ပူပြင်းနေတဲ့အချိန်မျိုးမှာ အဲဒီလိုသာ အပြင်ထွက်တိုင်း ရေချိုးရမယ်ဆိုရင် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဒုက္ခမရောက်ဘဲ အပူရှပ်လို့ ဒုက္ခရောက်သွားနိုင်တာတော့ အသေအချာပါပဲ။ 

အဲဒါကြောင့် အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ရောဂါဗေဒဆိုင်ရာကျွမ်းကျင်သူတွေနဲ့ သိပ္ပံပညာရှင်တွေရဲ့ ဖြေရှင်းပြောကြားချက် တချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ 

မေး ရပ်ကွက်ထဲတို့၊ စတိုးဆိုင်တို့၊ ဆေးဆိုင်တို့ စတဲ့နေရာ တွေက ပြန်လာပြီးတိုင်း အဝတ်အစားလဲပြီး ရေချိုးဖို့ လိုပါသလား။ 
ဖြေ Social Distancing ကိစ္စကို ဂရုတစိုက်လုပ်နေတဲ့ သူတွေ၊ လူစုလူဝေးတွေကို ဂရုတစိုက်ရှောင်ရှားနေကြတဲ့သူတွေအဖို့ ခုလို ကုန်စုံဆိုင်တို့၊ ဆေးဆိုင်တို့ စတဲ့ နေရာတွေက ပြန်လာတိုင်း ရေချိုးနေစရာမလိုသလို အဝတ် လဲနေစရာလည်း မလိုပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးက လက်ကိုတော့ အမြဲတမ်း မဖြစ်မနေ ဆေးပေးရမှာပါ။ ရောဂါကူးစက်ခံထားရသူတစ်ဦးက နှာချေ ချောင်းဆိုး လိုက်တဲ့အခါမှာ ဗိုင်းရပ်စ်အမှုန်အမွှားတွေ၊ သေးငယ်တဲ့ အမှုန်တွေ လေထဲကို ပျံ့နှံ့သွားတယ်ဆိုပေမယ့် အားလုံး နီးပါး မြေကြီး(ကြမ်းပြင်)ပေါ်ကိုပဲ ကျကြရတာပါ။ လေ့လာ ချက်တွေအရတော့ သေးငယ်လွန်းတဲ့ဗိုင်းရပ်စ် အမှုန်အမွှား တချို့သာ လေထဲမှာ နာရီဝက်လောက် လွင့်နေနိုင်တယ် ဆိုပေမယ့်လည်း တခြားပိုးမွှားတွေလို အစုလိုက်အပြုံလိုက် စုဖွဲ့မနေနိုင်ပါဘူး။ လူတွေ ဝတ်ဆင်ထားတဲ့ အင်္ကျီ၊ ပုဆိုး စတဲ့အဝတ်အထည်တွေနဲ့ ဝင်တိုးနိုင်တဲ့အနေအထားလည်း မရှိပါဘူး။ ဗိုင်းရပ်စ်အမှုန်လေးတစ်ခုဟာ လေထဲမှာ ခဏ လေးသာလွင့်နိုင်ပြီး အဝတ်အစားတွေပေါ်မှာ စွဲကပ်နေ နိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ လေခွင်းအား (အေရိုဒိုင်းနမစ်)ကြောင့်ပါပဲ။ 

မေး ။ ဘာ့ကြောင့် အဲဒီလို ဗိုင်းရပ်စ်အမှုန်အမွှားလေးတွေဟာ အဝတ်အစားတွေပေါ်မှာ ကပ်တွယ် မနေနိုင်တာလဲ။ 
ဖြေ ။ နားလည်အောင်ရှင်းပြရမယ်ဆိုရင် အဲဒီဗိုင်းရပ်စ်အမှုန် အမွှားလေးတွေက Streamline ဒါမှမဟုတ် လူတစ်ဦးရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ လေစီးကြောင်းအတိုင်း လိုက်ပါ သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့လှုပ်ရှားမှုက အခြားဟာတွေနဲ့ယှဉ်ရင် နှေးကွေးလို့ပါပဲ။ ဘာနဲ့တူ သလဲ(ဥပမာပြောရရင်) အရှိန်နှေးနှေးနဲ့မောင်းနေတဲ့ကား တစ်စီးနားက လေစီးကြောင်းထဲမှာ လိုက်နေတဲ့ အင်းဆက် ပိုးကောင်းလေးတွေ၊ ဖုန်မှုန့်တွေလိုပါပဲ။ ဒါပေမဲ့ တကယ်လို့ ကားက အရှိန်တင်မောင်းလိုက်မယ်ဆိုရင် ရှေ့လေကာ မှန်ကြီးကို ပိုးကောင်တွေဝင်တိုက်မယ့် သဘောမျိုးပေါ့။ လူတွေကျတော့ အဲဒီလို မြန်နှုန်းမျိုးနဲ့ လှုပ်ရှားသွားလာ လေ့မရှိဘူး။ လူတွေလှုပ်ရှားရင် သွားမယ့်လမ်းကလေကို ဖယ်ထုတ်သလိုဖြစ်သွားတယ်၊ အဲဒီတော့ ဗိုင်းရပ်စ် အမှုန်အမွှားလေးတွေကို တွန်းထုတ်ပစ်လိုက်သလိုဖြစ်သွားတယ်။ လူတစ်ယောက်က စကားတွေပြော၊ ချောင်းဆိုး၊ နှာချေခြင်းအားဖြင့် ဗိုင်းရပ်စ်အမှုန်အမွှားလေးတွေ အများ ကြီး ထုတ်လွှတ်လိုက်လို့ အဲဒီအကောင်တွေ အဝတ်အစား တွေပေါ်ကို ကျတယ်ပဲထားဦး၊ အဲဒီဗိုင်းရပ်စ်အမှုန်အမွှား တွေအနေနဲ့ အင်မတန်ကြီးမားတဲ့ အရွယ်အစားတွေရှိမှပဲ လေစီးကြောင်းထဲ ပါမသွားဘဲ အဝတ်အစားတွေပေါ်မှာ ကုပ်တွယ်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဈေးဝယ် နေချိန်မှာ တစ်စုံတစ်ယောက်က ဘေးနားကနေ သင့်ခန္ဓာ ကိုယ်ပေါ် နှာချေချလိုက်တာမျိုးတို့ဖြစ်လာရင် သင့်အနေနဲ့ အိမ်အမြန်ပြန်ပြီး အဝတ်အစားလဲပစ်တာတို့ ရေချိုးတာတို့ လုပ်ကောင်းလုပ်မှာပေါ့။ စိတ်မသတီဖြစ်မှာကိုး။ ဒါပေမဲ့ အဲဒီလိုကိစ္စမျိုးကလွဲပြီး အခြားပုံမှန်သွားလာနေချိန်မှာ သင့်ရဲ့ခန္ဓာကိုယ်က လေကို တွန်းထုတ်နေမှာပါ၊ အဲဒါကြောင့် ဗိုင်းရပ်စ်အမှုန်အမွှားလေးတွေက သင့်အင်္ကျီကနေ လွင့်ထွက်သွားမှာ အသေအချာပါပဲ။ ဒါဟာ အင်မတန်ရိုးရှင်းတဲ့ ရူပဗေဒ သဘောတရားပဲလေ။ 

မေး ဗိုင်းရပ်စ်က ဆံပင်တို့၊ မုတ်ဆိတ်တို့မှာရော စွဲကပ်နေနိုင်ပါလား။
ဖြေ အပေါ်မှာရှင်းပြခဲ့သလိုပါပဲ။ တကယ်လို့ Social Distancing ကို ဂရုတစိုက် လုပ်နေတယ်ဆိုရင် ဆံပင်တို့ မုတ်ဆိတ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်မလားဆိုတာအတွက် စိတ်သောက ရောက်နေစရာ မလိုပါဘူး။ အင်မတန်ပူအိုက်တဲ့ရာသီမှာ အပြင်ထွက်ပြီး အိမ်ပြန်ရောက်တာနဲ့ ခေါင်းလျှော်မယ်ဆိုရင် အခန့်မသင့်လျှင် အပူရှပ်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့အနောက်ဘက်ကနေ ဗိုင်းရပ်စ် ရှိသူတစ်ယောက်က နှာချေလိုက်ပြီး သင့်ဆံပင်ပေါ် ဗိုင်းရပ်စ် အမှုန်အမွှားလေးတွေ ရောက်လာတယ်ဆိုရင်တောင် အဲဒါတွေဟာ ရောဂါကူးစက်နိုင်လောက်တဲ့အဆင့်ရှိတဲ့ ရင်းမြစ်တွေ မဖြစ်နိုင်ပါဘူး။ 

မေး စာတို့၊ ပါဆယ်ထုပ်တို့၊ ဒါမှမဟုတ် သတင်းစာတို့ကနေ တစ်ဆင့် ကူးစက်နိုင်သလား။
ဖြေ အဲဒီလို စာတို့၊ ပါဆယ်ထုပ်တို့ကနေ တစ်ဆင့် ကူးစက်နိုင်ခြေဟာ အင်မတန်ကို နည်းပါးပါတယ်။ သတင်းစာ တစ်စောင်ဝယ်ဖတ်မိလို့ ဒါမှမဟုတ် ပါဆယ်ထုပ်တစ်ထုပ်ကို ဖွင့်ဖောက်မိလို့ ကူးစက်ဖျားနာသွားတယ်ဆိုတဲ့ Case မျိုး မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့ သတိလက်လွတ် ပြုမူနေထိုင်ရမယ်လို့တော့ မဆိုလိုပါဘူးနော်။ သတင်းစာတို့ ပါဆယ်ထုပ်တို့ စာတို့ စတာတွေကို ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြောရပါမယ်။ 

(Virginia Tech မှ သိပ္ပံပညာရှင် Linsey Marr ၏ ဖြေကြားချက်)
Ref: Channel News Asia