News

POST TYPE

OPINION

လူ၊ အကျိုးစီးပွားနှင့် စံချိန်စံညွှန်းကိစ္စ (Daily Vol-4/No-96)
01-Aug-2016
ယခုရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးကိစ္စနှင့်အပြိုင် လူထုအကြားတွင် ဝေဖန်ပြောဆိုနေသော အကြောင်းအရာမှာ ဆောက်လက်စ အထပ်မြင့်တိုက်များ ရပ်ဆိုင်းကာ စစ်ဆေးခြင်း၊ အထပ်လျှော့ခိုင်းခြင်းတို့ကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့အကြား မကျေလည်မှုများ ရှိနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်ရှိ ဆောက်လက်စ အထပ်မြင့်တိုက်များ အားလုံးကို ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေးအတည်ပြုရန်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရန် တိုင်းဒေသကြီးအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းများထံမှ ကန့်ကွက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ယခင်အစိုးရ လက်ထက်က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စစ်ဆေးအတည်ပြုပြီးမှ ခွင့်ပြုထားခြင်း ဖြစ်သည့်အတွက် အစိုးရသစ် လက်ထက်တွင် ယခုကဲ့သို့ ရပ်ဆိုင်းစစ်ဆေးခြင်းကြောင့် ဘီလီယံနှင့်ချီ၍ နစ်နာကြောင်း၊ အစိုးရ၏ မူဝါဒအပေါ် ယုံကြည်မှု လျော့ကျစေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်က ဖွင့်အံထားကြသည်။

တိုင်းအစိုးရက တာဝန်ပေး ဖွဲ့စည်းထားသည့် အထပ်မြင့်စစ်ဆေးရေး ကော်မတီကမူ တိုင်းဒေသကြီးလွှတ်တော်တွင် ယခင်က ထင်သလို ခွင့်ပြုထားခဲ့သည့် အထပ်မြင့်များ စနစ်တကျ ဖြစ်စေရေး အဆိုတင်သွင်းမှုကို လွှတ်တော်က လက်ခံပြီးနောက် အစိုးရက အကောင်အထည် ဖော်ပေးရမည် ဖြစ်သောကြောင့် ထိုသို့ စစ်ဆေးရခြင်း ဖြစ်သည်ဟု ဆိုထားသည်။

လက်ရှိပြဿနာကို ကြည့်လျှင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်တွင် နစ်နာမှုများ ရှိနေသည်မှာ မှန်သော်လည်း အစိုးရအနေနှင့်မူ နေထိုင်မည့် ပြည်သူလူထု၏ အကျိုးစီးပွားရှုထောင့်မှ ကြည့်ကာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေး၊ ရပ်ဆိုင်းနိုင်သော အခွင့်အာဏာ ရှိနေသောကြောင့် နှစ်ဖက်စလုံးကို ယတိပြတ်မှန်ခြင်း၊ မှားခြင်း မပြောနိုင်ပေ။

သို့သော် ပြဿနာမှာ ထိုမျှမရိုးစင်းဘဲ အကျင့်ပျက်ခြစားမှုများနှင့် နပန်းလုံးနေသော ယခင်အစိုးရ တာဝန်ရှိ ဌာနများကို ပေးကမ်းကာ ဥပဒေ၊ စည်းကမ်းများကို လက်တစ်လုံးခြား ခွင့်ပြုစေခဲ့သည့် ခရိုနီလုပ်ငန်းရှင်များ၊ လုပ်ငန်းများကို ၎င်းတို့နှင့် ဝေစုမတည့်ခဲ့သူများ သို့မဟုတ် ဈေးကွက်အပြိုင်လုခဲ့သူများက တစ်ဖက်မှ လက်ရှိအစိုးရကို တွန်းအားပေးခြင်းကြောင့် ဤပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ရန်ကုန်မြို့တော်တွင် လက်ရှိဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး အထပ်မြင့်တိုက်များကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် သေချာစွာ စုံစမ်းစစ်ဆေးခြင်း မဆိုထားနှင့် သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်မှာ နေထိုင်မည့် ပြည်သူလူထုနှင့် ရေရှည်အတွက် စေတနာထားကာ စစ်ဆေးခွင့်ပြုထားသည့် အခြေအနေမျိုး ဟုတ်မဟုတ် အလွယ်တကူ ခွဲခြားနိုင်ပေသည်။

လက်ရှိ တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း ဆိုသည်မှာလည်း တိုးတက်လာသော ရန်ကုန်လူဦးရေ သိပ်သည်းဆနှင့်အညီ၊ အခြေခံအဆောက်အဦ အချိုးအဆနှင့်အညီ၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရှုထောင့်နှင့်အညီ၊ ထိန်းသိမ်းအပ်သော ရှေးဟောင်းအဆောက်အအုံများ ကာကွယ်စောင့်ရှောက်မှုနှင့်အညီ၊ အများပြည်သူဆိုင်ရာ အခြေခံ အခွင့်အရေးနှင့်အညီ၊ စံချိန်၊ စံညွှန်းမီ၊ ခေတ်နှင့်အညီ ပြုပြင်ရေးဆွဲထားခြင်း ဟုတ် မဟုတ် ဆန်းစစ်ကြည့်ရန် လိုအပ်လာသည်။

ဥပမာအားဖြင့် ရန်ကုန်မြို့လယ်ကောင်ရှိ လေဟာပြင် ဈေးနေရာမျိုးတွင် လမ်းဧရိယာနှင့် များစွာနီးကပ်စွာ အထပ်မြင့် တည်ဆောက်နေခြင်းကြောင့် ယင်းအဆောက်အအုံတွင် အကန့်အသတ်နှင့်သာ ထည့်သွင်းမည့် ကားပါကင်ကြောင့် ယင်းလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်လာဖွယ်ရှိပြီး ရှေးဟောင်းကိုလိုနီလက်ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ အလှကိုလည်း ပိတ်ဆို့ဖျက်ဆီးရာ ရောက်သွားမည် ဖြစ်သည်။

ထို့ကြောင့် အထပ်မြင့် အဆောက်အအုံ ပြဿနာသည် မိုက်ခရို စီးပွားရေး ရှုထောင့်၊ မက်ခရို စီးပွားရေး ရှုထောင့်၊ ဈေးကွက်ယုံကြည်မှုဆိုင်ရာ ရှုထောင့်တို့အပြင် ယင်းအဆောက်အအုံများတွင် နေထိုင်၊ ရောင်းဝယ်၊ လုပ်ကိုင်ကြမည့် အများပြည်သူအတွက် စိတ်ချ၊ လုံခြုံ၊ ကျန်းမာ၊ ဘေးကင်းရေး၊ သက်သောင့်သက်သာ လွယ်ကူစွာ နေထိုင်နိုင်စေရေး၊ ယင်းအဆောက်အအုံ ပတ်ဝန်းကျင်၊ လမ်းမများပေါ်တွင် လူနှင့် ယာဉ်များ ကျယ်ပြန့်၊ ချောမွေ့မြန်ဆန်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာစေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားသည့် ရှုထောင့်များဖြင့် ရေးဆွဲထားသော ဥပဒေ၊ စည်းမျဉ်းများ၊ စံချိန်၊ စံညွှန်းများဖြင့်သာ ထိန်းကျောင်းရမည် ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၃၁-၇-၂၀၁၆)