News

POST TYPE

OPINION

ဘိုးဘိုးစန်တာနှင့် မြန်မာ့ပုလင်းမိတ်
25-Dec-2019


ခရစ္စမတ်ရာသီရောက်ပါပြီ။

အေးချမ်းလှသောခရစ္စမတ်ကာလ၌ ရန်ကုန်မြို့ သို့ရောက်နေသော ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့သည် ဆူးလေမီးပွိုင့်တွင် ချွေးပြန်နေလေတော့သည်။

အကြောင်းကား ညဉ့်နက်အထိ အလုပ်ကြိုးစားသော ယာဉ်ထိန်းဆရာလေးက စန်တာကလော့၏ သမင်ရှစ်ကောင်ဆွဲသည့်လှည်းကို ဖမ်းထားသောကြောင့်ပင်။

“ဘကြီး... ဝှီးတက်လေးပြပါ”

“ဟာ... ငါ့တူရယ် ဘကြီးမောင်းလာတာ လှည်းပဲ... ကားမှမဟုတ်တာ ဘယ့်နှယ်ဝှီးတက်ရှိမလဲ”

“ဒါဆို ယာဉ်မောင်းလိုင်စင်” 

“ဟေ... ဘကြီးလေ မြောက်ဝင်ရိုးစွန်းကနေ ကမ္ဘာပတ်သွားနေတာ နှစ်ပေါင်းရာချီနေပြီ... ဘယ့်နှယ်... တစ်ခါမှ ယာဉ်မောင်းလိုင်စင် အတောင်းမခံရဖူးဘူး”

“ဟာ... မရဘူးလေ... ဘကြီးရဲ့ ဒါမြန်မာပြည် ... ဒီနိုင်ငံရောက်ရင် ဒီစည်းကမ်းလိုက်နာရမှာပဲ”

“အိမ်း... ခက်တာပဲကွယ်”

“မခက်နဲ့ ဘကြီး... ဘကြီးက အခုလောလော ဆယ် ဥပဒေတွေ ချိုးဖောက်ထားတာ အများကြီးပဲ။ကားလမ်းပေါ်မှာ လှည်းတက်မောင်းနေတယ်၊ လှည်းကို 
ဆွဲတာလည်း သမင်တွေဆိုတော့ သစ်တောနဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုဥပဒေနဲ့ ငြိနေပြီ... ပြီးတော့ ညကြီးအချိန်မတော် အထုပ်ကြီးတစ်ထုပ်လည်း လွယ်ထားသေး”

“ဟေ့ဟေ့... ငါက ခရစ္စမတ်ဘိုးဘိုးကြီး စင်တာ ကလော့လေကွာ... မြောက်ဝင်ရိုးစွန်းကလာတာ၊ ဒီ သမင်စွတ်ဖားလှည်းမစီးလို့ YBS စီးလာရမှာလား... ပြီးတော့ 
ဒီအိတ်ထဲမှာကလည်း မင်းတို့ မြန်မာပြည်က ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်တွေ ယူလာတာကွ”
“ဟာ ဘကြီး... ဒါဆို အဲ့ဒီလက်ဆောင်တွေက နိုင်ငံခြားက ယူလာတာဆိုတော့ အခွန်ဆောင်လာ သလား... မဆောင်လာရင်တော့ သွင်းကုန်၊ ထုတ်ကုန် နဲ့ငြိပြီ”

“ဟာ... အမှုကြီးပြီပေါ့... ဒုက္ခပါပဲ ငါ့တူရယ်... ဘယ်လိုလုပ်ကြမတုံး”

“ဘယ်လိုလုပ်ရမတုံး ဘကြီးရဲ့... ငယ်သည့်အမှု ကြီးစေ... ကြီးသည့်အမှု သေဒဏ်ကျစေဆိုတာ ကြား ဖူးတယ်မဟုတ်လား... ဒီတော့ ရုံးလိုက်ခဲ့မလား... 
ကျွန်တော်နဲ့တင် ကိစ္စဖြတ်မလား”

“ဟေ... ဘယ်လိုကွ”

“သြော်... ဘကြီးနှယ်...ကမ္ဘာပတ်လာတယ်လဲ ပြောသေး... ဒါ ဒါ ကို ပြောတာဗျ”

ယာဉ်ထိန်းဆရာလေးက လက်ညှိုးနှင့်လက်မကို ဝိုင်းပြသည်။

“အဲ့ဒါ ဘာလဲဟင်”

“အာရကေလေဗျာ ... အာရကေ”

“အဲဒါ ဘာကြီးလဲ ... မသိဘူး”

“မသိရင် ... ဖမ်းတယ်ဗျာ ... လာ ... လိုက်ခဲ့”

“ဟာ ... မလိုက်ဘူး ... မလိုက်ဘူး”

ဘိုးဘိုးစန်တာသည် လှည်းကိုထားကာ အထုပ် ကြီးထမ်းလျက် ထွက်ပြေးလေတော့၏။

လူရှင်းသောလမ်းကြားတစ်ခုသို့ ရောက်သော အခါ ဘိုးဘိုးစန်တာသည် အမောဖြေရန် ထိုင်လိုက် လေသည်။

“ဟူး ... ငါ ဘယ်လိုနိုင်ငံရောက်နေပါလိမ့်... ကလေးတွေကို မြန်မြန်လက်ဆောင်ပေး မြန်မြန်ပြန် တာပဲ အေးမယ်”

ထိုအချိန်တွင် ဘိုးဘိုးစန်တာ ထိုင်အမောဖြေ နေသည့် လှေကားရင်းဘေးရှိအိမ်မှ အသံထွက်လာ သည်။

“အပြင်က ဘယ်သူလဲ ... ဒီအချိန်ကြီး ဘာကိစ္စ လဲ”

“သြော်... ကျုပ် စန်တာကလော့ပါ...ဒီအိမ်မှာ ကလေးများရှိလားဗျာ”

“ဟေ့ ... ဒီမှာ ကလေးသူခိုးဗျိုး... ကလေးသူခိုး ရောက်နေပါတယ်”

ရုတ်တရက် အော်လိုက်သံကြောင့် ဘိုးဘိုးစင်တာ ထိတ်ခနဲ ဖြစ်သွားသည်။

ထို့နောက် လမ်းကြားထဲမှ ဒေါသထွက်နေသော လူအုပ်ကြီးက ငြာသံပေးထွက်လာသဖြင့် ဘိုးဘိုးစန်တာ မှာ ပြေးရပြန်လေသည်။

သို့သော် အသက်အရွယ်ထောက်လာသော ခရစ္စမတ်ဘိုးဘိုးမှာ ကြာကြာမပြေးနိုင်ရှာ။ လူအုပ်ကြီး၏ ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရရှာသည်။

“ကျုပ် ကလေးသူခိုး မဟုတ်ပါဘူး။ ကလေး တွေကို ခရစ္စမတ်လက်ဆောင်လာပေးတဲ့ စန်တာ ကလော့ပါ” 

“ဟေ့...စန်တာကလောတွေ၊ စန်တာတောင်ကြီးတွေ မသိဘူး...ဒီအဘိုးကြီးအိတ်ကို စစ်ကြစမ်း”

ဘိုးဘိုးစင်တာ၏ အိတ်အနီကြီးကို သွန်ချလိုက်သောအခါ ကလေးကစားစရာအရုပ်များ ထွက်ကျလာလေသည်။

“သြော်... ခင်ဗျားကြီးက ဒီအရုပ်တွေနဲ့ ကလေးတွေကို မြှူဆွယ်ပြီး လိုက်ဖမ်းနေတာကိုးဗျ”

“ဟာ...မဟုတ်ရပါဘူး...ငါ့တူတို့ရယ်...ဘကြီး က လက်ဆောင်လိုက်ပေးတာပါ”

“ဟာ... ဒီအဘိုးကြီး ခုထိ ခေါင်းမာနေတုန်း...ချကွာ”

ထိုအချိန်တွင် မီးတန်းကားတစ်စီး လူအုပ်ကြီး နားသို့ ရောက်လာလေသည်။ ကားပေါ်မှ သုံးပွင့်နှင့် ရဲအရာရှိကြီး ဆင်းလာလေ၏။

“ဟေ့လူတွေ ရပ်ကြစမ်း... ဒီကိစ္စ ဥပဒေအတိုင်း ဖြေရှင်းရမယ်”

ထိုအခါမှ ဘိုးဘိုးစန်တာလည်း အားတက်သွားလေတော့သည်။

“ကယ်ပါဦး ... ပုလိပ်မင်းရယ် ... ကျုပ် စင်တာကလော့ပါ”

“ဟာ ဒီအဘိုးကြီး ကျုပ်ကို ပုလိပ်မင်းဆိုတာ ပုလင်းမိတ်လို့ ပြောလိုက်တာလား။ အရက်သမားလို့ ပြောလိုက်တာလား။ တယ်... ငါ အသရေဖျက်မှုနဲ့ ဖမ်းလိုက်ရ”

“မလုပ်ပါနဲ့ကွယ် ... ဘကြီးက ဘကြီးတို့ခေတ် အခေါ်နဲ့ ပြောမိတာပါ ... ပုလိပ်မင်း ... အဲ အဲ”

“ဟေ့ အိတ်စပက်တာကွ ... ဘုန်းမြင့်ကံမြင့် တော်မူသော ပုလိပ်အိတ်စပက်တာကွ”

“ဟုတ်ကဲ့၊ အိတ်စပက်တာ ဘုန်းမြင့်ကံမြင့် ရယ် ... ဘကြီးက ဆန်တာကလော့ပါ ...ကူပြောပေးပါဦး”

ထိုအချိန်တွင် လူအုပ်ကြီးရှေ့သို့ ယာဉ်ထိန်း ရဲသားလေးရောက်လာလေသည်။

“ဟာ... ဒါ ခုန မီးပွိုင့်က ထွက်ပြေးသွားတဲ့ ယာဉ်မောင်းပဲ...”

ယာဉ်မောင်းဟူသော အသံကြားသည်နှင့် အိတ်စပက်တာမှာ မျက်လုံးများ အရောင်လက်သွားလေတော့သည်။

“ကဲ... အားလုံးနောက်ဆုတ်ပါ... သူက ကလေးသူခိုးမဟုတ်ပါဘူး ... ကျွန်တော်တို့ လိုက်နေတဲ့ အမှုရဲ့ တရားခံယာဉ်မောင်းပါ ... ဟဲ ဟဲ ဟဲ”

အိတ်စပက်တာစကားကြောင့် ယာဉ်ထိန်း ကလေးမှာ အူကြောင်ကြောင် ဖြစ်သွားလေသည်။

“မဟုတ်ဘူးလေ...ဆရာ၊ ဒါ ခုန ကျွန်တော် ဖမ်း ထားတဲ့ လှည်းပေါ်ကယာဉ်မောင်း...ဆရာ ဖေ့စ်ဘွတ်ခ် ပေါ်တင်ထားတဲ့ ဟိုအမှုက ယာဉ်မောင်းမဟုတ်ဘူး”

“ဟေ့ကောင်၊ မင်းဘာသိလို့လဲ... ဟိုယာဉ်မောင်း မဟုတ်ရင် ဒီယာဉ်မောင်းပဲကွ၊ ငါတို့က ခံစားချက်နဲ့ အလုပ်လုပ်တာမဟုတ်ဘူး၊ ယာဉ်မောင်းပဲ တစ်ပြားမှ မလျှော့ဘူး”

အိတ်စပက်တာသည် ပြောပြောဆိုဆိုနှင့် သူ့ဖုန်း ကိုဖွင့်ကာ “ဟိုယာဉ်မောင်းမဟုတ်ရင် ဒီယာဉ်မောင်း” ဟု ပို့စ်တင်လိုက်လေတော့သည်။

မကြာမီ ဘိုးဘိုးကြီးစန်တာကလော့မှာ မျက်လုံးကလေး ပေကလပ်ဖြင့် စခန်းသို့ ပါသွားလေတော့သည်။

စခန်းသို့ရောက်သောအခါ ဘိုးဘိုးစန်တာ ကလော့၏ လက်အိတ်ကိုချွတ်ကာ လက်ညှိုးနှစ်ဖက် အား စစ်ဆေးလေတော့သည်။

“လက်ညှိုးက အဝှာ ထွက်သလားဟေ့”

“မထွက်ပါဘူး... အဘ”

“ဒါဆို ဟိုဒင်းကရော ထွက်သလား”

“ဘကြီးက သစ်ခြောက်ပင်ပါကွယ်...အသက် လည်းကြီးပါပြီ... ဘယ်ကမှ ဘာမှ မထွက်တော့ပါဘူး”

“အဘိုးကြီး ခင်ဗျား ဖွဲတစ်ဆုပ်မကဘူး...ဟို အိတ်ကြီးတောင် နိုင်သေးတာပဲ... ပြီးတော့ ခင်ဗျားက ယာဉ်မောင်းလာတယ်လေ ... ယာဉ်မောင်းတာနဲ့ကို ဒီအမှုရဲ့ 
တရားခံဖြစ်နေပြီ”
“စွပ်စွပ်စွဲစွဲကွယ်...အဘက သူတော်ကောင်း ပါ... ဒါမျိုးမလုပ်ပါဘူး ... အဟီး ... ရွှတ် ရွှတ်”

ဘိုးဘိုးစန်တာသည် မတရားစွပ်စွဲခံရသဖြင့် ငိုယိုရင်း နှပ်ချေးများပါ ထွက်လာလေသည်။

ထိုအခါ ဘိုးဘိုးစန်တာအား စောင့်ကြည့်နေသော အိတ်စပက်တာသည် ဝမ်းသာအားရ ထအော်လေတော့သည်။

“ယာဉ်မောင်းအဘိုးကြီးဆီက နှပ်ချေးထွက်တယ်...အဘတို့ရေ... တခြားဟာ မထွက်ပေမယ့်...နှပ်ချေးတော့ထွက်တယ်ဗျ... သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ 
ပြင်ပေတော့...အဘတို့ရေ...နှပ်ချေးတွေ့ရှိဆိုပြီး တရားခံမဖော်ရဲတဲ့ ဟိုအမှုမှာ ဒီဘဲကြီးကို ဆွဲစေ့လို့ရပြီ”
အိတ်စပက်တာကြီးသည် မိုဘိုင်းလ်ဖုန်းကို ထုတ်လျက် “ယာဉ်မောင်း စန်တာကလော့နှပ်ချေး” ဟု ရေးတင်လိုက်လေတော့သတည်း။

ဘိုးဘိုးစန်တာကလော့ကား မြန်မာပြည်တွင် ယာဉ်လာမောင်းမိသဖြင့် ၃၇၆ အမှုတရားခံအဖြစ် စွပ်စွဲခံရရှာလေပြီ။

သြော် ... ပုလင်းမိတ်များ၏ ကျေးဇူးပေ။

ဗြိတိသျှကိုကိုမောင်