News

POST TYPE

OPINION

ရွှေ့ပြောင်းအခြေချမှု ပြဿနာများလာသည့် ကမ္ဘာကြီး (Daily, Vol-7/No-221)
25-Dec-2019
မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယတွင် နိုင်ငံသားခံယူခွင့် ဆိုင်ရာဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းရန် စီစဉ်နေမှုအပေါ် မကျေနပ်သူများက အကြီးအကျယ် ဆန္ဒပြရာမှ မတည်မငြိမ်မှုများဖြစ်နေသည့်သတင်းမှာ လွန်စွာမှ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ပါသည်။ 

ယင်းဥပဒေက အိန္ဒိယ၏ အိမ်နီးချင်းမွတ်စလင်နိုင်ငံများဖြစ်သည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အိန္ဒိယထဲသို့ ရွှေ့ပြောင်းဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်များကို နိုင်ငံသားအဖြစ် ဦးစားပေးဖြစ်ခွင့်ပြုသည့် ဥပဒေဖြစ်သည်။ 

ယင်းဥပဒေကြောင့် နိုင်ငံခြားသား ဟိန္ဒူအမြောက်အမြားဝင်ရောက်လာမှုကို မလိုလားသည့် အာသံကဲ့သို့သော နယ်စပ်ပြည်နယ်များက ဟိန္ဒူများက ဆန့်ကျင်ကြသလို မွတ်စလင်ဝေဖန်ရေးဆရာများကလည်း ၎င်းတို့ကို ခွဲခြားဆက်ဆံသည့် ဥပဒေ၊ တစ်နည်းအားဖြင့် ဟိန္ဒူအမျိုးသားရေးကိုရှေ့တန်းတင်ဦးစားပေးသည့် ဥပဒေဟုရှုမြင်ပြီး ဆန့်ကျင်ကြပေသည်။ 

အိန္ဒိယအစိုးရကတော့ အိန္ဒိယနိုင်ငံတွင်း ဘိုးဘေးစဉ်ဆက်နေထိုင်ခဲ့သော မွတ်စလင်များအနေနှင့် စိုးရိမ်သောကရောက်နေစရာမလိုဟု အာမခံသည်။ သို့သော် မွတ်စလင်များကို ပစ်မှတ်ထားဖိနှိပ်တော့မည်ဆိုသော ကောလာဟလများနှင့် စိတ်ထင်ရာပြောဆိုမှုများကား အဆမတန်ထွက်ပေါ်လျက်ရှိပေသည်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ခန့်ရှိသည့် အိန္ဒိယတွင် မွတ်စလင်များမှာ လူနည်းစုဖြစ်ပြီး သန်း ၂၀၀ ခန့်ရှိပါသည်။

တကယ်တော့ အိန္ဒိယသည် ၂၁ ရာစု ကမ္ဘာ့နိုင်ငံများအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သော လူသားများရွှေ့ပြောင်းအခြေချမှုနှင့် ယင်းသို့အခြေချမှုက ဖြစ်သော နောက်ဆက်တွဲ ပဋိပက္ခများနှင့် အကြီးအကျယ်ရင်ဆိုင်နေရခြင်းဖြစ်သည်။ ယင်းကိစ္စကို အိန္ဒိယအစိုးရအနေနှင့် လူများစုဖြစ်သော ဟိန္ဒူများလက်သင့်ခံနိုင် သည့်၊ တစ်နည်းအားဖြင့် ဟိန္ဒူများ၏ ဆန္ဒနှင့်ဆန့်ကျင်သော အခြေအနေမျိုးမဟုတ်သည့် ပုံစံဖြင့် ဖြေရှင်းရန်လိုအပ်သလို ကမ္ဘာ့အလယ်တွင် လူနည်းစုများကို ဖိနှိပ်ခွဲခြား ဆက်ဆံသည့် မူဝါဒမျိုးကျင့်သုံးနေခြင်းမဟုတ်ကြောင်း ဖွင့်ပြထားရန်လည်းလိုအပ်သည်ဟုထင်ပါသည်။ 

အမှန်တွင် တရားမဝင် ဝင်ရောက်အခြေချနေထိုင်မှုကြောင့် ပဋိပက္ခများနှင့် မတည်မငြိမ်မှုများဖြစ်ပေါ်နေသည်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ရင်ဆိုင်ဖြေရှင်းနေရခြင်းဖြစ်ပေသည်။ အချို့ကိစ္စများတွင်မူ တရားမဝင်ရွှေ့ပြောင်းအခြေချမှုကနေ ပဋိပက္ခများနှင့် ဆူပူအကြွမှုများ၊ အကြမ်းဖက်မှုများအထိဖြစ်ပေါ်လာတတ်သည်ကိုလည်း တွေ့ရပေသည်။ 

ပွင့်ပွင့်လင်းလင်းပြောရလျှင် ယနေ့ကမ္ဘာကြီးသည် လူဦးရေမထိန်းသိမ်းနိုင်သည့် လူ့အဖွဲ့အစည်းအချို့၏ ရွှေ့ပြောင်းအခြေချမှုများကြောင့် အခြားလူ့အဖွဲ့ အစည်းများတွင် လူမှုသဟဇာတမညီမျှမှု၊ လူမှုရေးဟန်ချက်ပျက်မှုတို့နှင့် တစ်ဖက်တွင် ရင်ဆိုင်နေရသလို အခြားတစ်ဖက်တွင် အစွန်းရောက်အယူဝါဒနှင့် အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုကိုပါခံနေရသည်မှာ အမှန်ပင်ဖြစ်ပေသည်။ 

သို့အတွက်ကြောင့် အရေးကြီးသည်မှာ တည်ငြိမ်အေးချမ်းမှု တစ်စထက်တစ်စ လျော့ပါးလာသည့် ကမ္ဘာကြီးထဲတွင် အထက်ဖော်ပြပါပြဿနာများကို ကမ္ဘာ့ ခေါင်းဆောင်များ မလွဲမသွေ အလေးအနက်ထားဖြေရှင်းကြမည်သာဖြစ်ရာ မြန်မာ့ခေါင်းဆောင်များအနေနှင့်လည်း အခြားကမ္ဘာ့နိုင်ငံများ၏ ရွှေ့ပြောင်းအခြေချမှု နှင့်ဆိုင်သော အတွေ့အကြုံများနှင့် သင်ခန်းစာများကို အမြဲပင်တစေ စောင့်ကြည့်လေ့လာနေရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၄ - ၁၂ - ၂၀၁၉)