News

POST TYPE

OPINION

ကျင့်ဝတ် မချို့တဲ့ဖို့ အရေးကြီးတယ်
24-Dec-2019


ကျင့်ဝတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဟာ လူအဖွဲ့အစည်းတစ်ခုကို ကမောက်ကမ အလွဲအချော် အတိမ်းအစောင်းတွေ ဖြစ်ပေါ်စေတာအမှန်ပါ။ လုပ်ငန်းသေးသေးလေးပဲ လုပ်ကိုင်နေသူဖြစ်ဖြစ်၊ လုပ်ငန်းကြီးကြီးကို လုပ်ကိုင်နေသူဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းအလုပ်ကိုပဲ လုပ်နေသူဖြစ်ဖြစ် ကိုယ်လုပ်တဲ့လုပ်ငန်းကို လူ့ဝတ္တရားကျေပွန်ဖို့၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအားကောင်းဖို့၊ ဝတ္တရားနှင့်သက်ဆိုင်တဲ့အရာတွေ ဖွံ့ ဖြိုးဖို့ အထူးလိုအပ်နေပါတယ်။ ဈေးသည်ကလည်း ဈေးသည်၊ အနုပညာသည်၊ ပြည်သူ့ဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုစတဲ့ အလုပ်အမျိုးမျိုးလုပ်ကိုင်နေသူတွေ အားလုံးဟာလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ ကျင့်ဝတ်တွေကို အလေးထား လိုက်နာသင့်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြန့်ပွားနေတဲ့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေရဲ့ ဖြစ်စဉ်တွေမှာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းပေးသူကို လျှို့ဝှက်ပေးထားရပါတယ်။ ဒါမှလည်း သတင်းပေးသူရဲ့ ဘဝလုံခြုံမှုဟာ စိတ်အေးချမ်းရမှာ မဟုတ်လား။ ဒီသဘောတရားလိုပါပဲ လူ့ကျင့်ဝတ်ဖောက်ဖျက်သူကြောင့် လူတစ်ဦးတစ်ယောက်မှာ စိတ်ခံစားချက်တွေလွဲမှားသွားရပါရင် လူ့အဖွဲ့အစည်းဟာ အေးချမ်းသာယာမှုနဲ့ ဝေးကွာသွားမယ်ဆိုတာ လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။

ကြည့်ဖူးတဲ့ ကိုရီးယားဇာတ်လမ်းတစ်ခုထဲမှာ လူနာတစ်ယောက် ရဲ့ ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်နေတဲ့ ဆရာဝန်ကို လူနာနဲ့ မသက်ဆိုင်တဲ့ လူတစ်ယောက်က လူနာရဲ့ ကျန်းမာရေးအခြေအနေကို စုံစမ်းပါတယ်။ ဒါပေမဲ့ အဲဒီဆရာဝန်က လူနာရဲ့အခြေအနေကို လုံးဝမပြောပြပါဘူး။ ဒီပြကွက်လေးက ဆရာဝန်တစ်ယောက်ထားရှိရမယ့် ဆရာဝန်ကျင့်ဝတ်ကို ဖော်ကျူထားတာပါ။ ဆေးပညာသင်ကြားကတည်းက ဆရာဝန်တစ်ယောက်လိုက်နာရမယ့် ကျင့်ဝတ်ကိုသင်ကြား ပေးလိုက်ပြီးသားပါ။ ဒါပေမဲ့လည်း တချို့က ကိုယ့်ရဲ့အလိုလောဘတစ်ခုကြောင့်နဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မသိကျိုးကျွန်ပြုပြီး အမှားတွေပြုလုပ်မိတတ်ကြပါတယ်။

စိတ်ဓာတ်မြင့်မြတ်တဲ့သူတွေက မတရားတဲ့ ရပိုင်ခွင့်တွေအတွက် အရှက်နဲ့သိက္ခာကို အသက်ထက်မက တန်ဖိုးထားတတ်ကြပါတယ်။ လိုက်နာသင့်တဲ့လူ့ဝတ္တရား၊ ကိုယ်ကျင့်တွေကို အထူးလိုက်နာကြပါတယ်။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေကျတော့ မတရားတဲ့ ရပိုင်ခွင့်တွေအတွက် အရှက် သိက္ခာတွေကို အရာအားလုံးနဲ့ လဲယူရဲတတ်ကြပါတယ်။ လူတစ်ယောက်စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လူပီသစွာ စောင့်ထိန်းဖို့ အားနည်းတတ်ကြပါတယ်။

လူတွေရဲ့ နှလုံးသားထဲမှာ၊ ပါးစပ်ဖျားမှာ မတရားဘူးလို့ အကြိမ်ကြိမ်အော်ဟစ်နေလည်း အရှက်နဲ့ သိက္ခာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့သူတွေအတွက်ကတော့ သူတို့ရပိုင်ခွင့်တွေလောက် ဘယ်အရာကိုမှ စိတ်ဝင်စားမှာလည်း မဟုတ်ပါဘူး။ ရနိုင်သလောက်ယူ၊ ညစ်နိုင်သလောက်ညစ်ပြီး ပေကပ်နေဦးမှာပါပဲ။ ရှက်တတ်ရင် သေလို့ရပြီလို့ လူတွေပြောစကားလေးရှိပါတယ်။ ဒါပေမဲ့ အရှက်သိက္ခာနဲ့ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ဘဝကို တည့်မတ်မထားသူတွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်တွေကသာ အရေးကြီးနေတတ်ကြပါတယ်။

လုပ်ငန်းရှင်တစ်ယောက်က ကိုယ့်ရဲ့ထုတ်ကုန် ကုန်ပစ္စည်းတစ်ခုကို ဘယ်လောက်ကောင်းကြောင်း ကြော်ငြာမယ်။ ဒီအဆင့်ဟာ သာမန်အနေအထားပဲ ရှိပါသေးတယ်။ လုပ်ငန်းသဘောအရ လုပ်သင့်လုပ်ထိုက်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒီထက်တစ်ဆင့်တက်ပြီး ကိုယ်နဲ့ ထုတ်ကုန်တူပစ္စည်းထက် ဘယ်လိုသာတယ်၊ ဘာတွေကွာခြားတယ်ဆိုပြီး တစ်ဖက်ကိုမကောင်းပြောပြီး ကိုယ့်ပစ္စည်းနဲ့ နှိုင်းယှဉ်ကြော်ငြာမယ်ဆိုရင် ဒီလုပ်ငန်းရှင်ဟာ လူသားကျင့်ဝတ်ကို သွေဖည်နေပြီဆိုတာ သေချာနေပါတယ်။

ပစ္စည်းကြော်ငြာနဲ့ပတ်သက်ပြီး ဖတ်မှတ်ဖူးတဲ့ အကြောင်းအရာ လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ကျွန်မတို့ကလေးဘဝ အရွယ်လောက်က အောင်ဆုထူးပန်ထီဆိုင်ကြော်ငြာဟာ သူတစ်ပါးပစ္စည်းကို မထိခိုက်ဘဲ အကောင်းဆုံးကြော်ငြာနိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ရောင်းအား တအားတက်ခဲ့ရပါတယ်။

ဒါကတော့ လုပ်ငန်းကို နည်းလမ်းမှန်တဲ့ကျင့်ဝတ်နဲ့ရေးဆွဲခဲ့တဲ့ အကျိုးကျေးဇူးတစ်ခုပါ။ နောက်တစ်ချက်အံ့ဩစရာကောင်းလှတဲ့ ကျင့်ဝတ်တစ်ခု ရှိပါသေးတယ်။ တခြားထီဆိုင်တွေက အားကျပြီး အောင်ဆုထူးပန်ထီဆိုင်ကြော်ငြာရေးဆွဲသူ ဆရာကြီးဦးဘဂျမ်းကို အလုပ်အပ်ကြပါတယ်။ ဒါပေမဲ့ ဆရာကြီးက ငြင်းဆန်ခဲ့ပါတယ်။ သူပထမဆုံးရေးဆွဲခဲ့တဲ့ အောင်ဆုထူးပန်ထီဆိုင်အပေါ် လူတွေယုံကြည်မှု နည်းသွားမှာ စိုးရိမ်စိတ်နဲ့ပါ။

ပြောရမယ်ဆိုရင် ရလာမယ့်ငွေကြေးကို လူသားတို့ကျင့်ကြံအပ်တဲ့ ကျင့်ဝတ်နဲ့လဲလှယ်ခြင်း မပြုခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်လေးဟာ ခုခေတ်ကာလမှာတော့ လူသားကျင့်ဝတ် နားမလည်သူတွေကြားမှာ ဟာသတစ်ပုဒ် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။လက်ရှိခေတ်ကာလအချိန်မှာတော့ လူသားဆိုင်ရာ ကျင့်ဝတ်တွေကို မျက်ကွယ်ပြု၊ ဥပဒေမဲ့လုပ်ရပ်တွေကိုလုပ်ရင်း တစ်ဖက်သား ခံစားချက်တွေကို မျက်ကွယ်ပြုနေတာတွေက နေရာအနှံ့ပါ။ တကယ်တော့ လူတစ်ယောက်ဟာ ရာဇဝတ်ဘေးပြေး လွတ်ချင်လွတ်နိုင်ပါမယ်။ ဘယ်ဝဋ်ကြွေးမှ ပြေးမလွတ်ပါဘူး။ ဝဋ်ကြွေးကိုအစပြုနေမိပြီး အသိဉာဏ်အမှောင် မိုက်ဖုံးနေသူတစ်ယောက်ဟာကိုယ်စားရမယ့်၊ ကိုယ်နေရမယ့် တစ်ဘဝစာကို ဆယ်သက်စာ စားရ၊ နေရမယ့်အတိုင်း ပြုမူတတ်ပါတယ်။ သူတစ်ပါး မျက်ရည်ကို ဥပေက္ခာပြုရင်း ငါနိုင်ပြီကွလို့ စိတ်အတွေးမှားနဲ့ ထင်နေတတ်ပါတယ်။ ဒီလို စိတ်ဆိုးယုတ်မှုတွေဖြစ်ပေါ်ပြီး၊ ဖြစ်ပေါ်တဲ့စိတ်အခြေအနေအတိုင်း နေထိုင်တတ်သူတစ်ဦးကို တခြားသူတစ်ဦးက မနိုင်ရင်သာ နေမယ်ကံတရားကိုတော့ လှည့်စားလို့ မရနိုင်ပါဘူး။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ တရားတစ်ပုဒ်မှာ ကြားနာဖူးပါတယ်။ ကျွန်မတို့တစ်တွေဟာ ကုသိုလ်ကောင်းမှု အားကြီးလို့ လူ့ဘဝရောက်လာတယ်ဆိုပေမယ့် လူ့ဘဝရချိန် ရောက်ချိန်ကလေးမှာ ကုသိုလ်အရှိန်တွေ ရပ်တန့်နေတတ်ပါတယ်။

လူသားတွေဟာ တစ်နေ့တစ်နေ့ ကုသိုလ်နဲ့အကုသိုလ် ဘာအလုပ်များသလဲဆိုရင် အကုသိုလ်အလုပ်များတယ်ဆိုတဲ့ အဖြေပေါ်လာပါလိမ့်မယ်။ အကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန စတဲ့ကိလေသာတွေကြောင့် ဖြစ်ရတာပါ။

ကိလေသာအပူရှိန်ဆိုတာ နေပူရှိန်လိုပဲ ပြင်းလည်းပြင်း၊ များလည်းများ အားလည်းကြီးပါတယ်။ နေမသာတဲ့နေ့ မရှိသလို ကိလေသာမဖြစ်တဲ့နေ့၊ အကုသိုလ်မလုပ်တဲ့နေ့ရယ်လို့ ရှိမယ်မထင်ပါဘူး။ နေက အပူပေးသလိုပဲ အကုသိုလ်ကလည်း အပူပေးစေနိုင်တယ်။ အေးချင်ရင်တော့ လနဲ့တူတဲ့ ကောင်းစိတ်ကလေးမွေးပြီး ကုသိုလ်ဖြစ်အောင် လုပ်ကြရမှာပဲ။ လဆိုတာ အချိန်တိုင်းမသာဘူး၊ လဆန်း၊ လဆုတ် အပြုအပြင် ကလေးနဲ့သာရတာ။ ကုသိုလ်စိတ်ဆိုတာလည်း ပြုပြင်ပေးနိုင်မှ ဖြစ်ပေါ်နိုင်တာပါ။ ကုသိုလ်စိတ်ဖြစ်ပြီဆိုရင်လည်း လသာသလိုပဲ အားလုံးကို အေးစေနိုင်ပါတယ်တဲ့။ တကယ်လည်းမှန်ပါတယ်။

လူ့ဝတ္တရား၊ ကျင့်ဝတ်၊ ဝတ္တရားနှင့် သက်ဆိုင်တဲ့အရာတွေကို မျက်ကွယ်ပြုနေသူတွေ ပေါများရင် လောကကြီးဟာ နေဆယ်စင်းပူသလို ပူလောင်နေမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ကို အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံး ထားနိုင်သူတွေ ပေါများမှသာ လောကတစ်ခွင်မှာ လသာနေသလို အေးမြသာယာနိုင်မှာပါ။ ဒါကြောင့် လောကတစ်ခွင်မှာလူသားဆိုင်ရာ ကျင့်ဝတ်ကို ထိန်းသိမ်းစောင့်ရှောက်သူတွေ ပေါများလာပါစေလို့ ဆုတောင်း ရင်းသာ ။ ။
 
 ခိုင်ခိုင်



  • VIA