News

POST TYPE

OPINION

၂၀၂၀ ပြည့်နှစ်တွင် ဖော်ဆောင်ရမည် နိုင်ငံရေး ယဉ်ကျေးမှု မျက်နှာသစ်
24-Dec-2019


၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားရေးဦးတည်ချက် ၅ ချက်ချမှတ်ထားသည်ကို တွေ့ရသည်။ ထိုအချက်များ အထမြောက်အောင်မြင် ပြီးမြောက်ဖို့ဆိုလျှင် ယနေ့နိုင်ငံအတွင်းတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းနိုင်ကြမှသာလျှင် ဖြစ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်း ၇၀ ခန့်ရှည်ကြာခဲ့ပြီဖြစ်သလို ကျွနု်ပ်တို့နိုင်ငံသည် ကမ္ဘာပေါ်ရှိ ပြည်တွင်းပဋိပက္ခတွင် အရှည်ကြာဆုံးသောနိုင်ငံများတွင် ထိပ်ဆုံးက ရပ်တည်နေသည် ဆိုသည်ကိုလည်း အမှန်အတိုင်း လက်ခံကြရမည်သာ ဖြစ်သည်။ သည့်အတွက်ပင် ထိုပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းကြဖို့ ဆိုလျှင် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဘက်မှာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးတွင် လိုလိုလားလားဆန္ဒရှိပြီး ပူးပေါင်းဆောင်ရွက်မှ ဖြစ်ကြပေလိမ့်မည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တစ်ဖက်တည်းက ဆောင်ရွက်၍မရနိုင်သလို မိမိတို့တောင်းဆိုမှု၊ လိုချင်မှုတစ်ဖက်တည်းကိုသာ လျှင်ကြည့်ပြီး ရပ်တည်နေကြပါကလည်း မည်သို့မျှချုပ်ငြိမ်းနိုင်မည်လည်း မဟုတ်ပေ။ ထိုလက်နက်ကိုင်လမ်းစဉ်များကို မရပ်စဲနိုင်ပါက ထို (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များသည်လည်း အထမြောက်အောင်မြင်ရန် ရာခိုင်နှုန်းအလွန်နည်းပါးကြောင်း နိုင်ငံရေးရာ လေ့လာသူများက ဆိုခဲ့ကြသည်။

တိုင်းရင်းသားများကို ကိုယ်စားပြုသည့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များအနေနှင့်လည်းကောင်း၊ အစိုးရနှင့်တပ်မတော်ဘက်ကလည်းကောင်း နယ်မြေသိမ်းစစ်ပွဲများဖြင့် ရလဒ်ကိုထုတ်ဖော်ကြလျှင်လည်း ထိုလမ်းစဉ်သည် မှန်ကန်မှုရှိမည်မဟုတ်ဘဲ လောင်စာရန်ငြိုးမီးဆက်၍ ပြိုးမည်ဆိုသကဲ့သို့သာ သားစဉ်မြေးဆက် ဆိုးမွေတစ်ရပ်အဖြစ် အဆင့်ဆင့်လက်ခံကာ မငြိမ်းချမ်းခြင်းသံသရာက ဆက်လက်လည်ပတ်နေဦးမှာ အမှန်ပင်ဖြစ်သည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရှိ အခြားနိုင်ငံများတွင်လည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်းဖြင့်သာ စစ်မီးကိုငြိမ်းသတ်နိုင်ကြောင်း သမိုင်းများက လက်တွေ့ပြခဲ့ပြီးဖြစ်သည်။ ပြည်တွင်းစစ်မီး ပြင်းထန်ခဲ့သည့် ဘော့စနီးယားနှင့် ကိုလံဘီယာပြည်တွင်းစစ်များကို အပြီးတိုင် ငြိမ်းသတ်စေသည့် အရာမှာလည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဟူသော အရာပင်ဖြစ်သည်။ ထိုအရာထက်ကောင်းသည့်အရာ ကမ္ဘာတွင်မရှိခဲ့သေးသလို အခြားနည်းလမ်းလည်း ရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ကျွနု်ပ်တို့နိုင်ငံအတွင်း နှစ်ပေါင်း (၇၀) နီးပါး ရှည်ကြာခဲ့ရသည့် လက်နက်ကိုင်တိုက်ပွဲများ ရပ်သွားဖို့ဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ အစိုးရ၊ တပ်မတော်တို့အနေနှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းကာ ထာဝရငြိမ်းချမ်းရေးရရှိစေမည့် နည်းလမ်းများကိုသာ အပြန်အလှန် အသိအမှတ်ပြု လက်ခံပေးကြဖို့လိုလာလေသည်။ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့ဘက်ကလည်း တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများကို ငြိမ်းသတ်နိုင်မှသာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မည်။ တိုင်းပြည်အဝန်း ဖွံ့ဖြိုးတိုးတက်လာမည်၊ တရားဥပဒေစိုးမိုးရေးကိစ္စများ ဆောင်ရွက်လာနိုင်မည်ဟူသော ယထာဘူတကျသည့်အဖြေတစ်ရပ်ကို သဘောထားကြီး ကြီးလက်ခံကြပြီး တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ယခင်နှစ်ပေါင်းများစွာက အမြင်မျိုးများဖြင့် ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် တစ်ခုတည်းကိုသာလျှင်ကြည့်ပြီး တရားသေဆုပ်ကိုင်ကာ တစ်ဖက်သတ် သဘောထားများဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုကျင့်သုံးပြီး နယ်မြေထူထောင်ရန် တောင်းဆိုနေလျှင်လည်း အဘယ်သို့မျှ ငြိမ်းသတ်နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် အဆိုပါပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နည်းလမ်းကောင်းများရှိမနေခဲ့ဘူးလားဟူသည့် မေးခွန်းတစ်ရပ်လည်း ယနေ့ပြည်သူများအကြားမှာ အများအပြား ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်သည်။ ထိုမေးခွန်းနှင့်အတူ ပြည်သူအများ စိတ်ဝင်စားမှုမြင့်တက်လာနေသည့် အကြောင်းအရာမှာလည်း ၂၁ ရာစုပင်လုံညီလာခံကြီးနှင့် ထိုညီလာခံ၏နောက်တွင် ဆက်လက်ပေါ်ပေါက်လာမည့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကြိုးပမ်းချက်များ၏ ရလဒ်ပင်ဖြစ်သည်။

သို့ဖြစ်ရာ ယခင်ကျင်းပပြီးစီးခဲ့သည့် ညီလာခံကြီးများနောက်တွင် ဆက်လက်ဆွေးနွေးနေကြသည့် Political Dialogue နိုင်ငံရေး မူဘောင်ဆွေးနွေးချက်များကိုလည်း စိတ်ဝင်တစားစောင့်ကြည့် လေ့လာနေကြသည်မှာလည်း အမှန်ပင်ဖြစ်ကြသည်။ အကြောင်းမှာ ထိုအချက်များကို ကျော်လွန်ပြီးမြောက်ပြီးမှသာ ယခု (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များမှာလည်း အကောင်အထည်ဖော် ပြည့်ဝလာနိုင်မည်ဟု ယုံကြည်ကြ၍ဖြစ်သည်။

ထိုဆွေးနွေးပွဲများမှ ရရှိလာသည့် အဖြေများအပေါ် အခြေခံပြီး တိုင်းရင်းသားများလက်ခံနိုင်သည့် ဖက်ဒရယ်ပုံစံကိုမျှော်မှန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို အစားထိုးသွားကြမှသာ အားလုံးပြုံးပျော် ကျေနပ်လက်ခံပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း အမှန် ငြိမ်းအေးနိုင်လာမည်ဟုလည်း ပြည်သူအားလုံးက လက်ခံထားကြသည်။ အဆိုပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည်မှာလည်း အမှန်မှာမူ ကိုယ့်နိုင်ငံ၊ ကိုယ်လူမျိုးများနှင့် အကိုက်ညီဆုံးသောနိုင်ငံတည် ဆောက်မှုပုံစံပင်ဖြစ်သင့်ပြီး ထိုပုံစံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ အမြော်အမြင်ကြီးမားစွာဖြင့် မျှော်မှန်းရေးဆွဲ စာချုပ်ခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များ၊ အချက်များနှင့်လည်း ကိုက်ညီသင့်သည်။ ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ်စေရေးအတွက်ဆိုလျှင် ဆက်လက်ညှိနှိုင်းဆွေးနွေးကြရဦးမည့်ကိစ္စရပ်များ အများအပြား ရှိနေဦးမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအချက်များအပေါ် အနှစ်ချုပ်ပြီးမှသာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ပေါ်ပေါက်လာမည်လည်းဖြစ်သည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။ 

ကျွနု်ပ်တို့နိုင်ငံအတွင်း နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းရေးတွင် အဓိကအခရာကျသည့် အရာမှာလည်း ဤဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှ တစ်ပါးအခြားမရှိနိုင်ဟု ပြည်သူအများကလည်း လက်ခံယုံကြည်မိလာကြသည့်အလျောက် ထိုဖက်ဒရယ်စနစ်များအကြောင်းကိုလည်း ကျွနု်ပ်တို့ ထဲထဲဝင်ဝင် သိရှိထားကြရန် အထူးလိုအပ်လာနေပြီဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့်နိုင်ငံများ အများအပြားရှိရာသည်နေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် ယနေ့ဥရောပတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာကာ အင်အားကြီးနိုင်ငံဖြစ်နေသည့် ဂျာမနီနိုင်ငံ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုစနစ်ကိုလည်း စာရေးသူ သွားရောက်လေ့လာခဲ့သမျှ အတုယူအားကျဖွယ်အဖြစ် စာရေးသူ အလျဉ်းသင့်၍ တင်ပြချင်ပါသေးသည်။ထိုနိုင်ငံ၏ ဖက်ဒရယ်စနစ်ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တာဝန်ရှိသူများလည်း သွားရောက်လေ့လာခဲ့ကြဖူးသည်ကိုလည်း တွေ့ခဲ့ရဖူးသည်။အဆိုပါ ဂျာမနီနိုင်ငံ၏ ဖက်ဒရယ်စနစ်အကြောင်း တင်ပြရလျှင် အဆိုပါနိုင်ငံသည် ၎င်းနိုင်ငံ၏အမည်ကိုပင်လျှင် ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ၎င်းတို့၏ ဗဟိုအစိုးရကို ပါတီအစုံမှ ကိုယ်စားလှယ်များဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းထားသည်။

၎င်းတို့နိုင်ငံသည် ပြည်နယ် ၁၆ ခုရှိပြီး ဒုတိယကမ္ဘာစစ်ကြီး၏ သမိုင်းကြောင်း အတွေ့အကြုံများကိုရယူကာ နိုင်သူအကုန်ယူစတမ်းဖြင့် အစိုးရဖွဲ့ ခွင့်ရသည့် တစ်ပါတီအာဏာရှင်စနစ်မျိုးကို စွန့်ခွာကာ ၄ နှစ်တစ်ကြိမ် ရွေးကောက်ပွဲများကျင်းပခဲ့ပြီး ၁၉၄၉ ခုနှစ်မှစတင်ကာ မဲအများဆုံးရရှိသည့်ပါတီက ကျန်ပါတီများနှင့်ပေါင်းဖက်ပြီး ညွန့်ပေါင်းအစိုးရ (Grand Coalition Governemnt) ကိုဖွဲ့စည်းကာ နိုင်ငံတော်ကို တိုးတက်ခေတ်မီအောင်အုပ်ချုပ်ခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်တွင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (Basic Law  For the Federal Repulic of Germany  23th May 1949) တွင်လည်း မဏ္ဍိုင်ကြီး ၃ ရပ်အား အတတ်နိုင်ဆုံး ဗဟိုဦးစီးစနစ်ကို လျှော့ချထားပြီး ပြည်နယ်များသို့ အာဏာခွဲဝေကျင့်သုံးစေခြင်း နှင့် အပြန်ပြန်အလှန်လှန် ထိန်းကျောင်းခြင်းတို့ ထည့်သွင်းထားသည်။ ၎င်းအပြင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာများကိုလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြသည့်စနစ်ကိုလည်း တွေ့ရှိရပြီး သယံဇာတခွဲဝေရေးစနစ်တွင်လည်း ပြည်နယ်များအချင်းချင်း ပူးပေါင်းထည့်ဝင်ခွဲဝေဆောင်ရွက်သော ဖက်ဒရယ်စနစ် (Cooprative Federal System) ကို ကျင့်သုံးကြောင်းတွေ့ရှိခဲ့ရသည်။ ၎င်းတို့အစိုးရ၏ ထူးခြားသောဆောင်ရွက်ချက်တစ်ရပ်မှာ စီးပွားရေးမူဝါဒများ၊ နိုင်ငံရေးကိစ္စများ၊ ဥပဒေပြုခြင်းများအပြင် အခြားမည်သည့်ကိစ္စများဆောင်ရွက်ကြသည်ဖြစ်စေ ညွန့်ပေါင်းအစိုးရအနေနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အဖွဲ့ပညာရှင်များ၊ ပြည်နယ်များမှတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့နှင့် အစဉ်ညှိနှိုင်းပြီးမှ ချမှတ်ဆောင်ရွက်ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ၎င်းတို့အစိုးရအနေနှင့် မည်သည့်အခါမျှ ကြီးမားသောအမှားကို ပြုလုပ်ခြင်းမရှိသော အစိုးရ (They  didn’t do any major mistake) ဟုပင် မှတ်ချက်ပြုကြကြောင်းကိုလည်း စာရေးသူ လေ့လာမိခဲ့ရသည်။

ထို့ကြောင့်ပင် ကျွနု်ပ်တို့နိုင်ငံတွင် မကြာမီကျရောက်မည့် (၇၂)နှစ် မြောက်လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များ အောင်မြင်ပြီးမြောက်ဖို့ဆိုလျှင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းရေးဆောင်ရွက်ကြရမည်ဖြစ်ကာ တိုင်းရင်းသား အားလုံးပါဝင်သည့် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရေးသည် နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိခြင်း၊ မရှိခြင်းအပေါ်တွင် လုံးလုံးတည်မှီ ကျရောက်လျက်ရှိနေပါသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြား ချစ်ကြည်စည်းလုံးရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အရေးတန်းတူ ညီမျှခံစားခွင့်ရရှိရေးတို့ကို လိုတိုးပိုလျှော့ အလေးပေးတွက်ချက် စဉ်းစားဆောင်ရွက်ကြမှသာလျှင် နောင်ဆက်လက်ဆောင်ရွက်ကြရမည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံစစ်စစ် ပေါ်ပေါက်ရေးသည်လည်း အဆင်ပြေချောမွေ့ လာစေနိုင်မည်ဟုလည်း သုံးသပ်ရမည်ဖြစ်သည်။

သို့အတွက် အချုပ်အားဖြင့်ဆိုရလျှင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်ဆိုလျှင် ယခုအချိန်တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးနေကြသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စု အစိုးရဘက်က နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားပြုခေါင်းဆောင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ပေါင်းစုံ အလွှာအသီးသီးမှပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများအားလုံးအနေနှင့် တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းအကြံပေးခြင်း၊ ပူးပေါင်းပါဝင်ကြခြင်း၊ သူ့ဘက်ကိုယ့်ဘက် လိုက်လျောခြင်း၊ အချင်းချင်း ညှိနှိုင်းဆွေးနွေးအဖြေရှာကြခြင်းများကို အားလုံးပါဝင်ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်တတ်သည့် နိုင်ငံရေး ယဉ်ကျေးမှု မျက်နှာစာအသစ်တစ်ရပ် (Consensus Oriented Political Culture) ကို ၂၀၂၀ ပြည့်နှစ်တွင် ဖော်ဆောင်ရန်အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါ သည်။ 
 
 သန်းဖြိုးနိုင် 


  • VIA