News

POST TYPE

OPINION

ကိုယ်ရှိန်သတ်ကာ ပြဿနာ ရှောင်တတ်ပါစေ (Daily, Vol-7/No-220)
24-Dec-2019
နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော နယ်နိမိတ်ဆိုင်ရာ တင်းမာမှုများ၊ စစ်မက်ဖြစ်ပွားစေနိုင်သည့် ပြဿနာများအပါအဝင် ပဋိပက္ခအသီးသီးတို့ကို ပြေလည်အောင် ဝိုင်းဝန်းကြိုးပမ်းကြရာ၌ Restrain ဟူသည့် စကားလုံးကို သက်ဆိုင်ရာ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေးခေါင်းဆောင်များက အထူးတလည် သုံးစွဲလေ့ရှိကြပေသည်။ 

အထူးသဖြင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စကဲ့သို့သော ပြဿနာကြီးများတွင် ပါဝင်ပတ်သက်နေသူ (သက်ဆိုင်နေသူများ) အနေနှင့် ပြဿနာဖြစ်စေမည့်(အချင်းများစေမည့်) အပြုအမူ၊ အပြောအဆိုမျိုးမလုပ်ဘဲ Restrain လုပ်ကြရန် အခြားကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အစိုးရများက ဝိုင်းဝန်းတိုက်တွန်းလေ့ရှိပေသည်။ မြန်မာဆန်ဆန်ပြောရလျှင် “ကိုယ်ရှိန်သတ်ထားသင့်သည်” ဆိုသော သဘောမျိုးနှင့် အတော်လေးနီးစပ်မည်ဟု ထင်ပါသည်။

Restrain ဟူသော ဝေါဟာရအတွက် အဘိဓာန်အဓိပ္ပာယ်ဖွင့်ချက်တွင် “Prevent (Someone or Something) from doing something; keep under control or within limits” ဟု ဆိုထားပေသည်။ လူတစ်ဦးတစ်ယောက်၊ လူစုတစ်စု သို့မဟုတ် အရာတစ်ခုအနေနှင့် တစ်စုံတစ်ခုလုပ်၍မရနိုင်အောင် ကာကွယ်ဟန့်တားပေးခြင်း၊ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် ပြုမူနေထိုင်ခြင်း၊ ယင်းသို့ နေထိုင်စေခြင်းဟု ယေဘုယျဆိုနိုင်ပေသည်။ ပြဿနာတစ်ခု၊ ပဋိပက္ခတစ်ခုအတွင်း ရောက်နေသည့် အခြေအနေအရဆိုပါက ပြဿနာမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေကြရမည်ဟု ဆိုလိုရင်းဖြစ်သည်။ 

လူနှစ်ဦးကြားခိုက်ရန်ဖြစ်ပွားမှုမှသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကြီးများ အဆင့်အထိဖြစ်သော အရေးကိစ္စများကိုကြည့်လျှင် တစ်ခါတစ်ရံ အပ်နှင့်ထွင်း၍ ရနိုင်သည့်အဆင့်တွင် အပ်ကိုအသုံးမပြုခဲ့ခြင်းကြောင့် အပ်ထက်အဆများစွာကြီးသော ပုဆိန်ကဲ့သို့သော အရာမျိုးကို အသုံးပြုရသည့်အခြေအနေသို့ရောက်သွားလေ့ရှိသည်ကိုတွေ့ရပေမည်။ ရခိုင်အရေးကိစ္စမှာ အကောင်းဆုံးဥပမာ ဖြစ်မည်ထင်သည်။ သေးငယ်သောအမှုတစ်ခုမှာ ကိုယ်ရှိန်မသတ်နိုင်သော၊ ဆင်ခြင်တုံ တရားနုံနဲ့သော၊ နိုင်ငံရေးအမြတ်ထုတ်လိုသောသူများနှင့်တွေ့ ကြုံလိုက်ရချိန်တွင် နိုင်ငံတကာတရားခုံရုံး၌ ပြဿနာရှင်းရသည်အထိဖြစ်ခဲ့ရသည်မှာ ရင်နာစရာကောင်းလှပေသည်။ 

ကမ္ဘာပေါ်တွင်ဖြစ်ပေါ်ခဲ့သော လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများသာမက ယင်းနှင့်ဆက်နွှယ်သည့် စစ်မက်ကြီးများကို ကြည့်မည်ဆိုလျှင်လည်း တစ်ဖက်နှင့် တစ်ဖက်ကိုယ်ရှိန်သတ်နိုင်အောင် လူမျိုးရေးနှင့် ဘာသာရေးခေါင်းဆောင်များက နောက်လိုက်များကို သွန်သင်ဆုံးမရမယ့်အစား မီးလောင်ရာလေပင့်သည့်သဘော မျိုးဖြစ်စေသည့် အပြောအဆိုနှင့် အပြုအမူများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြခြင်းကြောင့် နောက်ဆုံးတွင် အဖိုးတန်သော လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရသည်အထိဖြစ်ခဲ့ကြသည်ကိုတွေ့ရပေမည်။ 

သို့သော် Restrain လုပ်သည်၊ ကိုယ်ရှိန်သတ်သည်ဆိုရာ၌ ပြဿနာ သို့မဟုတ် ပဋိပက္ခမဖြစ်ပေါ်အောင် အောင့်အည်းထိန်းချုပ်သည့် သဘောကိုဆိုလိုပြီး ဘာဖြစ်ဖြစ် ခေါင်းငုံ့ခံမည်ဟူသော သဘောမျိုးမဟုတ်သည်ကို ဒီမိုကရေစီ ထွန်းကားရန် ကြိုးပမ်းလိုသော လူ့အဖွဲ့အစည်းအနေနှင့် အထူးသတိပြုသင့်ပေသည်။ ဖြစ်ပြီးသော ပြဿနာမျိုးထပ်မဖြစ်လာစေရန်၊ ဖြစ်နေသော ပြဿနာပိုမို မကြီးထွားစေရန်နှင့် ဖြစ်လာနိုင်ခြေရှိသော ပြဿနာများမဖြစ်ရန် သက်ဆိုင်သူများက ထိန်းထိန်း သိမ်းသိမ်းနေကြရမည့်သဘောကိုသာ ဆိုလိုပေသည်။ မြန်မာ့စကားပုံများထဲတွင် “ကြမ်းကျွံကနုတ်ရသော်လည်း နှုတ်ကျွံကနုတ်၍မရ” ဆိုသည်မှာ တစ်ဖက်နှင့် တစ်ဖက်ပြောမှားဆိုမှားဖြစ်မည်ကို အထူးသတိချပ်စေလိုသည့် အဖိုးတန်အဆုံးအမ တစ်ရပ်ဟု ဆိုရပေမည်။ 

လူမှုကွန်ရက်အသုံးပြုသည့် ခေတ်ထဲတွင်မူ တစ်ဦးနှင့်တစ်ဦး အပျော်အပြက် နောက်ပြောင်သည့်ကွန်းမန့်များမှသည် မတူညီသော အခြားလူ့အသိုင်းအဝိုင်းတစ်ခု၊ ယဉ်ကျေးမှုတစ်ခုကို တမင်တကာစော်ကားပုတ်ခတ်သည့် သဘောမျိုးသက်ရောက်သွားနိုင်ပေရာ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးချင်းစီ ကိုယ်တိုင်ကိုယ်၌က ကွန်းမန့်မရေးမီနှင့် ရေးနေစဉ်မှာ ဖြစ်လာနိုင်သည့် အကျိုးဆက်ကို ဆင်ခြင်နိုင်ပါမှ ပြဿနာများမကြီးထွားအောင် ထိန်းသိမ်းနိုင်မည်ဖြစ်ပေသည်။ 

ယခုအခါ မြန်မာ့နိုင်ငံရေးအတွက် နောက်ထပ်အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်သော ၂၀၂၀ ဒီမိုကရေစီရွေးကောက်ပွဲနှင့် တဖြည်းဖြည်းချင်းနီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း နိုင်ငံရေးအမြတ်ထုတ်လိုသူများက အမျိုးသားရေးဆိုသည့် မရိုးနိုင်သောဖဲချပ်ကိုကိုင်ပြီး လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများ ဖြစ်အောင် ဖန်တီးနိုင်သည့် အန္တရာယ်ရှိပေရာ ကြီးမားသည့်သင်ခန်းစာရနှင့်ပြီးသားဖြစ်သော နိုင်ငံသားများအားလုံးက သတိကြီးစွာဖြင့်နေထိုင်ရန် လိုအပ်ကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ (၂၃ - ၁၂ - ၂၀၁၉)