News

POST TYPE

OPINION

မရယ်ရသော ပြက်လုးံများနှင့် ရင်နာရသော ဟာသများ
23-Dec-2019


လူ့ဘောင် အဖွဲ့အစည်းများက စည်းဖွဲ့တင်းကျပ်ထားပါသော စည်းကမ်းနည်းနာများကို ဖျက်ဆီးကြသည့် အခါမျိုးများတွင် လူသားများသည် လူသားတို့ထားအပ်သောစိတ်ထားများနှင့် လွတ်ကင်းသွားတတ်ပေသည်။ လူသားများထားရှိအပ်ပါသော စောင့်စည်းသင့်သည့်အရာများကို ကျူးလွန်ဖောက်ဖျက်ကြသူများဆိုသည်မှာ စာနာမှုကင်းမဲ့ကြသည့် လူသားများဟု ခေါ်ဆိုခြင်းငှာ ထိုက်တန်လှပေသည်။

စောင့်စည်းထိန်းသိမ်းအပ်သော လောကဝတ်များကို ဖောက်ဖျက်ကျူးလွန်ကြသည့် လူသားများ၌ စာနာစိတ်ဟူသည်မှာ နည်းပါးလွန်းပေမည်။ အဂတိတရားများကြောင့်လည်း စာနာစိတ်များကင်းလွတ် ကြခြင်းမျိုးများ ဖြစ်နိုင်ပါပေသည်။ သို့သော် လူသားတိုင်းလူသားတိုင်း၌ သဘာဝကပေးအပ်ထားသော စောင့်စည်းအပ်သည့်အရာများမှာ မွေးဖွားကတည်းကပင် ပါလာလို့နေပေသည်။ လောကကိုစောင့်ရှောက်တတ်သော လောကပါလတရားများနှင့် ဝေးကွာကြသည့်လူသားများ၌ စာနာစိတ်ဟူသော အဓိပ္ပာယ်ကို သိရှိကြမည်မဟုတ်ပါပေ။ အဂတိတရားများ၏ အရိပ်မိုးခြင်းခံထားကြရသူများ၌လည်း စာနာစိတ်ဟူသည်မှာ ကြားဖူးရုံမျှပင်ဖြစ်ပေမည်။ လိုက်နာကျင့်သုံးဖို့ရန်ကား ဝေးကွာလွန်းပေမည်။ လောကပါလတရားများနှင့် ဝေးကွာကြ၍ စာနာစိတ်မရှိကြ သောလူသားများမှာ ပေါင်းသင်းအပ်သည့် လူသားများဟု မဆိုနိုင်ပါပေ။ ထို့ထက်ပို၍ဆိုရလျှင် လောကပါလတရားများနှင့် ဝေးကွာလွန်းကြ၍ စာနာ စိတ်ကင်းမဲ့သော လူသားများဆိုသည်မှာ လူဟုပင်မဆိုအပ်၊ မဆိုထိုက်ပါပေ။

ကျွန်တော်တို့တစ်တွေ၏ လူ့ဘောင်လူ့လောကတွင် ဖြစ်ပျက်နေသည်များကို ကြည့်ရှုကြလျှင် စာနာစိတ်ကင်းမဲ့သော စရိုက်လက္ခဏာများကို တွေ့ ကြရပေမည်။ မိမိနှင့်တကွ လောကကိုစောင့်ရှောက်တတ်ပါသော လောကပါလတရားများနှင့်ဝေးကွာကြသည့် လူသားများကို တွေ့ကြရပေမည်။ အချို့သော လူသားများသည် လောကပါလတရားများကိုပင် သိရှိကြခြင်းမျိုး မရှိကြပေ။ လောကကိုစောင့်ရှောက်တတ်ခြင်းများဟူသည် မိမိကိုယ်ကိုယ် စောင့်ရှောက်နေသည့်အဖြစ်ကို မသိရှိကြပေ။ လောကကိုစောင့်ရှောက်တတ်သော လောကပါလတရားများကို ကျင့်ကြံခြင်းများဆိုသည် မိမိတို့၏ ပတ်ဝန်းကျင်ကို စောင့်ရှောက်တတ်သည့် အဖြစ်များကို သိရှိကြခြင်းမျိုး မရှိကြပါပေ။ 

ထိုကဲ့သို့ပင် မကောင်းမှုဒုစရိုက်တရားများကို ပြုလုပ်ပြောဆိုကြရန် အရှက်တရားနှင့် အကြောက်တရား မရှိကြခြင်းများသည် မိမိနှင့်တကွသော မိမိတို့၏ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေပါသည်။ မကောင်းမှုများ၏ တန်ပြန်ဖြစ်တတ်သည့် တုံ့ပြန်မှုများဆိုသည်မှာ မိမိနှင့်တကွသော မိမိတို့၏ ပတ်ဝန်းကျင်ကိုပါ ဆွဲခေါ်ဖျက်ဆီးခြင်းငှာ ဆိုးရွားလှပေသည်။ မကောင်းမှုများ၏ တုံ့ပြန်မှုများမှာ မီးခဲကိုပြာဖုံး နေသည့်ပမာပင် သိုဝှက်နေတတ်ပေသည်။ မကောင်းမှုများ၏ အကျိုးပေး ချိန်ရောက်လျှင်ကား လျင်မြန်စွာတောက်လောင်တတ်သည့် မီးခဲများပမာပင် ပူလောင်မှုများဆီသို့ လျင်မြန်စွာအသွင်ပြောင်းသွားမည်သာ ဖြစ်ပေသည်။

ယနေ့ဖြစ်ပေါ်နေသော ကျွန်တော်တို့နိုင်ငံအတွင်းက အဖြစ်အပျက်များကို ကြည့်ရှုကြလျှင်ဖြင့် စာနာစိတ်ဆိုသော အဓိပ္ပာယ်များ၏ ခြားနားချက်များကို တွေ့ ကြရပေမည်။ လောကကိုစောင့်ရှောက်ခြင်းဟူသည့် လောကပါလတရားများ ခေါင်းပါးလာမှုများကို ကြားသိလို့နေရပေမည်။ လူသားမဆန်ကြသည့် အပြူအမူအလေ့အထများကို မြင်တွေ့ရနိုင်ပေသည်။ ပြောင်မြောက်လှသော စံပြလူသားများ၏ အပြုအမူများကိုမဆိုထားနှင့် လူသားများ၏ ပုံမှန်စိတ်ထားကိုပင် တွေ့ရှိနိုင်ရန် ခက်ခဲလှသည့် လောကဟူသည် အဘယ်မှာ ကောင်းကျိုးများမည်နည်း။
တစ်နည်းအားဖြင့် လူသားမဆန်သော လူသားများ၏ အရိပ်အောက်တွင် ခိုလှုံကြရသည့် လူ့ဘောင်ထဲတွင် ကောင်းကျိုးများ၊ မျှော်လင့်ခွင့်များ မရရှိနိုင်သည်မှာ သေချာတိကျလှပေသည်။

ဖြူစင်သောမျှော်လင့် ချက်များနှင့် ရှင်သန်လိုကြသည့် လူသားတိုင်းသည် စာနာစိတ်များကို အမြဲတမ်းမွေးမြူလို့ထားရပေမည်။ စာနာစိတ်ကင်းမဲ့သော အရိပ်အောက်၌ ငြိမ်းချမ်းခြင်းများဟူသည် မည်သည့်အချိန်မျှ ရရှိနိုင်မည် မဟုတ်ပေ။ ငြိမ်းချမ်းမှုမရရှိသော လူသားတိုင်း၌ စိုးရိမ်သောကများ ရှိနေကြမည်ဖြစ်သည်။ စိုးရိမ်သောကများနှင့် နေနေရသောလူသားများ၌ ငြိမ်းချမ်းမှုများမှာ မည်သည့်အချိန်မျှ ရနိုင်လိမ့်မည် မဟုတ်ပေ။

ကျွန်တော်တို့တစ်တွေ စဉ်းစားရမည်မှာ ကျွန်တော်တို့တစ်တွေ၏ မျှော်လင့်ချက်အမိုးအကာအောက်၌ ခိုလှုံကြခြင်းများပင်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေ လိုချင်လှသည့် လောကပါလတရားများနှင့် စောင့်ရှောက်ပေးတတ်သည့် အမိုးအကာအရံများကို မည်သို့ရှာဖွေကြမည် ဟူသည့် အမေးပုစ္ဆာ၏ အဖြေပင်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေ၏ ခံစားချက်များနှင့် ထိုက်တန်သည့် တုံ့ပြန်မှုများကို မရရှိကြခြင်းများ ကပင်လျှင် ဒဏ်ရာအနာတရဖြစ်စေတတ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ဖြစ်ပျက်မှုဟူသမျှသည် တိုက်ဆိုင်မှုများဟု မရှုမြင်လိုပါပေ။ ခံရသူတိုင်းကိုလည်း အတိတ်အကြွေးဟောင်းဟု မသတ်မှတ်စေလိုပေ။ ပြုသူများကိုလည်း ဝဋ်ကြွေးအသစ်ထဲသို့ ထိုးသွင်းမပစ်ကြဖို့ရန် လိုအပ်ပေသည်။ စာနာစိတ်မဲ့သော လူသားများနှင့် ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်ကြရသည့် အချိန်များ၌ အတားအဆီး တစ်ခုဆိုသည်ထက် ပို၍ကျော်ဖြတ်ကြဖို့ရန် ကြိုးစားသင့်ပေသည်။ လူ့လောကတစ်ခွင်၌ တွင်ကျယ်စွာ အသုံးပြုနေသော စကားတစ်လုံး ရှိပေသည်။ ၎င်းမှာ သေခန်းပြတ်သည်ဟူသော စကားပင်ဖြစ်သည်။ ထိုသေခန်းပြတ်ဟူသည့် စကားလုံးမျိုးများကို ကျွန်တော်တို့တစ်တွေ၏ ပတ်ဝန်းကျင်များတွင် ကြားရတတ်ပေသည်။ အဘယ်ကြောင့် သေခန်းပြတ်ဟူသော မုန်းတီးနာကြည်းတတ်သည့် စကားလုံးမျိုးများကို ပြောတတ်ကြပါသနည်း။

သည်းခံစိတ်များကုန်ဆုံးသွားတတ်ကြသည့် အချိန်မျိုးများ၌ ရင်ထဲကနေ၍ နာနာကျင်ကျင်ထွက်လို့လာတတ်သည့် စကားလုံးများမှာ သေခန်းပြတ်သည်ဟူသော လမ်းဆုံးစကားမျိုးကို ဆိုတတ်ကြခြင်းများပင် မဟုတ်ပါလော။ ထို့ကြောင့် ခေတ်အရွေ့ကန့်လန့်ကာ ရှေ့ကပြက်လုံးကောင်းများကို ကြည့်ရှုနားဆင်ကြရင်းဖြင့် သေခန်းမဟုတ်သည့် ရှင်ခန်းဖြတ်နည်းများကိုလည်း ကျွန်တော်တို့အားလုံး လေ့လာကြပါစို့ဟုသာ တိုက်တွန်းရေးသားလိုက်ရပါသည်။

 ခိုင်မြင့်ဝေ



  • VIA