News

POST TYPE

OPINION

ဥပဒေပြုရေး အခန်းကဏ္ဍ
23-Dec-2019

မြန်မာ အသွင်ကူးပြောင်းရေးတွင် အရေးပါဆုံးကဏ္ဍတစ်ရပ်သည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည်။ လွှတ်တော်များသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်များဖြစ်ပါသည်။ လွှတ်တော်များသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ပိုင်ခွင့် အာဏာရရှိထားရန်လိုအပ်ပြီး လိုအပ်သော နည်းလမ်းများလည်းများလည်း ရှိရမည်ဖြစ်သည်။ လွှတ်တော်များသည် ယင်းတို့၏တာဝန်များ အတွင်းအရေးကြီးသည့် ဒီမိုကရေစီတန်ဖိုးများ ပါဝင်ရန်လိုအပ်ပြီး ပြည်သူလူထု၏မျှော်မှန်းချက်များရရှိရေး အထောက်အကူဖြစ်ရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် လွှတ်တော်များသည် ဖွံ့ ဖြိုးတိုးတက် မှုအတွက် ဗဟိုချက်မလည်း ဖြစ်ပါသည်။

ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံများတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များသည် ဆုံးဖြတ်ချက်များကို မျှဝေဆုံးဖြတ်သည့် သွင်ပြင်လက္ခဏာများ ရှိကြပါသည်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် သမားရိုးကျအားဖြင့် အပြန်အလှန် ထိန်းကျောင်းနိုင်သည့် သဘောရေးဆွဲကြသည်။ သို့သော်လည်း နိုင်ငံတစ်နိုင်ငံချင်းစီ၏ မတူကွဲပြားသော အခြေအနေများကြောင့် နိုင်ငံရေးအဏာကို မည်သို့ ကျယ်ကျယ်ပြန့်ပြန့် ခွဲဝေထားသည်နှင့် မူဝါဒများချမှတ်ရာတွင် မည်သို့အပြန်အလှန် ထိန်းကျောင်းနိုင်သည် စသည့်တို့တွင် ကွဲပြားမှုများ ရှိကြသည်။ မတူညီသောနိုင်ငံရေးစနစ်များတွင် မတူညီသောထိန်းကျောင်းသည့် စနစ်များကျင့်သုံးကြသည်။ ဥပဒေပြုရေး၏ ထိန်းကျောင်းသည့် ကိရိယာများတွင် ဝန်ကြီးဌာနများကို မေးခွန်းမေးမြန်းခြင်း၊ သက်ဆိုင်ရာဌာနအလိုက် ကော်မတီများ အသုံးပြုခြင်းနှင့် စုံစမ်းမေးမြန်းခြင်းစသည်များ ပါဝင်သည်။ လတ်တလောနှစ်များအတွင်း အစိုးရ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ နိုင်ငံတိုင်းတွင် တိုးမြင့်လာသည့် စိတ်ဝင်စားမှုသည် ဥပဒေပြုရေး၏ တာဝန်ယူမှုကဏ္ဍအပေါ် ပိုမိုအာရုံစိုက်လာသည်ကို တွေ့ရပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုရေးအားသုံးသပ်ရာတွင် ယင်းနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ်၊ သမားရိုးကျဥပဒေပြုရေးအာဏာ၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်နှင့် ဥပဒေပြုရေး၏ နည်းစနစ်ပိုင်း စွမ်းဆောင်ရည်များကဲ့သို့ ဥပဒေပြုရေး၏ အရည်အသွေးနှင့် ထိန်းကျောင်း နိုင်မှုအခြင်းအရာများကို စဉ်းစားရန် လိုအပ်လာသည်။ 
တိုးတက်သောဥပဒေပြုရေးဆိုင်ရာ ဦးဆောင်မှုသည် လွတ်လပ်သောဥပဒေပြုရေးတွင် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှုနှင့် ဥပဒေပြုရေး၏ ထိရောက်မှုကို မျှော်မှန်းနိုင်သည်။

ဥပဒေပြုသူများအနေနှင့်လည်း ကိုယ်စားပြုရေး၊ စောင့်ကြည့်ထိန်းကျောင်းရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ၎င်းတို့၏တာဝန်ကို စွမ်းဆောင်နိုင်စွမ်းရှိစေရန် မူဝါဒချမှတ်ရာတွင် မဏ္ဍိုင်များအကြား ပူးပေါင်းမှု အတိုင်းအတာတစ်ခုလိုအပ်မည်ဖြစ်သည်။ ဤနေရာတွင် သက်ဆိုင်ရာမဏ္ဍိုင်များသည် မူဝါဒများထိရောက် အကျိုးရှိရန်အတွက် စေ့စပ်ညှိနှိုင်းမှုနှင့် သဘောတူညီမှုရရှိလိုသည့် ဆန္ဒများရှိရန် လိုအပ်ပါသည်။ ဥပဒေပြုရေး သည်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် စောင့်ကြည့်ထိန်းကျောင်းနိုင်သည့် စွမ်းရည်ရှိရန်လိုအပ်ပြီး အုပ်ချုပ်ရေးကဏ္ဍသည်လည်း ဥပဒေပြုရေး၏ ပြဋ္ဌာန်းချက်များကို လိုက်နာလိုသည့်ဆန္ဒရှိရန် လိုအပ်သည်။

ဥပဒေပြုရေး၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ကိုယ်စားပြုရေး၊ ဥပဒေပြုရေးနှင့် စောင့်ကြည့်ထိန်းကျောင်းခြင်းများကို ဆောင်ရွက်ကြရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆောင်ရွက်သည့်နည်းလမ်းများ မတူညီတတ်ကြချေ။ ဥပဒေပြုရေးများကို ၎င်းတို့၏လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့် အဆင့်အလိုက် ရော်ဘာတံဆိပ်တုံးဥပဒေပြုရေး (Rubberstamp Legislature)၊ အကန့်အသတ်ဥပဒေပြုရေး (Arena Legislature)၊ စွမ်းရည်မြင့်ဥပဒေပြုရေး (Transformative Legislature) နှင့် တိုးတက်ပြောင်းလဲနေသည့် ဥပဒေပြုရေး (Emerging Legislature) တို့အဖြစ်ပုံစံများ ခွဲခြားသတ်မှတ်ကြသည်။

ခိုင်မာအားကောင်းသည့် ဥပဒေပြုရေးများ တည်ဆောက်ရာတွင် လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့် အနည်းငယ်သာရှိခြင်းကို ရော်ဘာတံဆိပ်တုံး ဥပဒေပြုရေး (Rubberstamp Legislature) ဟု ဆိုသည်။ ယင်းဥပဒေပြု အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်များကို နိုင်ငံရေးစနစ်အတွင်းရှိ တစ်စုံတစ်ရာထံမှ အထူးသဖြင့် ပါတီများ သို့မဟုတ် အုပ်ချုပ်ရေးကဏ္ဍမှ လုပ်ဆောင်သည်။ များသောအားဖြင့် ယင်းပုံစံတို့ကို ကွန်မြူနစ်ဝါဒီများ သို့မဟုတ် အာဏာရှင်နိုင်ငံများတွင် ကျင့်သုံးလေ့ရှိသည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် ဦးဆောင်ပါတီက ဆုံးဖြတ်ချက်ချလေ့ရှိပြီး လွှတ်တော်က ယင်းတို့၏ ဆုံးဖြတ်ချက်များကို အတည်ပြုထောက်ခံသည့် သဘောဖြစ်သည်။ ယင်းဥပဒေပြုရေးအဖွဲ့အစည်းအပေါ် လူထု၏မျှော်လင့်ချက်၊ လိုလားချက်များ နည်းပါးသောကြောင့် ရော်ဘာတံဆိပ်တုံး ဥပဒေပြုအဖွဲ့အစည်းများသည် ဌာနတွင်းဖွဲ့စည်းပုံ သို့မဟုတ် ကျွမ်းကျင်သောဝန်ထမ်း အနည်းငယ်သာ လိုအပ်ပြီး ကာလကြာရှည်သည့် ဥပဒေပြုအစည်းအဝေးများ မလိုအပ်ချေ။ ယခင်ဆိုဗီယက်ယူနီယံနှင့် မက္ကဆီကန်ကွန်ဂရက်စ်တို့ကို ရော်ဘာတံဆိပ်တုံးဥပဒေပြုလွှတ်တော်များအဖြစ် သတ်မှတ်နိုင်သည်။

ဥပဒေပြုရေး၏ လုပ်ပိုင်ခွင့်နှင့်လွတ်လပ်မှု ကျဉ်းမြောင်းခြင်းကို အကန့်အသတ်ဥပဒေပြုရေး (Arena Legislatures) ဟုဆိုသည်။ အကန့်အသတ် ဥပဒေပြုရေးအဖွဲ့အစည်းသည် ရော်ဘာတံဆိပ်တုံးဥပဒေပြုရေး အဖွဲ့အစည်းထက် လုပ်ပိုင်ခွင့်ပိုမိုရရှိကြသည်။ ထို့အပြင် အမှန်တကယ် ဆွေးနွေးခြင်း၊ ပြောဆိုခြင်းများရှိသည်။ သို့သော်မူဝါဒချမှတ်ခြင်းများကို ဥပဒေပြုရေး၏ပြင်ပမှ အထူးသဖြင့် အုပ်ချုပ်ရေးကဏ္ဍ သို့မဟုတ် နိုင်ငံရေးပါတီများထံမှ အစပြုကြသည်။ အကန့်အသတ် ဥပဒေပြုရေးတွင် လူမှုအဖွဲ့အစည်းအတွင်း မတူကွဲပြားမှုများကို ရှင်းလင်းစွာထုတ်ဖော် ပြောဆိုနိုင်သည်။ ထို့အပြင် အစိုးရ၏ လုပ်ဆောင်မှုများနှင့် စီမံကိန်းများကို ရှုထောင့်အမျိုးမျိုးမှ အကဲဖြတ်နိုင်သည်။ သို့သော်၎င်းတို့သည် မူဝါဒ အဆိုပြုခြင်းများကို စတင်ခြင်း သို့မဟုတ် ပုံစံချခြင်းတို့ မလုပ်ဆောင်နိုင်ချေ။ အကန့်အသတ်ဥပဒေပြုရေးသည် ရော်ဘာတံဆိပ်တုံးဥပဒေပြုရေးထက် သတင်းအချက်အလက် ပိုမိုလိုအပ်သည်။ ယင်းတို့သည် ဆွေးနွေးမှုများ ဆောင်ရွက်ရန်နိုင်အတွက် အဖွဲ့အစည်းအတွင်း လုံလောက်သော စွမ်းဆောင်ရည်များလိုအပ်သည်။ ထို့အပြင် ဥပဒေပြုရေး၏ လုပ်ငန်းများကို မှန်ကန်စွာထိန်းကျောင်းနိုင်သည့် ကော်မတီစနစ်များလည်း ဖွဲ့စည်းထားရှိသည်။ အကန့်အသတ်ဥပဒေပြုရေးကို သာမိုမီတာနှင့် ဥပမာပြုနိုင်သည်။ သာမိုမီတာသည် ၎င်းပတ်ဝန်းကျင်ရှိ အပူချိန်အတိုင်းအတာကို တိကျစွာဖော်ပြနိုင်သော်လည်း ထိုအပူချိန်ကို ပြောင်းလဲနိုင်ခြင်းမရှိချေ။ အကန့်အသတ်ဥပဒေပြုရေးသည် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ နိုင်ငံရေးအပူချိန်ကိုမူ တိကျစွာဖော်ပြနိုင်သည်။ ယနေ့ ဗြိတိန်နိုင်ငံ၏ လွှတ်တော်များကို အကန့်အသတ်ဥပဒေပြုရေးအဖြစ် ရှုမြင်နိုင်သည်။

စွမ်းရည်မြင့်ဥပဒေပြုရေး (Transformative Legislatures )) များသည် မတူကွဲပြားသော လူမှုအကျိုးစီးပွားများကို ကိုယ်စားပြုသည် သာမက မူဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာများကိုလည်း ထင်ဟပ်စေပါသည်။ Transformative Legislatures များသည် သာမိုစတက်များတူသည် ဟုဆိုနိုင်သည်။ သာမိုစတက်များသည် အပူသို့မဟုတ် လေအေးပေးစက်ကို ဖွင့်ခြင်းအားဖြင့် အခန်းအပူချိန်ကို ပြောင်းလဲသွားသကဲ့သို့ပင် Transformative Legislatures တို့သည် အစိုးရက အဆိုပြုသော မူဝါဒများနှင့် ဘတ်ဂျက်တို့ကို ပြောင်းလဲနိုင်ပြီး ၎င်းတို့ကိုယ်တိုင်က မူဝါဒများကို စတင်အဆိုပြုနိုင်သည်။ အဆိုပါဥပဒေပြုရေးအဖွဲ့အစည်းများသည် များစွာရှုပ်ထွေးလှသည့် ဌာနဖွဲ့စည်းမှုများရှိပြီး သတင်းအချက်အလက်လည်း များစွာလိုအပ်ပါသည်။ ထို့အပြင် လေ့ကျင့်သင်ကြားပေးထားသည့် ကျွမ်းကျင်ဝန်ထမ်းများအပေါ်များစွာ မှီခိုအားထားရသည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်သည် Transformative Legislatures ၏ အကောင်းဆုံးနမူနာပုံစံ ဖြစ်သည်။

တိုးတက်ပြောင်းလဲနေသည့် ဥပဒေပြုရေးများ (Emerging Legislatures) သည် ပုံစံတစ်မျိုးမှ အခြားပုံစံတစ်မျိုးသို့ပြောင်းလဲနေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ကမ္ဘာအနှံ့ရှိ များလှစွာသော ဥပဒေပြု ရေးများသည် အစိုးရ၏ မူဝါဒများအပေါ် ပိုမိုထိန်းကျောင်းမှုကို ကျင့်သုံးလျက်ရှိပြီး ယင်းတို့ကို Emerging Legislatures ဟု သတ်မှတ်နိုင်သည်။ 

ဥပဒေပြုရေး၏ လုပ်ပိုင်ခွင့်အာဏာများကို ပိုမိုကျယ်ပြန့်စေခြင်းဖြင့် ဥပဒေပြုရေး၏ အဓိကအပြောင်းအလဲများကို ဖြစ်စေသည်။ ယင်းအပြောင်းအလဲများတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများပြင်ဆင်ခြင်း၊ ခိုင်မာသောကော်မတီများ တည်ဆောက်ခြင်း၊ ပရော်ဖက်ရှင်နယ်ဝန်ထမ်းများ ပိုမိုခန့်ထားခြင်း၊ ပိုမိုကောင်းမွန်သည့် သတင်းအချက်အလက်စနစ် များမြှင့်တင်ခြင်း စသည်တို့ပါဝင်သည်။ merging legislatures များသည် မူဝါဒချမှတ်ခြင်းနှင့် ထိန်းကျောင်းမှုတို့ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်လူသားရင်းမြစ်များ၊ ဘဏ္ဍာငွေလိုအပ်ချက်၊ နည်းပညာတို လိုအပ်မည်ဖြစ်သည်။ သို့မှလည်း လွှတ်တော်၏လုပ်ငန်းများ ပိုမိုလျင်မြန်သွက်လက်လာမည်ဖြစ်ပြီး စွမ်းဆောင်ရည်များ ထက်မြက်လာမည်ဖြစ်သည်။
ဟန်ချက်ညီသောအစိုးရစနစ်များတွင် မဏ္ဍိုင်များသည် တစ်ခုနှင့် တစ်ခုအပြန်အလှန်ထိန်းကျောင်းသည့် စနစ်ရှိသဖြင့် မဏ္ဍိုင်များ၏လုပ်ပိုင် ခွင့်အာဏာများသည် မျှခြေရှိသည်ဟု ဆိုနိုင်ပါသည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် အများအားဖြင့် ကြုံတွေ့ရသည့်ပြဿနာမှာ ဥပဒေပြုရေးသည် အုပ်ချုပ်ရေးထက် ပိုမိုအားနည်းခြင်းပင် ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ဒီမိုကရေစီနှင့်လွတ်လပ်သော နိုင်ငံများရှိ ဥပဒေပြုရေးကဏ္ဍ၌ လုပ်ပိုင်ခွင့်အာဏာများနှင့် လွတ်လပ်ခွင့်များပိုမိုရရှိလာခြင်းသည် အောင်မြင်မှုအတိုင်းအတာအချို့ဟု ဆိုနိုင်ပါသည်။ ယင်းဥပဒေပြုရေးအဖွဲ့များ မည်မျှအထိလုပ်ပိုင်ခွင့် အာဏာပိုမိုရရှိသည်ဆိုသည်မှာ ယင်းနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ စနစ်များ၊ ယင်းတို့၏ သမားရိုးကျလုပ်ပိုင်ခွင့်အာဏာများ၊ အုပ်ချုပ်ရေး အာဏာနှင့် ပတ်သက်သည့် နိုင်ငံရေးခေါင်းဆောင်များ၏ သဘောထား ဆန္ဒနှင့် အခြားသောနိုင်ငံရေးဦးဆောင်သူများက (နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်နေရာ)နှင့်ပတ်သက်၍ ဥပဒေပြုအဖွဲ့သို့ခွင့်ပြုပေးလိုသည့် စိတ်ဆန္ဒနှင့် ဥပဒေပြုရေးအဖွဲ့များ၏ နည်းစနစ်ပိုင်းစွမ်းဆောင်ရည်များစသည့် များစွာသောအကြောင်းအရာများအပေါ် တည်မှီလျက်ရှိပါသည်။

ဥပဒေပြုရေးအဖွဲ့အား ပိုမိုထိရောက်မှုရှိစေရေး ကြိုးပမ်းသည့် နည်းလမ်းများတွင် ပါတီပေါင်းစုံစီမံခန့်ခွဲမှုဘုတ်အဖွဲ့များထူထောင်ခြင်း၊ ၎င်းတို့၏ သမားရိုးကျလုပ်ပိုင်ခွင့်အာဏာများကို ကျယ်ပြန့်စေခြင်း၊ ရရှိထားပြီးသော လုပ်ပိုင်ခွင့်အာဏာများကို ပိုမိုထိရောက်စွာအသုံးပြုခြင်းများ၊ အဖွဲ့အစည်းအတွင်းစွမ်းရည်မြှင့်တင်ခြင်းနှင့် အဖွဲ့အစည်း၏ ကျွမ်းကျင်မှုတို့ဖြင့် လူမှုအဖွဲ့အစည်းသို့ အကျိုးကျေးဇူးရရှိစေခြင်းတို့ ပါဝင်သည်။

သိန်းထွန်း (IR)
ရည်ညွန်းကိုးကား။ The Role of Parliament in Government 



  • VIA