News

POST TYPE

OPINION

ဥပဒေနှင့်အညီ နေထိုင်လိုသည့် လူ့အဖွဲ့အစည်း (Daily, Vol-7/No-219)
23-Dec-2019
မြန်မာနှင့် ပြည်ပနိုင်ငံတစ်နိုင်ငံဖြစ်သော ဂမ်ဘီယာတို့ တရားဝင်ဥပဒေကြောင်းအရ နိုင်ငံတကာဇာတ်ခုံပေါ်တွင် အမှုအခင်းဖြစ်သည့် အကြောင်းကိစ္စ ပေါ်လာပြီးနောက် စည်းလုံးညီညွတ်ရေးဟူသည့်ခေါင်းစဉ်သည် မြန်မာပြည်သူအများ၏ အသိစိတ်ထဲတွင် ထင်ထင်ရှားရှားဖြစ်ပေါ်စေခဲ့သည်ဟု ထင်ပါသည်။ 

အာရှဒေသ၏ နိုင်ငံကြီးများဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့်ထိစပ်နေရုံသာမက လူဦးရေပေါက်ကွဲနှုန်း ပြင်းထန်ပြီး ရွှေ့ပြောင်းအခြေချမှုနှင့် ပတ်သက်သော ပြဿနာများစွာနှင့်ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးနှင့်လည်း အိမ်နီးချင်းလာဖြစ်နေသည်ကတစ်ကြောင်း၊ ပြည်တွင်းစစ်နှင့် ရှုပ်ထွေးလှသော နိုင်ငံရေး ပြဿနာများပြည့်နှက်နေသည်ကတစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့်ယှဉ်ပြန်လျှင်လည်း ဖွံ့ ဖြိုးမှုနောက်ကျကာ ဆင်းရဲတွင်းမှတက်နိုင်ရန် ခဲရာခဲဆစ်ကြိုးပမ်းနေရသည်ကတစ်ကြောင်း ဤတစ်ကြိမ်တွင် မြန်မာရင်ဆိုင်လိုက်ရသော နိုင်ငံတကာဖိအားမှာ ကြောက်ခမန်းလိလိကြီးမားသည်ဟု ပြော၍ရသလို မြေနိမ့်ရာလှံစိုက်သည့် သဘောမျိုးသို့လည်း များစွာသက်ရောက်ခဲ့သည်ဟု ပြော၍ရပေမည်။ 

အမှန်ပြောရလျှင် ယင်းဖိအားများကြောင့် နိုင်ငံသားများ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုအရေးကြီးသည် ဆိုသော အသိစိတ်ဓာတ်နိုးကြားလာခဲ့သလို တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေနှင့်အညီပြုမူနေထိုင်ရေးဆိုသည့် အသိစိတ်လည်း ပိုမိုမြင့်တက်လာခဲ့သည်ဟု ယုံကြည်ပါသည်။ 

နိုင်ငံတစ်ခုတွင် ပြဋ္ဌာန်းထားသည့် ဥပဒေဆိုသည်မှာ အဆိုပါနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ မည်သည့်အဆင့်တွင်မဆို ရှိနေကြသည့် နိုင်ငံသားအားလုံးကို သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ ယင်းဥပဒေဘောင်အတွင်း နေထိုင်ကြရန်နှင့် ထိုဥပဒေက နိုင်ငံသားများအားလုံးကို အကာအကွယ်ပေးရန် ရည်ရွယ်ပေသည်။

ဥပဒေဟုဆိုရာတွင် နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုကဲ့သို့ ပြစ်မှုမျိုး မှစကာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို နှုတ်အားဖြင့် ရင့်သီးကြမ်းတမ်းစွာ ကြိမ်းမောင်းဆဲဆိုခြင်း၊ လူမှုကွန်ရက်များပေါ်မှတစ်ဆင့် အပုပ်ချခြင်း အသရေဖျက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ကြိုးပမ်းခြင်းနှင့် ခေတ္တအစားထိုး နေစရာမရှိသေးသည့် အိမ်ထောင်စုများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ကျူးကျော်အဖြစ် ရုတ်တရက် အကြမ်းနည်းသုံးနှင်ထုတ်ခြင်းကဲ့သို့ ကိစ္စများအထိ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအားလုံးပါဝင်ပေသည်။ 

နိုင်ငံသားများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ရပိုင်ခွင့်၊ တာဝန်တို့ကို ကွဲပြားစွာ သိရှိနားလည်စေရန် ကြိုးစားထားရမည်ဖြစ်ပြီး မိမိတို့ အခွင့်အရေးကို ချိုးဖောက်မှု၊ မိမိတို့အပေါ် စော်ကားဖိနှိပ်မှု၊ အစိုးရ တာဝန်ရှိသူများကဖြစ်စေ၊ နိုင်ငံရေးပါတီများကဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုကဖြစ်စေ ဥပဒေနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိမှုတို့ကို လူမှုရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း ပြန်လှန်တုံ့ပြန်ခွင့်ရှိပေသည်။ 

ဥပဒေဆိုသည်မှာ အုပ်ချုပ်ရေးတာဝန်ရှိသူများက အုပ်ချုပ်ခံပြည်သူလူထုကို ထိန်းကွပ်ရန်သက်သက် အသုံးပြုရသည့် အုပ်ချုပ်ရေးသုံး ကိရိယာပစ္စည်းတစ်ခု မဟုတ်ဘဲ အအုပ်ချုပ်ခံ ပြည်သူများ၏ ဥပဒေနှင့်မညီ ပြုမူဆောင်ရွက်မှုများကိုလည်း အုပ်ချုပ်သူအစိုးရများက ဥပဒေကြောင်းအရ ပြန်လှန်ထိန်းကွပ်တုံ့ပြန်ရမည့် အခွင့်အရေးအညီအမျှပေးထားသော စည်းမျဉ်းစည်းကမ်းများဖြစ်ပေသည်။ ယခင်အာဏာရှင်ဆန်သော အုပ်ချုပ်မှုလက်ထက်က ဥပဒေသည် အုပ်ချုပ်ခံပြည်သူကို ဖိနှိပ်ထိန်းချုပ်ရသည့် အုပ်ချုပ်ရေးကိရိယာသုံး ပစ္စည်းတစ်ခုသဖွယ်ဖြစ်ခဲ့သည် မဟုတ်ပါလော။ ဒီမိုကရေစီခေတ်တွင် ယင်းအချက်ကို နိုင်ငံသားတိုင်းက နားလည်သဘောပေါက်ထားရန် အထူးအရေးကြီးလှပေသည်။ 

များစွာအရေးကြီးလာသည်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိရှိ ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ရသည့် တရားရေးမဏ္ဍိုင်၏ အခန်းကဏ္ဍပင်ဖြစ်သည်။ ဥပဒေပြုလွှတ်တော် အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်စေ၊ အုပ်ချုပ်ရေးနယ်ပယ်မှ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်စေ၊ ပြည်သူတစ်ဦးဖြစ်စေ ဥပဒေဖောက်ဖျက်ကျူးလွန်မှု တစ်စုံတစ်ရာ ရှိလာပါက မည်သူ့ကိုမဆို ကျောသား၊ ရင်သားမခွဲခြားဘဲ မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ သြဇာလွှမ်းမိုးမှု၊ စွက်ဖက်မှုမျှ မရှိဘဲ ဥပဒေအတိုင်း စစ်ဆေး၊ ကြားနာ၊ စီရင်ဆုံးဖြတ်နိုင်ရေးပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတွင်း ပြစ်မှုကျူးလွန်သူ စစ်ဘက်နှင့် အရပ်ဘက်ပုဂ္ဂိုလ်များ အားလုံးကို တရားစီရင်နိုင်သည့် စနစ်ရှိကြောင်း နိုင်ငံတကာတရားခုံရုံး (ICJ) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်လဲသွားသည်မှာ ယင်းကိစ္စပင်ဖြစ်သည်။ ကျောသား၊ ရင်သားမခွဲခြားဘဲ လွတ်လပ်စွာတရားစီရင်နိုင်ခြင်း အမှန်တကယ်ရှိ မရှိမှာ အားလုံးအသိပင်ဖြစ်သော်လည်း ယနေ့အချိန်မှစ၍ တရားဥပဒေနှင့် အညီပြုမူနေထိုင်လိုသော နိုင်ငံသားများပါဝင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးနှင့် တရားဥပဒေ အမှန်တကယ်စိုးမိုးရေးအတွက် သွန်သင်ဆုံးမပေးနိုင်သည့် ခေါင်းဆောင်များနှင့် စနစ်ကောင်းများ အထူးလိုအပ်နေပြီဖြစ်ကြောင်း သတိပေးလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၂၂ - ၁၂ - ၂၀၁၉ )