News

POST TYPE

OPINION

ဗိုလ်ချုပ်ပြန်လာပြီ
22-Dec-2019


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပိုက်ဆံအသစ်ထုတ်မည်ဟု ကြေညာလိုက်ပါပြီ။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ပုံ ၁၀၀၀ တန်တွေကိုသုံးကြရတော့မည်ဖြစ်သည်။ တကယ်တော့ ပိုက်ဆံတွေကို ဗိုလ်ချုပ်ပုံနှင့် မတွေ့ရတာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီ။ စစ်အစိုးရ အာဏာသိမ်းပြီးနောက်ပိုင်း ခြင်္သေ့ပုံတွေနှင့်သာထုတ်ခဲ့သည်။ ဟိုးယခင်ကတော့ ဗိုလ်ချုပ်ပုံတင်မက ဆရာစံတို့၊ သခင်ဖိုးလှကြီးတို့ပုံတွေနှင့် ထုတ်ခဲ့သေးသည်။ ဗိုလ်ချုပ်ပုံကတော့ အများဆုံးပေါ့လေ။ 

အခုတော့ ဗိုလ်ချုပ်ပြန်လာပြီ။ တစ်ထောင်တန်ပေါ်တွင် ပြန်လာခြင်းဖြစ်သည်။ တကယ်ဆိုလျှင် ၁၀၀၀ တန်လောက်မှာ ဗိုလ်ချုပ်ပုံကို မမြင်ချင်သေး။ ၂၀၀၀၀ တန်၊ ၃၀၀၀၀ တန်လောက်မှာ ဗိုလ်ချုပ်ပုံကို မြင်ချင်မိသည်။ သို့သော်လည်း လူသုံးများတာက ၁၀၀၀ တန်ဆိုတော့ ဗိုလ်ချုပ်ပုံကို လူတိုင်းမြင်ရတာပေါ့လေ။ အတန်ကြီးတွေသာ ထုတ်လိုက်ရင် ဆင်းရဲသားတွေ ဗိုလ်ချုပ်ကို ဘယ်ကိုင်နိုင်တော့မလဲ။ 

အခုတော့ အားလုံးပျော်ကြပြီ။ လူတိုင်းက ဗိုလ်ချုပ်ပုံကို ပိုက်ဆံပေါ်မှာ မြင်ချင်ခဲ့ကြတာကိုး။ ဘာပဲဖြစ်ဖြစ် ဒါတွေက ြီူ အစိုးရနှင့် အမေစုတို့ ကြိုးပမ်းမှုပင်ဖြစ်သည်။ အရင်အစိုးရလက်ထက်ကလည်း ဗိုလ်ချုပ်ပုံနှင့် ပိုက်ဆံထုတ်ဖို့ တင်ပြလိုက်သေးသည်။ ဒါပေမဲ့ မအောင်မြင်ခဲ့။ ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်သမီးကို ကြည့်မရသူတွေများခဲ့တာကိုး။ 

အဘတို့အစိုးရပြုတ်ပြီး NLD အစိုးရတက်လာသည်။ ဒီတော့ ဗိုလ်ချုပ်ပုံနှင့် ပိုက်ဆံထုတ်ဖို့ ဒီအစိုးရလက်ထက်မှာ ထပ်လုပ်သည်။ လွန်ခဲ့သည့် ၂ နှစ်က လွှတ်တော်တွင် မဲခွဲသည်။ စစ်တပ်နှင့် ကြံ့ခိုင်ရေးကတော့ ကန့်ကွက်သည်။ ဒါပေမဲ့ NLD က အင်အားများတော့ ကန့်ကွက်သူများ မယှဉ်နိုင်။ ဗိုလ်ချုပ်ပုံနှင့် ပိုက်ဆံထုတ်ဖို့ အောင်မြင်သွားသည်။ ဒီလိုနှင့် ၂ နှစ်ကျော် ကြာပြီးမှသာ ဗိုလ်ချုပ်ပုံနှင့် ပိုက်ဆံထွက်လာခြင်း ဖြစ်သည်။ 

အချို့ကလည်း အခုလို ဗိုလ်ချုပ်ပုံကြီး ပိုက်ဆံမှာ မြင်ရတာကို သိပ်မကြည်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်က သူတို့ပြိုင်ဘက်ကြီး အမေစုရဲ့ ဖခင်ကိုး။ ဒါကလည်း အမေစုအနေနှင့် အမြဲအပြောခံရသည်။ 

ရွေးကောက်ပွဲတိုင်း၊ မဲဆွယ်ပွဲတိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကြီးသုံးလို့ဆိုပြီးတော့ ဝေဖန်ကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်အားကိုးနှင့် အခြားပါတီတွေကို အနိုင်ကျင့်သည်ဟု ဆိုကြသည်။ အမေစုက ဗိုလ်ချုပ်သမီးမဟုတ်လား။ အဲ့တော့ သူ့အဖေပုံသုံးပြီး သူဘာသာ မဲဆွယ်တာ ဘာဖြစ်တုံး။ အခြားလူပုံသုံးတာမှ မဟုတ်တာ။ 

အဲ့လို ကန့်ကွက်ကြသူတွေအနေနှင့်လည်း သူတို့အဖေပုံသုံးပေါ့။ ဒါပေမဲ့လည်း သူတို့အဖေကို ပြည်သူတွေမှ မသိကြတာ။ အဲ့တော့ သူတို့ လေးစားအားကျသူပုံတွေသုံးပေါ့။ အဲ့လိုကျတော့ မဖြစ်ပြန်။ သူတို့ လေးစားအားကျသူတွေကို ပြည်သူတွေက မုန်းကြပြန်သည်။ 

ပိုက်ဆံထုတ်သည့်ကိစ္စကိုလည်း ဝေဖန်ကြသေးသည်။ ရွေးကောက်ပွဲနီးလို့ နိုင်ငံရေးအသာစီးရအောင် လုပ်သည်ဟု ဆိုကြသည်။ ပြည်သူတွေကို ဗိုလ်ချုပ်ပိုက်ဆံနှင့် ချွေးသိပ်သည်ဟု ပြောကြသည်။ ဒါကလည်း ဒီလို ဗိုလ်ချုပ်ရှိလို့ ဒီလိုလုပ်နိုင်တာပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးကလည်း အားကျမခံပါ။ သူ့ပုံတွေနှင့် ပြက္ခဒိန်ထုတ်ပစ်လိုက်သည်။ ပုံမှ တစ်ပုံတည်းတောင်မဟုတ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံပုံတွေနှင့် ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ အားရဖို့ကောင်းပါသည်။ အခြားပါတီဥက္ကဋ္ဌများလည်း အတုယူသင့်သည်။ 

ဒါကြောင့် အရင်အဘတွေသာ အာဏာပြန်ရလျှင် သူတို့လေးစားသည့် ဗိုလ်ချုပ်နှင့်ခေတ်ပြိုင် ဦးနေဝင်းပုံနှင့် ပိုက်ဆံထုတ်ချင်ထုတ်လိမ့်မည်။ ဒါမှမဟုတ်လည်း ဦးသန်းရွှေကြီးပေါ့လေ။ 

အခုက ဗိုလ်ချုပ်ပုံနှင့် ၁၀၀၀ တန်ထုတ်။ အဘတွေ အာဏာပြန်ရလျှင် အဘပုံနှင့် ၂၀၀၀ တန်ထုတ်။ တိုင်းရင်းသားတွေ အာဏာရလျှင် တိုင်းရင်းသားခေါင်းဆောင်ပုံတွေနှင့် ၃၀၀၀ တန်ထုတ်။ NLD အာဏာပြန်ရလျှင် ဗိုလ်ချုပ်ပုံတစ်မျိုးနဲ့ ၄၀၀၀ တန်ထုတ်။ ဒါလည်း မဆိုးလှ။ ပြည်သူတွေ ပိုက်ဆံများများ သုံးရတာပေါ့။ လူလည်းစုံတာပေါ့။ ပိုက်ဆံအတန်တိုင်းမှာ ဗိုလ်ချုပ်ပုံတွေချည်းပဲဆိုလျှင်လည်း မသင့်တော်ပေ။ 

စိုပြေကတော့ ဘယ်သူ့ပုံနှင့်မှ ပိုက်ဆံမထုတ်ချင်ပါ။ အခုတစ်လော နာမည်ကြီးနေသည့် ဗစ်တိုးရီးယားအမှုကို ကိုင်တွယ်နေသည့် ရဲတပ်ဖွဲ့ကြီးပုံနှင့် ပိုက်ဆံထုတ်ချင်မိသည်။ ဒါမှသာ ဒီပိုက်ဆံကိုမြင်တိုင်း ဒီအမှုကို ပြည်သူတွေ သတိရမည်။ အဲ့လို သတိရတိုင်း မြန်မာပြည်တွင် မတရားမှု ဘယ်လောက်ကြီးထွားနေသလဲဆိုတာ မှတ်မိမည်။ တရားဥပဒေစိုးမိုးမှု မရှိတာကို သတိရမည်။ ယုတ်မာကောက်ကျစ်မှုတွေကို သတိရစေမည်ဖြစ်သည်။

စိုပြေ