News

POST TYPE

OPINION

လွတ်လည်း လွတ်လပ်တယ်၊ ယဉ်လည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း (Daily, Vol-7/No-218)
22-Dec-2019
သည်ကနေ့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့အရာတွေ၊ ကွက်လပ်ဖြည့်စရာတွေ အမြောက်အမြားရှိတဲ့အနက် လွတ်လွတ်လပ်လပ်လည်းရှိ၊ ယဉ်ယဉ်ကျေးကျေး လည်းရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရေးဟာလည်း ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ပိုင်းမကတဲ့ နေရာကနေ ပါဝင်နေမယ်လို့ ထင်ပါတယ်။ 

လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ဖို့ဆိုရာမှာ နိုင်ငံသားတွေရဲ့ အတွေးအမြင်၊ အယူအဆ၊ အကြံဉာဏ်တွေကို လူတော်၊ လူသာမန်၊ လူညံ့ အမျိုးအစားမခွဲဘဲ ယှဉ်ပြိုင် ထုတ်ဖော်ပြောကြားပိုင်ခွင့်ပေးတာကို ဆိုလိုတာပဲဖြစ်ပါတယ်။ 

ဒါပေမဲ့ လွတ်လပ်တယ်ဆိုတိုင်း ထင်ရာမြင်ရာလျှောက်ပြောတာမျိုး၊ မောက်မာရင့်သီးစွာ ဆဲဆိုနေတာမျိုး၊ ပုတ်ခတ်တာမျိုးတွေအားကောင်းလာမယ်ဆိုရင်တော့ လွတ်လပ်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမဟုတ်ဘဲ ပရမ်းပတာဖြစ်ချင်တာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းပုံစံထဲကိုရောက်သွားနိုင်ပါတယ်။ 

နိုင်ငံသားတွေအနေနဲ့ လွတ်လွတ်လပ်လပ်၊ ယဉ်ယဉ်ကျေးကျေး၊ ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်တွေ စီးမျော၊ ရှင်သန်၊ ပြိုင်ဆိုင်၊ ငြင်းခုံကြရင်းကနေမှ လုပ်သင့်တာတွေ အကောင်းဆုံးဆိုတဲ့ အိုင်ဒီယာတွေ၊ အတွေးအခေါ်တွေ၊ လမ်းစဉ်တွေ၊ မူဝါဒတွေ ထွက်လာအောင် ဖန်တီးနိုင်မှာပါ။ 

လူငယ်၊ လူရွယ်မျိုးဆက်သစ်တွေနဲ့ အတွေ့အကြုံရင့်တဲ့ မျိုးဆက်ဟောင်းတွေအကြား အိုင်ဒီယာတွေယှဉ်ပြိုင်တဲ့အပေါ် ဆွေးနွေးတာ၊ ငြင်းခုံတာ၊ ချီးကျူးတာ၊ ထောက်ပြတာ၊ ဝေဖန်တာစတာတွေ ဖြစ်လာဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု လူမှုကွန်ရက်တွေပေါ်ကနေဖြစ်ဖြစ်၊ ပုံနှိပ်သတင်းစာတွေကဖြစ်ဖြစ် နိုင်ငံအတွက် အရေးကြီးတဲ့အိုင်ဒီယာတွေနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်၊ ယဉ်ယဉ်ကျေးကျေးနဲ့ ဝေဖန်ထောက်ပြတာတွေ အားကောင်းလာဖို့လည်း အရေးကြီးပါတယ်။ 

အိုင်ဒီယာသစ်တွေလိုလားတဲ့၊ ဖန်တီးမှုကိုအားပေးတဲ့၊ ယဉ်ကျေးအဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စတဲ့အနုပညာနယ်ပယ် အသီးသီးကပုဂ္ဂိုလ်တွေရဲ့ ဝေဖန်ထောက်ပြတာတွေကိုလည်း နားထောင်နိုင်စွမ်း ရှိရပါမယ်။ နှစ်ပေါင်းများစွာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတာတွေကို လိုအပ်တာထက်ပိုပြီး ဆင်ဆာတွေတည်းဖြတ်ခဲ့လို့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းပေါ် ဘယ်လောက်ထိခိုက်နစ်နာခဲ့ရသလဲဆိုတာကို ပြောရင်ကုန်မှာမဟုတ်ပါဘူး။ 

တကယ်တော့ လွတ်လပ်ပြီးယဉ်ကျေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဖြစ်ပေါ်ဖို့ဆိုတာ အစိုးရတစ်ရပ်တည်း၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်တည်းချည်းသက်သက်နဲ့ လုပ်လို့မရနိုင်ဘူးဆိုတာ အထွေအထူးရှင်းပြနေစရာလိုမယ်မထင်ပါဘူး။ နိုင်ငံသားတွေအားလုံးမှာ တစ်ဦးရဲ့လွတ်လပ်ခွင့်ကို တစ်ဦးကတန်ဖိုးထားတဲ့စိတ်၊ အပြန်အလှန်လေးစားတတ်တဲ့စိတ်၊ လွတ်လပ်ယဉ်ကျေးတဲ့ အခြားလူ့အဖွဲ့အစည်းတွေကို အားကျမခံ အမီလိုက်လိုတဲ့စိတ် ရှိမနေသေးသရွေ့ စိတ်ကူးထဲ တိုက်အိမ်ဆောက်နေရသလိုဖြစ်နေမယ်ဆိုတာ ပြောချင်တာပါ။ 

အယ်ဒီတာ (၂၁ - ၁၂ - ၂၀၁၉)