News

POST TYPE

OPINION

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
20-Dec-2019


တိုင်းပြည်မှာဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေက အမျိုးအစား စုံလင်လှပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေတိုင်းမှာ တိုင်းသားပြည်သူတွေအတွက် ပျော်ရွှင်ဖွယ်ရာ၊ ဝမ်းမြောက် ဖွယ်ရာ၊ စိတ်ကြည်နူးဖွယ်ရာ အဖြစ်အပျက်မျိုးက မရှိသလောက်ပင် ရှားပါးလှပါတယ်။ စိတ်မကောင်းစရာ၊ ဝမ်းနည်းကြေကွဲစရာ၊ ဒေါသဖြစ်စရာ အဖြစ်အပျက်မျိုးတွေပင် ဖြစ်ပါတယ်။ 

ပျော်ရွှင်ဖွယ်ရာ၊ စိတ်ကျေနပ်စရာတွေ ရှားပါးလှတဲ့ စာရေးသူတို့ တိုင်းပြည်မှာ အထက်မှာဆိုခဲ့ပြီးဖြစ်သလို စိတ်မကောင်းစရာ၊ ဝမ်းနည်းဖွယ်ရာ၊ အလိုမကျစရာ အဖြစ်အပျက်မျိုးတွေကိုပဲ အခါမလပ်ဆိုသလို မြင်နေရ၊ ကြားနေကြရခြင်းပင် ဖြစ်ပါတယ်။ 

အဲဒီလို အဖြစ်အပျက်မျိုးတွေ ဖြစ်ပေါ်လာအောင်လည်း အချို့သောသူတွေက ဖန်တီးနေခဲ့ကြခြင်း ဖြစ်ပါတယ်။ အချို့သော အဖြစ်အပျက်တွေမှာ မဟုတ်တာကြီးကို အဟုတ်လုပ်၊ အပြစ်ရှိနေတာကြီးကို သိနေပါလျက် အပြစ်မရှိမှန်း ဖုံးကွယ်ဟန်ဆောင်နေကြတာတွေအတွက် ပြည်သူတွေမှာ ပိုမိုကာ ဒေါသထွက်ရပါတယ်။ အားမလိုအားမရမှုတွေ ဖြစ်ကြရပါတယ်။ 

ဘာကြောင့်အပြစ်ကို ဖုံးကွယ်ဟန်ဆောင်နေချင်ကြတာလဲ၊ ဘယ်လိုအကြောင်းတွေကြောင့် အပြစ်ရှိပါလျက် အပြစ်မရှိလေသယောင် ဟန်ဆောင်နေကြရတာလဲဆိုတာကတော့ ကာယကံရှင်တွေပဲ အသိဆုံးပင် ဖြစ်ပါတယ်။ သေချာတာကတော့ ယနေ့စာရေးသူတို့ တိုင်းပြည်မှာက အဲဒီလို အဖြစ်အပျက်တွေက အမြောက်အမြားပင် ပေါ်ထွက်နေဆဲပင် ဖြစ်ပါတယ်။ မယုံကြည်နိုင်စရာကောင်းလှတဲ့ အဖြစ်အပျက်မျိုးတွေ၊ အံ့သြစရာ ကောင်းလှတဲ့ အဖြစ်အပျက်မျိုးတွေက လတ်တလောမှာလည်း ပေါ်ပေါက်နေဆဲပင်ဖြစ်သလို အချိန်အခါမရွေးလည်း ပေါ်ပေါက်နေဦးမှာပင် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ရှုပ်ထွေးပွေးလီလှတဲ့ အဖြစ်အပျက်တွေကို ကြည့်လိုက်မိခြင်းအားဖြင့် လူတွေရဲ့ လှည့်စားဖြားယောင်းတတ်တဲ့ မာယာရဲ့ သဘောတရားကိုလည်း စောကြောစိတ်ဖြာမိခဲ့ပြန်ပါတယ်။ 

လူတွေရဲ့ သန္တာန်မှာ မာယာတွေ ရှိနေခဲ့ကြခြင်းကြောင့် အပြစ်ရှိပါ လျက်ကယ်နဲ့ အပြစ်မရှိဟန်ဆောင်ကာ ဖုံးကွယ်ထားကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ “မာယာ” ဆိုတဲ့ သဘောတရားဟာ မကောင်းတဲ့အကုသိုလ် ဆိုးကျိုးတစ်ခုပင် ဖြစ်သလို ပါဠိစကားလုံးတစ်လုံးလည်း ဖြစ်ပါတယ်။ မြန်မာအဘိဓာန်မှာလည်း မာယာဆိုတဲ့ ပုဒ်ကို “လှည့်ပတ်ဖြားယောင်းခြင်း”ဟု ဖွင့်ဆိုထားပါတယ်။ 

လူတွေဟာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လှည့်ပတ်ဖြားယောင်းနေကြခြင်းဖြစ်ပါတယ်။ အဲဒီလို အချင်းချင်းလှည့်ပတ် ဖြားယောင်းနေကြတဲ့အတွက်လည်း မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှေးရှေးသော ဆရာတော်ကြီးများက မေတ္တာပို့တဲ့အခါမှာ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မေတ္တာပို့စာပိုဒ်လေးကို ထည့်သွင်းအသုံးပြုထားခြင်း ဖြစ်ပါတယ်။ 

လူအချင်းချင်း လှည့်ပတ်ခြင်းတွေ မရှိကြပါမှ ငြိမ်းအေးမှုကို ရရှိနိုင်မည် ဖြစ်ပါတယ်။ ယနေ့ တိုင်းပြည်မှာ ဆူပူမှုတွေ၊ ဝမ်းနည်းဖွယ်ရာတွေ၊ စိတ်မကောင်းစရာတွေကို မြင်တွေ့ကြားသိနေကြရတာက အထက်မှာဆိုခဲ့ပြီး ဖြစ်သလို အားလုံးဟာ တစ်ဦးကိုတစ်ဦး လှည့်ပတ်ဖြားယောင်းနေကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

မာယာ-ဆိုတဲ့ လှည့်ပတ်ဖြားယောင်းမှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကတော့ ဥပမာနှင့်တကွ အောက်ပါအတိုင်း ဖွင့်ဆိုထားတာကိုလည်း ဆရာတော်ကြီးရေးသားတော်မူခဲ့တဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှာ မှတ်သားခဲ့ရဖူးပါတယ်။ 

“မာယာသည် မျက်လှည့်နှင့်တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကိုကောက်၍ ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာမရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်ဟု ဆိုလိုသည်” 

မိန်းမမာယာ သဲကိုးဖြာဟု လောကဆိုရိုးစကားရှိသော်လည်း အမျိုးသမီးတွေမှာလည်း မာယာရှိတတ်ကြသလို၊ အမျိုးသားတွေမှာလည်း မာယာရှိတတ်ကြပါတယ်။ ထိုနည်းတူစွာပင် အကျင့်သီလနှင့် ပြည့်စုံတော်မူကြတဲ့ ရသေ့ရဟန်းများပင် မာယာရှိတတ်ကြစမြဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်ကျိုးအတွက် သို့မဟုတ်၊ ကိုယ့် မိသားစုအသိုင်းအဝိုင်း အဆင်ပြေစေဖို့အတွက် မာယာတွေကို နေ့စဉ်နှင့်အမျှ သုံးစွဲနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ဘုရားကြီး ထုတ်နုတ်တင်ပြထားတဲ့ ဝတ္ထုလေးတစ်ပုဒ်ကလည်း အားလုံးအတွက် သတိထားဆင်ခြင်စရာပင် ဖြစ်ပါတယ်။ 

ရွာတစ်ရွာမှာ ဒါယကာတစ်ဦး ကိုးကွယ်တဲ့ ရသေ့သူတော်စင် တစ်ပါးရှိခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ အဲဒီဒါယကာဟာ သူ့မှာရှိနေတဲ့ ပစ္စည်းဥစ္စာတွေကို ခိုးသူဘေးမှ ကြောက်တဲ့အတွက်ကြောင့် ရသေ့ကြီးရဲ့ ကမ္မဋ္ဌာန်းကျောင်းအနီးမှာ လာရောက်မြှုပ်နှံခဲ့ပါတယ်။ စောင့်ကြည့်ပေးဖို့ကိုလည်း နှုတ်နဲ့မှာကြားလိုက်ပါတယ်။ ရသေ့ကြီးက “ဒီပစ္စည်းဥစ္စာ တွေနဲ့သာဆိုရင် လူ့ဘောင်လူ့လောကမှာ ချောင်ချောင်လည်လည်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့ရတယ်”လို့ အကြံဖြစ်ပြီး ဒါယကာ မြှုပ်နှံထားခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်တူးဖော်ကာ အခြားသောနေရာတစ်ခုမှာ မြှုပ်နှံလိုက်ပါတယ်။ 

ပြီးတော့ ဒါယကာကိုလည်း “သင်တို့ရွာမှာ မှီတင်းနေထိုင်လာခဲ့တာလည်း ငါ့အတွက် ကြာမြင့်လှခဲ့ပြီ။ မနက်ဖြန်မှာ သင်တို့ရွာကနေ ငါထွက်ခွာတော့မယ်” လို့ပြောတော့ ဒါယကာကမသွားဖို့ တာမြစ်ခဲ့ပေမယ့် နောက်ဆုံးတော့ ဘယ်လိုမှတားမရတဲ့အတွက်ကြောင့် ရသေ့ကြီးကို ခွင့်ပြုလိုက်ရပါတယ်။ 

ရွာကနေ ဖဲခွာသွားတဲ့ ရသေ့ကြီးဟာ အတန်ငယ် ခရီးပေါက်နေခါမှ ရွာကလေးဆီကို တစ်ဖန်ပြန်လှည့်လာခဲ့ပြီး ရွာနေဒါယကာတို့ ယုံကြည်အောင် ပြုလုပ်လိုက်ပြန်ပါတယ်။ “ဒါယကာတို့၊ သင်တို့အိမ်ကနေ သက်ငယ်မြက်လေးတစ်ခုဟာ ငါ၏ ကျစ်ဆံမှာကပ်၍ ပါလာပါတယ်။ ရသေ့ရဟန်းဆိုတာ မပေးမလှူအပ်သော အရာဆိုရင် မြက်ကလေးတစ်ပင်တောင်မှ မယူကောင်းဘူး”ဆိုကာ သက်ငယ်မြက်လေးကို ဒါယကာရဲ့ လက်ထဲကို ထိုးထည့်လိုက်ပါတယ်။

ရသေ့ကြီးရဲ့ အပြုအမူကို မြင်တွေ့လိုက်ရတဲ့ ဒါယကာဟာ ရသေ့ကြီးအပေါ်မှ သိပ်ပြီးတော့ ကြည်ညိုသွားခဲ့ပြန်ပါတယ်။ ဒုတိယအကြိမ် ရသေ့ထွက်ခွာသွားပြီးတဲ့နောက်မှာ ဒါယကာဟာ သူမြှုပ်နှံထားတဲ့ ဥစ္စာတွေကို တူးဖော်ကြည့်လိုက်တော့ မရှိတော့တဲ့အတွက်ကြောင့် ရသေ့နောက်ကို အမြန်လိုက်ကြပြီး ဥစ္စာနှင့်တကွ ရသေ့ကို လက်ဝယ်ဖမ်းမိခဲ့ကြပါတယ်။ 

အထက်ပါ ဝတ္ထုလေးမှာ ရသေ့ကြီးရဲ့ မာယာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ရသေ့ကြီးဟာ သူ့ရဲ့ ဥစ္စာခိုးယူခြင်းဆိုတဲ့ အပြစ်ပေါ်လွင်မှာ စိုးတဲ့အတွက်ကြောင့် သက်ငယ်မြက်ကလေးတစ်ခုကို ပြန်လည်ကာ ပေးလိုက်ခြင်းအားဖြင့် အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်ခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် မာယာသုံးလိုက်ခြင်း ဖြစ်ပါတယ်။ 

ဒီကနေ့ တိုင်းပြည်မှာလည်း လူတွေအတော်များများဟာ ရသေ့ကြီး ပြုမူသလိုမျိုး မိမိတို့ရဲ့ အပြစ်တွေကို ဖုံးကွယ်နိုင်ဖို့ရန်အတွက် လှည့်ပတ်ဖြားယောင်းခြင်းဆိုတဲ့ မာယာတွေနဲ့ အမျိုးမျိုးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း တိုင်းပြည်မှာ တရားတဲ့အမှုတွေက မတရားသလိုဖြစ်လာခဲ့ပြီး မတရားတဲ့အမှုတွေကလည်း တရားသလို ဖြစ်လာခဲ့ကြပါတယ်။ အမှန်နဲ့အမှားကို ကွဲကွဲပြားပြား မမြင်နိုင်ကြတော့ဘူး။ ဓမ္မနဲ့ အဓမ္မတို့ရဲ့ သဘောသဘာဝကို လက်ခံနိုင်ဖို့ မကြိုးစားကြပါဘဲနဲ့ လှည့်ပတ်ဖြားယောင်းခြင်းဆိုတဲ့ မာယာတွေနဲ့သာလျှင် ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ 

မိမိတို့မှာ ရှိနေတဲ့ အပြစ်တွေကို ဖုံးကွယ်နိုင်ဖို့ရန်အတွက် တစ်ပါးသောသူတွေအပေါ်မှာ လှည့်ပတ်ဖြားယောင်းမှုဟာ တဒင်္ဂသာလျှင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချိန်တန်ရင်တော့ ဘူးပေါ်သလို ပေါ်လာစမြဲပင် ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်မှာ အပါအဝင်ဖြစ်တဲ့ လှည့်ပတ်ဖြားယောင်းခြင်းဆိုတဲ့ မာယာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။ 

တဏှာလောဘကို အခြေခံကာ ပေါ်ပေါက်လာခဲ့တဲ့ လှည့်ပတ်ဖြားယောင်းမှုမာယာတွေကို ကိုယ်စီပယ်သတ်နိုင်ကြမှသာလျှင် ငြိမ်းအေးမှုတွေလည်း ရရှိနိုင်မှာဖြစ်သလို တစ်ဦးအပေါ်တစ်ဦး ရန်လိုမုန်းထားမှုတွေလည်း ပျောက်ကွယ်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ 

အကောင်းဆုံးကတော့ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့အတွက်ဆိုရင် မိမိအပြစ်ကို ဖုံးကွယ်လိုပြီး တစ်ပါးသောသူတွေအပေါ်မှာ လှည့်ပတ်ဖြားယောင်းတတ်တဲ့ ဉာဉ်တွေကို အပြီးတိုင်းဖယ် ထုတ်ပစ်ကြရမှာ ဖြစ်ပါတယ်။ လှည့်ပတ်ဖြားယောင်းတတ်ကြတဲ့လူတွေကိုလည်း တရားသောနည်းလမ်းများဖြင့် လူသိရှင်ကြား ထုတ်ဖော်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်အပြစ်ကို ဖုံးကွယ်လိုပြီး တစ်ပါးသောသူတွေအပေါ်မှာ လှည့်ပတ်ဖြားယောင်းတတ်ကြတဲ့ ပုဂ္ဂိုလ်တွေအမြောက်အမြားရှိနေမယ်ဆိုရင် လူ့ဘောင်အဖွဲ့အစည်းအတွက် အင်မတန်မှ အန္တရာယ်များလွန်းလှပါတယ်။ အဲဒီအခါမှာ တရားတဲ့အမှုတွေလည်း မတရားတဲ့အမှုဆီသို့ ကူးပြောင်းသွားတတ်ကြတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ 

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...။

ကြယ်စင်စိုး(မန္တလေး)