News

POST TYPE

OPINION

မြန်မာလိုဝတ်ပြီး အင်္ဂလိပ်စကား ပြောရအောင်
20-Dec-2019


မြန်မာနိုင်ငံတွင် မြန်မာကို ကမ္ဘာကသိအောင် ပြုမူလုပ်ကိုင် ဆောင်ရွက်ခဲ့သူများမှာ လက်ချိုးရေ၍ ရပါသည်။ ထိုသူတို့အနက် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမှာ ခေတ်သစ်သမိုင်းတွင် ကမ္ဘာကို ပထမဆုံးသိစေသူဖြစ်သည်။ ကျွန်တော် ငယ်စဉ်ကဖတ်ခဲ့ဖူးသော စာအုပ်များတွင် ဖော်ပြထားချက်အရ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်ပြိုင်များဖြစ်ကြသော ဦးနုအပါအဝင် မြန်မာ့ နိုင်ငံရေးသမားအချို့သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ကမ္ဘာတွင် လူသိများခဲ့သူများဖြစ်ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုလျှင် သူ၏စာပေနှင့် မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် လူသိများ၍ ထင်ရှားကျော်ကြားသည့်အပြင် သူ၏မြန်မာ့ရိုးရာဝတ်စုံကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်မှုကြောင့် ပို၍ချစ်ခင်လေးစားကြခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်မှာ ၎င်း၏ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တရားမျှတသောဆောင်ရွက်မှုများကြောင့် ကမ္ဘာကျော်ပြီး မြန်မာကိုကမ္ဘာကသိစေခဲ့သူ တစ်ဦးဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် သခင်အောင်ဆန်းနှင့်အတူပါဝင်ခဲ့ပြီး လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးသောအခါ ဗြိတိန်ဝန်ကြီးချုပ် အက်တလီနှင့် “နု - အက်တလီစာချုပ်” ကို ချုပ်ဆိုကာ မြန်မာ့လွတ်လပ်ရေးကိုဆက်လက်အကောင်အထည်ဖော်ခဲ့သူ၊ မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးနုနှင့်ပတ်သက်၍ကား သူ၏နိုင်ငံရေးဘဝကို ကျွန်တော်ငယ်စဉ်က ထဲထဲဝင်ဝင်မသိခဲ့ပါ။ သို့သော် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဦးနုမှာ ထိုစဉ်က သတင်းစာများ၏ စာမျက်နှာများပေါ်တွင် အာဏာမက်သူ၊ တိုင်းပြည် သစ္စာဖောက် ပြည်ပြေးတစ်ဦးအဖြစ် ရောက်ခဲ့ရပါသည်။

ကျွန်တော်အပါအဝင် ထိုခေတ်ကလူငယ်များမှာ အခြားဖတ်စရာ မရှိသောအခြေအနေတွင် အစိုးရအာဘော်သတင်းစာများ၏ ချိုးချိုးနှိမ်နှိမ် အရေးအသားများကိုသာ ဖတ်ရှုခဲ့ရပြီး ဦးနု၏ကောင်းကွက်တို့ကို ဖတ်ရှုလေ့လာခွင့်မသာခဲ့ပါ။ ထို့ကြောင့် သူ့အကြောင်း ကောင်းကောင်းမသိခဲ့ရပါ။

ကျွန်တော်တို့ မြန်မာစကားတွင် နှုတ်တစ်ရာ စာတစ်လုံးဟူ၍ ဆိုရိုးစကားရှိပါသည်။ နှုတ်ဖြင့် မည်မျှများပြားသောစကားတို့ကို တန်ဆာဆင်၍ပြောဆိုသည်ဖြစ်ပါစေ၊ စာတစ်ကြောင်းဖြင့်ရေးသားဖော်ပြခြင်းလောက် လေးနက်ခြင်းမရှိ၊ ထိရောက်ခြင်းမရှိ၊ အထောက်အထား ခိုင်လုံခြင်းမရှိဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။ ထို့အပြင် စာလုံးရေများစွာ ရေးသားဖော်ပြခြင်းထက် ရုပ်ပုံတစ်ပုံဖြင့်ဖော်ပြခြင်းသည်လည်း များစွာ လေးနက်ထိရောက်မှုရှိကြောင်း ပြောဆိုကြသည်ကိုလည်း ကြားဖူးပါသည်။

ကျွန်တော် ဤမျှစကားပလ္လင်ခံနေခြင်းမှာ ၁၉၅၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံသို့ ဝန်ကြီးချုပ်ဦးနုရောက်ရှိစဉ် အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါ (Eisenhower) ကလက်ခံတွေ့ဆုံသည့် သတင်းဓာတ်ပုံတစ်ပုံကြောင့်ဖြစ်ပါသည်။ ကျွန်တော်သည်အဆိုပါ သတင်းဓာတ်ပုံကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဦးနုအပေါ် အထင်ကြီးလေးစားစိတ်များ ဖြစ်ပေါ်လာပါသည်။ ဓာတ်ပုံမှာ မြန်မာဝန်ကြီးချုပ်ဦးနုက အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါကို စာတစ်စောင် ပေးနေသည့်ပုံဖြစ်ပြီး ဦးနုဝတ်စားထားပုံမှာ မြန်မာအမျိုးသားဝတ်စုံ ဖြစ်သည့် ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်းကို ဝတ်ဆင်ထားခြင်းပင် ဖြစ်ပါသည်။

ကျွန်တော် လူမှန်းသိတတ်ပြီး အချိန် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံမှနိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းပြည်အကြီးအကဲများ၊ ဝန်ကြီးအဆင့်အပါအဝင် အစိုးရဌာနဆိုင်ရာအကြီးအကဲများ၊ လေ့လာရေးအဖွဲ့များ၊ ပညာတော်သင်များ၊ အားကစားအဖွဲ့များ နိုင်ငံခြားတိုင်းပြည်များသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ကြသည့် သတင်းများကို နေ့စဉ်ထုတ်သတင်းစာတို့တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကြရာ၌ အနောက်တိုင်းဝတ်စုံများကိုသာဝတ်ဆင်၍ သွားရောက်ကြသည်ကို တွေ့မြင်ဖတ်ရှုသိရှိရပါသည်။ တစ်ခါတစ်ရံ လေဆိပ်သို့လိုက်ပို့သူများနှင့်အတူပူးတွဲ၍ ဓာတ်ပုံအရိုက်ခံကြရာ၌ လိုက်ပို့သူများက မြန်မာဝတ်စုံနှင့်ဖြစ်ပြီး နိုင်ငံခြားသွားမည့်သူများက အနောက်တိုင်းဝတ်စုံနှင့် ဖြစ်ပါသည်။

ငယ်စဉ်ကမူ ကလေးအတွေးဖြစ်၍ “သြော် နိုင်ငံခြားသွားတယ်ဆိုတာ ဒီလိုဝတ်ဆင်သွားရတာကိုး” ဟုသာ စိတ်ထဲတွင် အမှတ်မထင် မှတ်ယူလိုက်မိပါသည်။ နောက်ပိုင်းတွင် နိုင်ငံခြားတိုင်းပြည်များမှ တိုင်းပြည်ခေါင်းဆောင်များအပါအဝင် ဧည့်သည်များ မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်လည်ပတ်ကြရာ၌ ၎င်းတို့၏ အမျိုးသားဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်လာကြသည်ကို သတင်းဓာတ်ပုံများတွင် တွေ့ရှိရသည့်အခါ တအံ့တသြဖြစ်ရပါသည်။ အချို့ဆိုလျှင် စောင်တစ်ထည်ခြုံလာသလားဟုပင် ထင်မှတ်မှားလောက်ပါသည်။ သူတို့သည် သူတို့၏အမျိုးသားဝတ်စုံကို အလွန်တန်ဖိုးထားကြကြောင်း သိသာပါသည်။

ဤသို့ဆိုလျှင် ကျွန်တော်တို့တစ်တွေကော ကိုယ့်အမျိုးသားဝတ်စုံကို ကိုယ်တန်ဖိုးမထားသင့်ပေဘူးလား။ အကယ်၍ တန်ဖိုးမထားနိုင်ဟုဆိုလျှင်ကျွန်တော်တို့၏ အမျိုးသားဝတ်စုံသည် နိုင်ငံတကာအလယ်တွင် မတင့်မတယ်ဖြစ်နေ၍များလား၊ ကျွန်တော်တို့၏ အမျိုးသားဝတ်စုံကို ဝတ်ဆင်ရသည်မှာ အမြင်မတင့်တယ် ရှက်ဖွယ်ဖြစ်နေ၍များလား၊ ကျွန်တော်ကတော့ ဤသို့ဖြစ်မည်ဟူ၍မထင်ပါ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း အင်္ဂလန်နိုင်ငံသို့ တိုက်ပုံအင်္ကျီ၊ ချိတ်လုံချည်နှင့် မောင့်ကျက်သရေခေါင်းပေါင်းကို ဝတ်ဆင်၍ သွားရောက်ခဲ့ဖူးသည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရဖူးပါသည်။ ဝန်ကြီးချုပ်ဦးနုသည်လည်း အလားတူ အမျိုးသားဝတ်စုံကိုဝတ်ဆင်၍ အနောက်နိုင်ငံကြီးတစ်ခုသို့ သွားရာက်ခဲ့သည်ကိုကြည့် ခြင်းအားဖြင့် ယခင် မြန်မာ့ခေါင်းဆောင်များသည် ကျွန်တော်တို့၏ အမျိုးသားဝတ်စုံကို အမြတ်တနိုးတန်ဖိုးထားခဲ့သည်ကတော့ သေချာပါသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့၏အမျိုးသားဝတ်စုံသည်နိုင်ငံတကာအလယ်တွင် မည်သည့်အချိန်ကာလ မှစ၍ တန်းမဝင်ဈာန်လျှောဖြစ်ခဲ့ရပါသလဲ၊ တစ်စုံတစ်ဦးကများ အမိန့်တစ်စုံတစ်ရာ ထုတ်ခဲ့လေသလား၊ သို့မဟုတ် နိုင်ငံခြားသွားလျှင် ဤသို့ ဤပုံ ဝတ်ရစားရမည်ဟုများ ညွှန်ကြားထားလေသလား ကျွန်တော်များ မသိပါ။ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီက နယ်သာလန် နိုင်ငံသို့သွားရောက်ခြင်းအပါအဝင် နိုင်ငံခြားခရီးများသွားရောက်ရာတွင် မြန်မာအမျိုးသမီးဝတ်စုံကို မြတ်နိုးစွာဝတ်ဆင်သည်ကို အားလုံးအမြင်အတွေ့ပင်ဖြစ်ပါသည်။ မြင်ပါများသည့်အခါ မြန်မာဝတ်စုံနှင့် မြန်မာအမျိုးသမီးကိုတွဲ၍ မှတ်မိသွားပြီး၊ နောင်ဤဝတ်စုံမျိုးဝတ်ဆင်သည်ကို တွေ့လျှင် “ဒါမြန်မာအမျိုးသမီးပဲဟူ၍ မှတ်မိသိရှိသွားမည်ဖြစ်ပါသည်”။ အမျိုးသားများလည်း ဤသို့ပင်ဖြစ်ပါသည်။ 

အထူးသဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ထမ်းအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ နိုင်ငံတော်ကိုကိုယ်စားပြု၍သွားသည့် အခါမျိုးတွင် အမျိုးသားဝတ်စုံကို ဝတ်စေချင်ပါသည်။ အခြားအခြေအနေများတွင် လွတ်လပ်ပေါ့ပါးစွာနေခြင်းကို မဆိုလိုသော်လည်း အခမ်းအနားဖြင့် ကြိုဆိုခြင်းများ၊ တရားဝင်ဆွေးနွေးပွဲများ၊ မိန့်ခွန်းပြောခြင်း စသည့် နိုင်ငံကိုကိုယ်စားပြုဆောင်ရွက်သည့်ကိစ္စများတွင် အမျိုးသားဝတ်စုံကို ဝတ်ဆင်ခြင်းသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြင့်မားစေပါသည်၊ မြန်မာသည် ကိုယ်ပိုင်ယဉ်ကျေးမှုရှိသော လူမျိုးဟု ကမ္ဘာကို သိစေပါသည်။ မြန်မာသည် ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးသော လူမျိုးဟူ၍လည်း ကမ္ဘာက လေးစားမည်ဖြစ်ပါသည်။

ကျွန်တော်တို့သည် ယနေ့လူငယ်များ နိုင်ငံခြားယဉ်ကျေးမှုကို အတုခိုးဝတ်ဆင်မှုများနှင့်ပတ်သက်၍ မကြာခဏရေးသားပြောဆိုမှုများကို ဖတ်ရှုနေရပါသည်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းကြဖို့အကြောင်းကိုလည်း ကျယ်လောင်စွာပြောဆိုနေကြသည်ကိုလည်း ကြားသိနေရပါ သည်။ လူငယ်တွေ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးစေချင်လျှင် လူကြီးတွေက အရင်မြတ်နိုးပြဖို့လိုပါသည်၊ လူငယ်တွေ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစေလိုလျှင် လူကြီးတွေကအရင် ထိန်းသိမ်းပြဖို့လိုပါသည်။ မိကျောင်းမင်း ရေခင်းပြခြင်းတော့မဟုတ်ပါ၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်မည်စိုး၍ ဖြစ်ပါသည်။ မည်သူက အစပြုခဲ့မှန်းမသိသော အစဉ်အလာကို လိုက်မိမည်စိုး၍လည်းဖြစ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် အစဉ်အလာကို လိုက်နာလေ့ရှိကြပါသည်၊ အချို့ကိစ္စများတွင် မြတ်စွာဘုရားဟောကြားခဲ့သလို အများကလိုက်နာဆောင်ရွက်ကြပြီးနောက်၊ နားလည်တတ်ကျွမ်းသော ဆရာတော်ကြီးတစ်ပါးပါးက ဟောကြားသည့်အခါမှ ဘုရားဟောမဟုတ်မှန်း သိလိုက်ကြရသည်မျိုးလည်းရှိပါသည်။ မည်သည့်ခေတ်အခါက မည်သူကပြောကြားခဲ့မှန်းမသိဘဲ မလုပ်ရဲမကိုင်ရဲသော ကိစ္စများလည်းများစွာရှိပါသည်၊ လုပ်ရဲကိုင်ရဲသူ တစ်ယောက်က လုပ်ပြလိုက်ပြီး ဘာမျှမဖြစ်သည့်အခါမှ အများက လိုက်လုပ်ရဲကြသည့် အဖြစ်များလည်းရှိပါသည်၊ ဝန်ထမ်းလောကတွင်လည်း စာတစ်စောင်ပေတစ်ဖွဲ့ဖြင့် ညွှန်ကြားထားသည်လည်းမရှိ၊ မည်သူတစ်စုံတစ်ယောက်က နှုတ်ဖြင့်မိန့်မှာစကားထားခဲ့မှန်းလည်းမသိ၊ ခေတ်နှင့် လည်းမလျော်ညီဘဲ ယနေ့တိုင် လိုက်နာဆောင်ရွက်နေကြရသော ဌာနဆိုင်ရာ ရိုးရာဓလေ့များစွာ ကျန်ရှိနေပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ ကျင်းပပြုလုပ်လေ့ရှိပါသည်။ အဆိုပါအစည်းအဝေးများတွင် မြန်မာလူမျိုးအချို့ တက်ရောက်စကားပြောကြရာ၌ ကြိုတင်ရေးသားထားသော စာကိုဖတ်ရာမှပင် အင်္ဂလိပ်အသံထွက် လေယူလေသိမ်းကို မှန်ကန်စွာမပြောဆိုနိုင်သူများကို တွေ့မြင်ကြားသိနေရပါသည်။

အဆိုပါဆွေးနွေးပွဲများ၊ အစည်းအဝေးများကို တက်ရောက်ခဲ့သူအချို့၏ ပြန်လည်ပြောကြားချက်အရ “တက်တော့ တက်ခဲ့တာပဲဗျာ၊ ဒါပေမဲ့ ဘာတွေပြောသွားတယ်ဆိုတာ သေသေချာချာတွေ နားမလည်ပါဘူး”ဟုလည်း သိရှိရပါသည်။ အချို့ဆိုလျှင် မြန်မာတွေချည်း တက်ရောက်သော အခမ်းအနားများ၌ မြန်မာတို့နားမလည်သော အင်္ဂလိပ်စကားလုံးများစွာကို ညှပ်၍ပြောကြသော်လည်း ထိုသူတို့မှာ တကယ်တမ်း နိုင်ငံတကာအဆင့်တွင် နင်လား၊ ငါလား ပြောကြရသည့်အခါမျိုး၌ ပွဲမတိုးကြပါ။ ထို့အတူ နိုင်ငံခြားသို့ လေ့လာရေးခရီးသွားရောက်ကြသူများ၊ ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ကြသူများ ပြန်လာကြသည့်အခါ ပြောပြကြရာ၌ သူတို့တက်ရောက်ခဲ့သော ဆွေးနွေးပွဲများ၊ အစည်းအဝေးများတွင် ဆွေးနွေးပြောကြားကြသည်များကို အပြည့်အဝနားမလည်ကြောင်းနှင့် တစ်ခါတစ်ရံ ဘာပြောသွားမှန်းပင်မသိကြောင်း ပြန်လည်ပြောပြသည်ကို ကြားဖူးပါသည်။ ထို့ကြောင့် ပြည်တွင်း/ပြည်ပ၌ ပြုလုပ်သည့် နိုင်ငံတကာအဆင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်ဆိုနိုင်ဖို့ ယနေ့လူငယ်များ အားသွန်ခွန်စိုက်ကြိုးစားကြဖို့ လိုအပ်လာပြီဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတကာသို့ သွားရောက်ကြသည့်အခါတွင်လည်း “မြန်မာဆိုတာဒီလိုဟေ့” ဟု ကမ္ဘာကသိအောင် မြန်မာဝတ်စုံ (ဗမာဝတ်စုံ သို့မဟုတ် တိုင်းရင်းသားဝတ်စုံ) ကိုဝတ်ဆင်၍ ကမ္ဘာသုံးဘာသာစကားကို လည်လည်ပတ်ပတ် ရွှန်းရွှန်းဝေအောင် ပြောဆိုခြင်းအားဖြင့် ကမ္ဘာက လေးလေးစားစား ဆက်ဆံလာမည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားလာမည်ဖြစ်ကာ “မြန်မာဆိုတာ ဒီလိုဝတ်စားဆင်ယင်မှုရှိတယ်၊ ဒီလိုယဉ်ကျေးမှုအစဉ်အလာရှိတယ်” ဟူ၍ ပြသင့်သောအချိန်အခါ ရောက်ပြီဖြစ်ပါကြောင်း၊ မီးမောင်းထိုးပြလိုက်ရပါသည်။ 

သိန်းထက်အောင်