News

POST TYPE

OPINION

မြန်မာပြည်သူများ၏ ရဲတပ်ဖွဲ့ (Daily, Vol-7/No-217)
20-Dec-2019
နေပြည်တော်ရှိ မူကြိုကျောင်းတစ်ခုတွင် တက်ရောက်ခဲ့သည့် သုံးနှစ်အရွယ် မိန်းကလေးငယ် ပြီးခဲ့သည့် မေလအတွင်း မဖွယ်မရာပြုကျင့်ခံရပြီးနောက် အဆိုပါအမှုကို မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူအတော်များများ စိတ်ဝင်တစားဖြင့် အနီးကပ်စောင့်ကြည့်ခဲ့ကြသော်လည်း ယင်းကလေးငယ်နှင့် မိသားစု၏ ဂုဏ်သိက္ခာအလို့ငှာ ကလေးအမည်နှင့် ပတ်သက်၍ အားလုံးက လျှို့ဝှက်ပေးကာကလေးငယ်ကို “ဗစ်တိုးရီးယား” ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပေသည်။ 

ထိုသို့ ဗစ်တိုးရီးယားလေး၏ အမည်ကို ဝှက်ထားရန် လူမှုကွန်ရက်သုံးစွဲကြသော မြန်မာပြည်သူအားလုံးက တာဝန်သိစွာ သတိရှိစွာဖြင့်နေထိုင်ခဲ့သည့်ကြားမှ ယင်းကလေးငယ်၏ အမှုနှင့်ပတ်သက်၍ အမည်နာမများအားလုံးပါဝင်သော စာရွက်စာတမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယင်း၏ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်သို့တင်ခဲ့ရာ ယမန်နေ့က ပြည်သူအားလုံး မျက်လုံးပြူးသွားကြရပေသည်။ စာရွက်စာတမ်းများတင်ရုံသာမက အဆိုပါအမှုနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်လည်း ဗစ်တိုးရီးယားသည် မည်သူမည်ဝါမှန်း ရဲအရာရှိကြီးများက ထုတ်ပြောသွားသေးသည်။ 

ရဲတပ်ဖွဲ့၏ အဆိုပါလူမှုကွန်ရက်စာမျက်နှာပါပို့စ်များကို လူမှုကွန်ရက် အသုံးပြုသူမြန်မာပြည်သူများက Child Abuse (ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု ပါရှိသောပို့အဖြစ်) သတ်မှတ်ပေးရန် Facebook ထံသို့ Report ဝိုင်းတင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ လုပ်ပုံကိုင်ပုံကို မကျေမနပ်ဖြစ်၊ အမျက်ဒေါသထွက်ကာ Report တင်ခဲ့သူ ဒုနှင့်ဒေးရှိခဲ့မည်မှာ သေချာပါသည်။ အဆိုပါ Report ကို Facebook ကသိရှိသွားသောကြောင့်လော၊ သို့မဟုတ် ပြည်သူများအလွန်အမင်း မကျေမနပ် ဖြစ်နေသည်ကို ရဲတပ်ဖွဲ့က သိရှိသွား၍ကြောင့်လော ဆိုသည်ကိုမသိရသော်လည်း ဗစ်တိုးရီးယားသမီးငယ်နှင့် ၎င်း၏ မိသားစုအမည်နာမများနှင့် သတင်းအချက်အလက် များပါသောပို့စ်မှာ နာရီပိုင်းအတွင်း ဖယ်ရှားလိုက်သည်ကိုတွေ့ရပေသည်။ 

ကလေးငယ် နစ်နာမည်ကိုစိုးသောကြောင့် တစ်လောကလုံးက လနှင့်ချီအောင် ထိန်းထိန်းသိမ်းသိမ်းအကာအကွယ်ပေးခဲ့သောကိစ္စကို ရဲအရာရှိကြီးဆိုသူအချို့နှင့် ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာအတွက် တာဝန်ရှိသူများက မညှာမတာဖွင့်ချ ပြလိုက်သည့်ကိစ္စသည် လွန်စွာအရုပ်ဆိုးအကျည်းတန်လှပေသည်။ ဝါရင့်သတင်းစာ ဆရာအချို့ကမူ ယင်းဖြစ်ရပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ရဲ၏တာဝန်၊ ရဲ၏ကျင့်ဝတ် မဆိုထားနှင့် လူမှုကျင့်ဝတ်ပင် နားလည်မှုမရှိဘဲ ထက်အောက် အမိန့်ပေးသည့်ကိစ္စတစ်ခုတည်းလောက်သာ၊ တစ်နည်းအားဖြင့် “ရေဘူးပေါက်တာမလိုချင် ရေပါတာသာလိုချင်သည်” ဆိုသောသဘောတရားလောက်သာ နားလည်သူများ ကြီးစိုးနေခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာလည်းပျက်ပြားရသလို အထက်ပါ အမှုတွင် နစ်နာသူများမှာ လူသိရှင်ကြား နှစ်ခါပြန်စော်ကားခံလိုက်ရသကဲ့သို့ဖြစ် စေခဲ့ကြောင်း ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ကြသည်ကိုလည်း တွေ့ရပေသည်။ 

လိုပါသေးသည်။ များစွာလိုသေးသည်ဟု ဆိုရပါမည်။ ရဲတပ်ဖွဲ့၏ လက်ရုံးရည်၊ နှလုံးရည်၊ အမြော်အမြင်၊ ကျင့်ဝတ်၊ စိတ်ဓာတ်၊ စည်းကမ်းစသည့်အပိုင်းများတွင် ပြည့်ဝမှုရှိအောင် များစွာဖြည့်ဆည်းရပါဦးမည်။ ယမန်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရဲတပ်ဖွဲ့အတွင်းရှိသည့် စိတ်နေစိတ်ထားများသည် လူ့အသိုင်းအဝိုင်း၏ စိတ်နေစိတ်ထားကိုရောင်ပြန်ဟပ်ကြောင်းနှင့် စိတ်ဓာတ်များကို ပြုပြင်ရာ၌ ကိုယ်ကစပြီးပြုပြင်ရမည်ဖြစ်ကြောင်း ပြောဆိုသွားပေသည်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ပြုပြင်စရာများစွာရှိနေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ ရာနှုန်းပြည့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်၊ တစ်နည်းအားဖြင့် Good Cop ဟုသတ်မှတ်ခံရသည့် အဆင့်သို့ရောက်ရန် လေ့လာသင်ယူစရာ၊ ပြောင်းလဲစရာများစွာရှိနေသည်မှာသေချာပါသည်။ အရေးကြီးသည်မှာ ပြည်သူလူထု၏ လုံခြုံရေးကို မေတ္တာ၊ စေတနာ၊ ကရုဏာထားကာ အမှန်တကယ်ဆောင်ရွက်နေပါကြောင်း ပြည်သူမြင်အောင် လက်တွေ့ပြသနိုင်မည်ဆိုပါက ပြည်သူလူထုက ရဲတပ်ဖွဲ့ကို ကျေးဇူးတင်တန်ဖိုးထားနေမည်သာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ (၁၉ - ၁၂ - ၂၀၁၉ )