News

POST TYPE

OPINION

တန်ဖိုးလေးများ ရှိပြီးသား
19-Dec-2019


ဟိုတစ်လောကမှ ဝယ်လာခဲ့တဲ့ စာအုပ်လေးတစ်အုပ်ကို သူငယ်ချင်းကို ပေးဖတ်ခဲ့တယ်။ အဲဒီစာအုပ်ကို ကြိုက်လွန်းလို့တဲ့။ သူ့ကို ပြန်ရောင်းပေးဖို့အကြောင်း ပြောလာခဲ့တယ်။ စာအုပ်လေးကို ချစ်တဲ့စိတ်လေးရှိနေတဲ့သူ့ကို အဲဒီစာအုပ်လေး မရောင်းတော့ဘဲ လက်ဆောင်ပေးဖို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ကျွန်မတွေးနေခဲ့မိတဲ့ အတွေးတွေက သူပြောလိုက်တဲ့စကားသံတချို့ကို ကြားလိုက်ရတဲ့အခါ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါတယ်။ အကြောင်းအရင်းက စာအုပ်လေးရဲ့တန်ဖိုးဈေးနှုန်းကို မေးတာက စခဲ့တာပါပဲ။ စာအုပ်လေးရဲ့ဝယ်ရင်းဈေး သုံးထောင်လို့ပြောလိုက်တဲ့အချိန်မှာ သူက “ဝယ်ထားတာ တစ်ပတ်တောင်ရှိပြီပဲ၊ စာအုပ်က အသစ်မှမဟုတ်တော့ တာ၊ အသစ်ဈေးမပေးနိုင်ပါဘူး”ဆိုတဲ့စကား ပြောလာခဲ့တယ်။ သူ့စကား ကိုကြားကြားချင်းပဲ ကျွန်မစိတ်တိုသွားခဲ့မိတယ်။ တကယ်ပဲ ဝယ်ထားတာ ရက်တွေ၊ လတွေကြာသွားရင် စာအုပ်လေးရဲ့ မူရင်းတန်ဖိုးဟာ ကျသွားရောလား။ 

စာအုပ်လေးတစ်အုပ်ရဲ့ တန်ဖိုးဆိုတာ ဟောင်းနွမ်းပြီဆိုတာနဲ့ ဈေးနှိမ်ခံရတော့တာပဲလား။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ကြပါစေ။ ကျွန်မအတွက်ကတော့ စာအုပ်တစ်အုပ်ရဲ့တန်ဖိုးဆိုတာ သစ်ခြင်း၊ ဟောင်းခြင်းနဲ့မသက်ဆိုင်ပါဘူး။ နှစ်တွေကြာကြာက ဝယ်ထားတဲ့ စာအုပ်ဖြစ်နေစမ်းပါစေ။ ကိုယ်မဖတ်ရသေးရင် အသစ်ပဲလို့ ယူဆမိပါတယ်။ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါ။ အမှန်တကယ် စာအုပ်လေးကိုချစ်တယ်ဆိုရင် အဟောင်းဆိုတဲ့ စွပ်စွဲချက်နဲ့ ဈေးမနှိမ်သင့်ဘူးလို့ထင်မိပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်မမျက်လုံးထဲမှာ စာအုပ်အဟောင်းတန်းဆိုင်လေးတွေရဲ့ စာအုပ်လေးတွေကို ပြေးမြင်မိတယ်။ အဟောင်းဆိုတာနဲ့ပဲ ဈေးနှုန်းလျှော့ခံထားရတာမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ရသစာပေစကားဝိုင်းလေးတစ်ခုမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကို အမှတ်ရမိလိုက်တယ်။ စာအုပ်တစ်အုပ်ရဲ့တန်ဖိုးဆိုတာ လူဖတ်မှ တန်ဖိုးရှိတာတဲ့။ ဒီစကားလေးကို နားဝင်ပြီးတဲ့နောက်ပိုင်း အဟောင်းတန်းဆိုင်လေးတွေမှာ ဈေးနှိမ်ခံထားရတဲ့ စာအုပ်ဟောင်းလေးတွေကိုမြင်ရင် အရင်လို စိတ်မကောင်းမဖြစ်တော့ဘူး။ ရောင်းဈေးတန်ဖိုးကို နှိမ်ခံလိုက်ရပေမယ့်လည်း သူ့ကိုဖတ်နေသူရှိနေသမျှတော့ သူ့တန်ဖိုးက တက်နေဦးမှာပဲလို့ တွေးတတ်လာခဲ့တယ်။

ဟိုးတုန်းကဆိုရင် ဘယ်သူတွေ၊ ဘာလက်ဆောင်ပဲပေးပေး အမြတ်တနိုး သိမ်းထားတတ်တဲ့အကျင့် ကျွန်မမှာရှိတယ်။ စာဖတ်ဝါသနာပါတဲ့ ကျွန်မကို သူငယ်ချင်းတွေက စာအုပ်တွေပဲ လက်ဆောင်ပေးကြတာများတယ်။ အဲဒီစာအုပ်လေးတွေ နွမ်းသွားမှာစိုးတဲ့စိတ်နဲ့ ဘယ်သူ့ကိုမှ မငှားရက်၊ ပေးမဖတ်ရက်ခဲ့ဘူး။ ဒါဟာ စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကို ကျွန်မကိုယ်တိုင် ကျအောင်လုပ်နေတာပဲဆိုတာ သိပြီးတဲ့နောက်ပိုင်း အရင်လို တယုတယနဲ့ သိမ်းမထားတတ်တော့သလို တခြားတစ်ယောက်ကိုလည်း လက်ဆောင်ပြန်ပေးပစ်ဖို့ ဝန်မလေးတော့ဘူး။ ပင်ကိုရှိနေတဲ့ စာအုပ်လေးရဲ့တန်ဖိုးကို ကျွန်မကြောင့် လျော့သွားတာမျိုးမဖြစ်စေဖို့ အတတ်နိုင်ဆုံးဆင်ခြင်နိုင်ခဲ့ပါတယ်။

တန်ဖိုးဆိုတာ လူတွေ သတ်မှတ်မှမဟုတ်ပါဘူး။ တကယ်တန်ဖိုး ထားတတ်မယ်ဆိုရင် အရာရာဟာ သူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ လမ်းမပေါ်ကျနေတဲ့ မူလီတစ်ချောင်းဟာ ဘာမှသုံးစားမရတဲ့ အမှိုက်ဖြစ်နေပေမယ့် ဒေါ်လာသန်းချီတန်တဲ့ လေယာဉ်တစ်စင်းအတွက်တော့ အရေးကြီးဆုံး အစိတ်အပိုင်းလေးတစ်ခုဖြစ်နေနိုင်တာပဲ။ ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ နာမည်ကြီးတက္ကသိုလ်ဆရာတစ်ယောက်ဟာ လှေတစ်စင်းငှားပြီး မြစ်တစ်လျှောက်ကို လည်ပတ်ခဲ့တယ်။ လှေစထွက်တဲ့အချိန်မှာ ဆရာက လှေသမားကို “ခင်ဗျား သင်္ချာတတ်လား”လို့ မေးလိုက်တယ်။ လှေသမားက ခေါင်းယမ်းပြတော့ ဆရာက “ခင်ဗျား သင်္ချာမတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၂ ပုံကို ဆုံးရှုံးပြီ” လို့ ပြန်ပြောခဲ့တယ်။ နောက်တစ်ကြိမ် ရူပဗေဒတတ်လားလို့မေးတော့ လှေသမားက ထုံးစံအတိုင်း ခေါင်းခါပြပြန်တယ်။ ဒါဆိုရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံကို ဆုံးရှုံးပြီလို့ ပြန်ပြောခဲ့ပြန်တယ်။ အဲဒီလိုနဲ့ပဲ ဆရာဟာ သူတတ်ထားတဲ့ ပညာတွေကို တစ်ခုပြီးတစ်ခု မေးနေခဲ့တာပေါ့။ ဒီအချိန်မှာ မိုးသက်လေပြင်းကျလာခဲ့တယ်။ လှေသမားက သူ့ကိုရေကူးတတ်လားလို့ မေးလာခဲ့တယ်။ ဆရာရဲ့ခေါင်းယမ်းပြမှုအဆုံးမှာ လှေသမားက “ခင်ဗျားတတ်ထားတဲ့ ၆ ပုံလုံးဟာ ခုဆုံးရှုံးရတော့မယ်၊ ခင်ဗျားဘာတတ်နိုင်သေးလဲ”လို့ ပြန်ပြောခဲ့ပါတယ်။ တကယ်တော့ တန်ဖိုးဆိုတာ နှိုင်းယှဉ်စရာမလိုတဲ့အရာပါ။ တက္ကသိုလ်ဆရာမှာလည်း သူ့အရည်အချင်းနဲ့ သူ့တန်ဖိုးနဲ့သူရှိသလို လှေသမားမှာလည်း သူ့အရည်အချင်းနဲ့ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါ။ ဖတ်ဖူး ခဲ့တဲ့စာစုလေးထဲကလိုပေါ့။ ဘရိတ်ဓားဟာထက်ပေမယ့် သစ်ပင်ကို မပိုင်းဖြတ်နိုင်သလို ပုဆိန်ဟာလည်း ခိုင်ခံ့ပေမယ့် ဆံပင်ကိုမရိတ်ဖြတ်နိုင်ပါဘူးတဲ့။ အရာအားလုံးဟာ သူ့အရည်အချင်းနဲ့၊ သူ့တန်ဖိုးနဲ့သူတော့ရှိပြီး သားပဲမဟုတ်ပါလား။

စာတစ်ပုဒ်ဟာ လူတစ်ယောက်လိုပါပဲ။ ဖတ်တဲ့သူရဲ့ ဉာဏ်ပေါ်မှာ မူတည်ပြီး တန်ဖိုးတွေ အဆင့်ဆင့်တက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ သူ့တန်ဖိုးနဲ့သူရှိနေတယ် ဆိုပေမယ့်လည်း တချို့လူတွေရဲ့ တန်ဖိုးနား မလည်မှုတွေအောက်မှာ တန်ဖိုးဟာ အလိုလိုကျဆင်းသွားတတ်ပါတယ်။ အင်တာနက်မှာဖတ်ရတဲ့ ဘာသာပြန်စာစုလေးတစ်ခုကို တင်ပြချင်ပါတယ်။ အဖေဖြစ်သူက နှစ်ပေါင်းရာကျော်နေပြီဖြစ်တဲ့ နာရီလေးတစ်လုံးကို သားဖြစ်သူကိုထုတ်ပေးပြီး အများဆုံး ဘယ်လောက်ပေးနိုင်မလဲလို့ နာရီဆိုင်ကို သွားမေးခိုင်းတယ်။ ၅ဒေါ်လာပဲ ပေးလိုက်တယ်တဲ့။ နောက်ထပ်ကော်ဖီဆိုင်ကို သွားမေးခိုင်းပြန်တယ်။ အလားတူ ၅ ဒေါ်လာပဲ ထပ်ပေးလိုက်ပြန်တယ်။ နောက်ဆုံးအနေနဲ့ ပြတိုက်ကို သွားရောင်းခိုင်းလိုက်တော့ ၁ မီလီယံပေးလိုက်တယ်တဲ့။ ဒီစာစုလေးက အတွေးတွေ အများကြီးရစေတယ်။

တစ်ခါတစ်ရံမှာ တန်ဖိုးဘယ်လောက်ပဲကြီးတဲ့ ပစ္စည်းဖြစ်နေစမ်းပါစေ။ တန်ဖိုးသိတဲ့နေရာမှာမှ တန်ဖိုးကမြင့်တတ်ကြပါတယ်။ မိမိတန်ဖိုးကို မသိတဲ့နေရာ (ဒါမှမဟုတ်) တန်ဖိုးမသိသူရဲ့လက်ထဲကို ရောက်နေရင်တော့ တန်ဖိုးက အလိုလိုကျနေတတ်စမြဲပါပဲ။ ဒါကြောင့် ကျွန်မတို့ဟာ မိမိကိုယ်ကိုယ် သုံးသပ်ဖို့လိုပါတယ်။ မိမိဟာ တန်ဖိုးမသိသူတွေရဲ့လက်ထဲကို ရောက်နေခဲ့ပြီလား။ တန်ဖိုးမသိတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်နေရပြီလား။ တန်ဖိုးမသိတဲ့နေရာမှာ ရောက်နေပြီးတော့ ငါ့ကိုတန်ဖိုးမထားရက်လေခြင်းဆိုတဲ့ အတွေးမျိုးတွေနဲ့ နစ်မွန်းမနေဖို့လိုပါတယ်။ မိမိကို ဘယ်သူတွေက တန်ဖိုးထားလဲဆိုတာ မြင်အောင်ကြည့်ပါ။ ပြီးရင် တန်ဖိုးထားတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ပါ။ ဆန်တစ်ပြည်ကို မုန့်ဆရာရဲ့မျက်စိထဲမှာ မုန့်လို့ပဲမြင်မယ်။ အရက်ချက်သူရဲ့မျက်စိထဲမှာတော့ အရက်လို့ပဲမြင်မယ်။ ဘယ်သူတွေ ဘယ်လိုပဲအမြင်အာရုံပြောင်းလဲသွားပါစေ အစစ်အမှန်ကတော့ ဆန်ဟာဆန်ပဲမဟုတ်လား။ တန်ဖိုးဆိုတာ မူလပကတိ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါ။ အဓိကက ရှိပြီးသားတန်ဖိုးကို ကျသွားအောင် ကိုယ်တိုင်မဖန်တီး ပစ်ဖို့ပဲလိုတာပါ။

တန်ဖိုးဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အတွေးနယ်ချဲ့နေမိတယ်။ တချို့က တန်ဖိုးဆိုတာ ဂုဏ်ဓနပိုင်ဆိုင်မှုလို့ သတ်မှတ်ကြတယ်။ တချို့ကလည်း အောင်မြင်ကျော်ကြားမှုလို့ သတ်မှတ်ပြန်တယ်။ ကျွန်မကိုယ်တိုင်လည်း တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ခွင့်ရချင်မိတယ်။ ဘာမှယူမသွား နိုင်တဲ့ဘဝကြီးမှာ ဘာတွေကျန်ပြီး ဘာတွေချန်ရစ်ခဲ့မလဲ။ ကိုယ့်တန်ဖိုးကို မြင့်လာအောင်ကြိုးစားနေသူပဲ ဖြစ်ချင်မိတယ်။

နောက်ဆုံးအနေနဲ့ (တစ်)ချင်းတူခဲ့ရင်တောင် နေရာလိုက်တန်ဖိုး မတူတာကိုပဲ လိုချင်တယ်။ နေရာလိုက်တန်ဖိုးမြင့်လာလေလေ (တစ်)ရဲ့ တန်ဖိုးမြင့်လာလေလေမို့ ကျွန်မတို့ဟာ ရှိပြီးသားတန်ဖိုးတွေကို အတတ်နိုင်ဆုံး မြှင့်တင်ပေးဖို့ လိုအပ်တယ်မဟုတ်ပါလားလေ။

မယ်ကံကောင်း



  • VIA