News

POST TYPE

OPINION

စည်းလုံးညီညွတ်ဖို့လိုပါသည်
19-Dec-2019


Facebook စာမျက်နှာပေါ်က ကျားအဆွဲခံနေရတဲ့ နွား တစ်ကောင်ရဲ့ ပုံရိပ်လေးကို မြင်မိတော့ ဒီနေ့ခေတ် မြန်မာ့အခြေအနေနဲ့ မြန်မာစကားပုံလေးတစ်ခုကို သတိရမိလိုက်တာပါ။ သတိရမိတဲ့ မြန်မာစကားပုံလေးက ‘နွားကွဲရင် ကျားဆွဲခံရတတ်ပါသတဲ့’ ။ အပေါင်းအဖော်နွားတွေနဲ့ နေထိုင်မှုမရှိဘဲ ခွဲခွာသွားတဲ့နွား၊ ကွဲကွာသွား တဲ့နွားဟာ ရန်သူကျားသတ္တဝါရဲ့ အစားအစာဖြစ်တတ်ပါတယ်လို့ ရှေးခေတ်ပညာရှိတို့က အမြော်အမြင်ကြီးစွာ ဝင်္ကဝုတ္တိအနေနဲ့ မိန့်ဆိုသွားခြင်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းရေးအခြေအနေကို အသေအချာလေ့လာသုံးသပ်ကြည့်ရင် ပြည်တွင်းငြိမ်းချမ်းမှုတွေ ပျောက်ဆုံးနေတာကို သတိထားမိကြမှာဖြစ်ပါတယ်။ ဒါဟာ ရှေးပညာရှိများ မိန့်ဆိုသွားသလို ကျားဆွဲခံရမယ့် နိမိတ်လေများလားလို့ စိုးရိမ်နေမိခြင်းလည်း ဖြစ်ပါတယ်။

မြန်မာဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်ထီးကိုယ်နန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ရေမြေသယံဇာတများ နဲ့ ကမ္ဘာ့အလယ်မှာ လက်မထောင်ဝင့်ကြွားပြီး ဣန္ဒြေသိက္ခာအပြည့်နဲ့ နေထိုင်ခဲ့တဲ့လူမျိုးဖြစ်ပါတယ်။ ဘယ်နိုင်ငံ ဘယ်သူ့ကိုမှ မျက်နှာငယ်ငယ်နဲ့ မဆက်ဆံခဲ့ရသလို သိမ်မွေ့နက်ရှိုင်းသော ဘာသာတရား အဆုံးအမ အောက်မှာ နေထိုင် ကြီးပြင်းလာသူတွေမို့ လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံတကာတိုင်းက လေးစားအားကျ အတုယူစံထားခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် မြန်မာပြည်အခြေအနေဟာ အရင်ခေတ်နဲ့ မတူတော့တဲ့ အခြေအနေ တစ်ရပ်ကို အသွင်ကူးပြောင်းလို့ လာခဲ့ပြီဆိုတာ သိကြမြင်ကြရမှာပါ။ အရင်းစစ် အမြစ်မြင်ဆိုတာလို အခုလို အသွင်ကူးပြောင်း လာခြင်းရဲ့ အဓိကတရားခံဟာ မညီညွတ်ခြင်း စိတ်ဝမ်းကွဲခြင်းဆိုတဲ့ စည်းလုံးညီညွတ်မှုပြိုကွဲခြင်းရဲ့ အကြောင်းတရားပါပဲ။ 

“ညီညွတ်မှုမရှိလေသမျှ ပြည်တွင်းငြိမ်းချမ်းခြင်းဆိုတာ ရှိလာမှာ မဟုတ်သလို တိုင်းတစ်ပါးသားတို့ရဲ့ စီးပွားရေးအမြတ်ထုတ်ခြင်း၊ ပညာရေး အမြတ်ထုတ်ခြင်း၊ လူမှုရေးအမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ ဘာသာရေးအမြတ်ထုတ်ခြင်း၊ ကျူးကျော်ခြင်းစတဲ့ ကျားဆွဲခြင်းကိုလည်း ခံကြရဦးမှာ အမှန်ပါပဲ”။ မြန်မာပြည်ဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများစွာတို့နဲ့ ဖွဲ့စည်းတည် ဆောက်ထားသောနိုင်ငံ ဖြစ်ပါတယ်။ တိုင်းရင်းသားတိုင်းဟာ ရိုးသားခြင်းကို အခြေတည်ပြီး ဖြူဖြူစင်စင် ကြိုးကြိုးစားစားနဲ့ နေထိုင်လာခဲ့ကြသူတွေပါ။ တစ်ဦးကိုတစ်ဦးက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး ပွင့်လင်းရိုးရှင်းစွာ ဆက်ဆံတတ်ကြသလို ဖြူစင်သောအပြုံး လေးနက်သောချစ်ခြင်းမေတ္တာ မွန်မြတ် သောဆက်ဆံရေး ညီညွတ်မျှတခြင်းတို့နဲ့ နေထိုင်လာခဲ့ကြသူတွေဆိုလည်း မမှားပါဘူး။ 

၂၁ ရာစုရဲ့ ခေတ်တစ်ခုကိုရောက်ရှိလာတဲ့ ဒီနေ့အချိန်မှာတော့ ညီညွတ်ခြင်းတွေ ပျောက်ဆုံးကြလာပြီး တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမုန်းစကားများနဲ့ နှလုံးသားတွေ ခါးသက်နေခဲ့ကြပါတယ်။ ညီညွတ်မှုတွေအစား ရန်လိုမှုတွေများပြားလာပြီး သွေးစည်းမှုတွေအစား ကိုယ့်အတ္တရှေ့တန်းရောက်ဖို့ ကြိုးစားနေကြတာတွေကို မြင်တွေ့ ကြရမှာပါ။ ကိုယ်ပိုင်ဆိုင်ဖို့၊ ကိုယ့်နာမည်ပါဝင်လာဖို့၊ ကိုယ်တိုင်အရာရောက်ဖို့အတွက် တစ်ပါးသူတို့ရဲ့မျက်ရည်နဲ့ ဘဝတွေကိုချနင်းရန် ကြံစည်နေသူတွေလည်း များပြားလာခဲ့ပါပြီ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေထက် ကိုယ့်မိသားစုအဆင်ပြေရေး၊ ကိုယ့်မျိုးနွယ်ကောင်း စားရေး၊ ကိုယ့်အတ္တရှေ့တန်းရောက်ရေး၊ ကိုယ့်ရဲ့မာနထွန်းတောက်ရေး အတွက်သာ ကြည့်မြင်နေကြပါတယ်။ ရပ်ကွက်ထဲမှာပဲကြည့်ကြည့် မြို့ရွာတိုင်းပြည်အတွင်းမှာပဲကြည့်ကြည့် တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကူညီရိုင်းပင်းရမယ့်အစား တွန်းတိုက်ခြေထိုးဖို့အတွက်ကိုပဲ ကြိုးစားနေကြပါတယ်။ 

တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်းမရှိ။ ဖေးမကူညီခြင်းမရှိကြဘဲ သူဘာမှားနေလဲ၊ ဘယ်လိုဖြိုချရမလဲဆိုတဲ့ လူသားမဆန် အတ္တအမြင်တွေ အကြားတွေနဲ့သာ တွေးကြံဆက်ဆံနေကြတာတွေ များပါတယ်။ တစ်ယောက်အမြင်ကို နောက်တစ်ယောက်က နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုမပေးနိုင်သမျှ ညီညွတ်မှုဆိုတာ အဝေးကြီးဝေးနေဦးမှာလည်း ဖြစ်ပါတယ်။ ညီညွတ်မှုမရှိရင် အောင်မြင်မှု တိုးတက်မှုဆိုတာလည်း ရှိမလာနိုင်ပါဘူး။ အောင်မြင်မှု တိုးတက်မှုမရှိရင်လည်း စိတ်ရဲ့ချမ်းသာခြင်း ကိုယ်ရဲ့ကျန်းမာခြင်းတွေ ဆုံးရှုံးရတတ်ပြန်ပါတယ်။ ကိုယ်ရဲ့ကျန်းမာခြင်း၊ စိတ်ရဲ့ချမ်းသာခြင်းမရှိလေသမျှ ကောင်းမြတ်တဲ့အတွေး ကောင်းမြတ်တဲ့အမြင် ကောင်းမြတ်တဲ့လုပ်ရပ်ဆိုတာ အဝေးကြီးဝေးနေဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ “အမြင်မတူခြင်းကို ရန်သူလိုဆက်ဆံနေခြင်းက ကြီးမားတဲ့အမှားတစ်ခုဖြစ်နေသလို အမြင်မတူခြင်းကို မကြိုဆိုတတ် သရွေ့ ညီညွတ်ဖို့၊ တိုးတက်ဖို့လမ်းစတွေလည်း ပျောက်ဆုံးနေကြဦးမှာပါ”။ 

ဒီအရာတွေအားလုံးကိုခြုံပြီးပြောရရင် ဘာအတွက် ညီညွတ်မှုတွေ၊ စည်းလုံးမှုတွေ ပျက်ပြားလာရတာလဲဆိုရင် နားလည်ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အကောင်းမြင်ခြင်းဆိုတဲ့ စိတ်ကောင်းစိတ်မြတ်တွေ ချို့ယွင်းလာ ခြင်းကြောင့်သာ ဖြစ်ပါတယ်။ လှပတဲ့အတိတ်တွေကြီးမားခဲ့သော မြန်မာပြည်ဟာ ၂၁ ရာစုအတွင်းမှာ လှပတဲ့အတိတ်တွေ ပျောက်ဆုံးလာနေပါတယ်။ လှပတဲ့အတိတ်တွေကို မြတ်နိုးတန်ဖိုးထားခြင်း နည်းပါးလာပြီဆိုရင် ကောင်းမွန်သန့်ရှင်းသော ပစ္စုပ္ပန်နဲ့အနာဂတ်ကို ဖန်တီးပိုင်ဆိုင်ရယူဖို့အတွက်လည်း ပိုမိုခက်ခဲလို့လာတော့မှာ ဖြစ်ပါတယ်။ တိုင်းတစ်ပါးရောက် မြန်မာပြည်သူ ပြည်သားများကို ဖိနှိပ်ချုပ်ချယ်လာသလို အခုဆိုရင် မြန်မာ ပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေကိုပါ ကျူးကျော်စွက်ဖက်လာသော တိုင်းတစ်ပါးသားတို့ရဲ့ အပြုအမူဆိုးတွေရဲ့ဒဏ်ကို ခံစားနေကြရပြီလည်း ဖြစ်ပါတယ်။ ဒါတင်မက မြန်မာတို့ရဲ့ အမြတ်တနိုးတန်ဖိုးထားသော စေတီကျောင်းကန်များအတွင်း မဖွယ်မရာသောအပြုအမူများကို မြန်မာ့ရေမြေပိုင်နက် အတွင်းမှာ ပြောင်ပြောင်တင်းတင်း မထီလေးစားပြုလုပ်လာကြပါတယ်။ မြန်မာ့အရေး မြန်မာ့သယံဇာတ မြန်မာတို့ကိုးကွယ်ရာ ဘာသာတရားကို ထိပါးစော်ကားခံရခြင်းဟာ စည်းလုံးညီညွတ်မှုမရှိခြင်းရဲ့ နွားကွဲလို့ ကျားဆွဲခံ သင်္ကေတများ ဖြစ်ပါတယ်။

အစဉ်အလာကောင်းနဲ့ ရပ်တည်ရှင်သန်ခဲ့သောရွှေမြန်မာတို့အနေနဲ့ တိုင်းတစ်ပါးသားတို့ရဲ့ ထိပါးစော်ကားခြင်းကို မဖြစ်ပေါ်လာစေဖို့၊ တိုးတက်အောင်မြင်သောနိုင်ငံဖြစ်ဖို့၊ ရင်နင့်ဖွယ်ရာအဖြစ်ဆိုးများကို ရပ်တန့်က ရပ်ဖို့ဆိုရင် မြန်မာတွေအားလုံး မိသားစုအချင်းချင်း အမုန်းအာဃာတတွေ ကိုဖျောက်ပြီး မတူညီတာတွေဘေးဖယ်တူညီတာတွေကို ပေါင်းစပ်လို့ စည်းလုံးညီညွတ်အလံကို လက်တွဲကာလွှင့်တင်ကြဖို့ အချိန်တန်နေပါပြီ။ 

နတ်သျှင်(ရွှေဂူ)



  • VIA