News

POST TYPE

OPINION

သယံဇာတ စစ်ပွဲများနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး
30-Jul-2016
‘ပေါက်’ သည့်စာအုပ်၊ ‘ကွဲ’ သည့်စာအုပ်

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အရေးအခင်းမဖြစ်မီ လပိုင်းလောက်က စာအုပ်တစ်အုပ် ထွက်လာခဲ့သည်။ စစ်မဟာဗျူဟာရှင် ‘မိုက်ကယ်ကလဲယား’ ၏ ‘သယံဇာတစစ်ပွဲများ’ (Resource Wars) ဆိုသော စာအုပ်ဖြစ်သည်။ ကျမ်းရှင် ကလဲယားက ‘၂၁ ရာစုတွင် ဖြစ်ပွား လာနိုင်စရာရှိသည့်စစ်ပွဲများမှာ အိုင်ဒီအိုလိုဂျီ အငြင်းပွားမှုမှ ထွက်ပေါ်လာလိမ့် မည်မဟုတ်။ သယံဇာတ အရင်းအမြစ်များ ထိန်းချုပ်ရေးနှင့် ဆက်စပ်ဖြစ်ပေါ်ဖို့ များလိမ့်မည်’ ဟု နိမိတ်ဖတ်ခဲ့သည်။ သို့တစေ သူ့စာအုပ် မပေါက်ခဲ့ပါ။ လပိုင်းအတွင်း ထွက်ပေါ်လာသော ၉/၁၁ အရေးအခင်းကြောင့် ကလဲယား၏ ‘သယံဇာတစစ်ပွဲများ’ မှာ နောက်ရောက်သွားခဲ့ရသည်။ 

ဆိုခဲ့ပါ ၉/၁၁ အရေးအခင်းနှင့် ဒုတ်ဒုတ်ထိ ကြုံလိုက်ရသောအခါ လွန်ခဲ့သော ဆယ်နှစ်ကျော်က မပေါက်ခဲ့သော စာတစ်အုပ်မှာ အရောင်းသွက်စာရင်းဝင် ဖြစ်လာခဲ့သည်။ ဟားဗတ်တက္ကသိုလ် ပါမောက္ခ ‘ဆယ်မျု ရယ်.ဖီ-ဟန်တင်တန်’ ၏ ‘ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း’ (The Clash of Civilization) စာအုပ်ဖြစ်သည်။ ဤကျမ်းတွင် ကျမ်းရှင်ဟန်တင်တန် က “စစ်အေးခေတ်၏ အိုင်ဒီအိုလိုဂျီတိုက်ပွဲ နေရာတွင် ယဉ်ကျေးမှု အုပ်စုကြီးများကြား ပဋိပက္ခက အစားဝင်လာလိမ့်မည်-” ဟု နိမိတ်ဖတ်ထားခဲ့ရာ တစ်ချိန်က ‘ကွဲ’ ခဲ့သောစာအုပ်၊ ယခုအကြိမ်ရောက်တော့မှ အကြီးအကျယ် ‘ပေါက်’ သွားခဲ့သည်။

သမ္မတဂျော့ဒဗလျူဘုရှ်၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲအကြို ကာလတွင် နောက်ထပ်စာအုပ် တစ်အုပ် ထွက်လာပြန်သည်။ ဟားဗတ်တက္ကသိုလ်မှ မနုဿဗေဒပညာရှင် ‘စတီဗင်လီဗလန့်’ ၏ ‘ငြိမ်းချမ်းသော၊ မြင့်မြတ်သော၊ ရိုင်းစိုင်းကြမ်းကြုတ်မှု၏ ဒဏ္ဍာရီ’ (The Myth of the Peaceful, Noble Savage) ဆိုသောစာအုပ် ဖြစ်သည်။ အမှန်စင်စစ်၊ ‘လီဗလန့်’ ၏စာအုပ်မှာ ‘ကလဲယား’ ၏ အခြေခံအယူအဆနှင့် ဘာမှ မကွာဟု ဆိုနိုင်ပါသည်။ ပြောရလျှင် ‘သယံဇာတစစ်ပွဲများ’ အကြောင်းပင် ဖြစ်သည်။ သို့နှင့်တိုင် ဒီတစ်ချီတော့ ‘ပေါက်’ သွားသည်။ ပေါက်လိုက်သမှ ယခုအချိန်အထိ အရောင်းသွက်စာအုပ် စာရင်းတွင် ထိပ်ဆုံးတန်းတွင် ရှိနေဆဲဖြစ်သည်။

မျက်နှာဖုံးစွပ် စစ်ပွဲများ

ကျမ်းရှင်လီဗလန့်၏ အလိုအရ ကမ္ဘာဦးမှသည် လက်ရှိအချိန်ထိ ဖြစ်ပွားခဲ့သော စစ်ပွဲအားလုံးမှာ သယံဇာတနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေသည်ဟု ဆိုပါသည်။ သို့ဖြစ်လင့်ကစား လူ့ယဉ်ကျေးမှု မြင့်မားလာ သည်နှင့်အမျှ စစ်ပွဲများမှာ မျက်နှာဖုံးစွပ်ပြီး တိုက်ကြခိုက်ကြသည်က များသည်။ တိုးဖောက်ကြည့်နိုင်ပါမှ အရင်းခံအကြောင်းကို တွေ့နိုင်စရာ ရှိသည်ဟု ဆိုသည်။ ဤအတွက်လည်း သက်သေသာဓကတွေ မနည်းမနော ပြသည်။

ဥပမာအနေနှင့် ဆိုဗီယက်ပြည်ထောင်စုကို မွေးထုတ်လိုက်သော ၁၉၁၇ တော်လှန်ရေးကို ကျမ်းရှင်က ယခုလိုရှင်းပြသည်။ ‘သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ်ထားလိုသော ဇာဘုရင်နှင့် ရုရှားလူထု၏ ပဋိပက္ခကို ဘော်ရှီဗစ်များက ပါးပါးနပ်နပ် ‘အိုင်ဒီအိုလိုဂျီမျက်နှာဖုံး စွပ်လိုက်ခြင်းသာ ဖြစ်သည်’ ဟူလို။ အလားတူ လောလောလတ်လတ် ဖြစ်ပွားခဲ့သည့် ‘အီရတ်စစ်ပွဲ’ (ဒုတိယပင်လယ်ကွေ့ စစ်ပွဲ) နှင့် ပတ်သက်သော သမ္မတဘုရှ် တင်ပြခဲ့သည့် ‘ကဆပ်ဘယ်လီ’ (စစ်ပွဲအတွက် အကြောင်းပြချက်) အားလုံးကိုလည်း သူကပယ်သည်။ ‘ဖျက်အားပြင်း လက်နက်များ’ (WMD) နှင့် မပတ်သက်သလို ဒီမိုကရေစီနှင့်လည်း ဘာမှမဆိုင်။ ရေနံကြောင့် ဖြစ်ပွားရသော သယံဇာတစစ်ပွဲသာ ဖြစ်သည်ဟု အခိုင်အမာဆိုသည်။

ထို့ထက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အဆုံးအဖြတ် ပေးခဲ့ကြသော တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍လည်း ကျမ်းရှင်လီဗလန့်က ယခုလို မှတ်ချက်ပြုသည်။ တရုတ်ပြည်အနေနှင့် တောင်တရုတ်ပင်လယ်ကို လက်ဝါးကြီး အုပ်လိုသည်မှာ ပင်လယ်ရေကြောင်း သွားလာမှုကို ထိန်းချုပ်လိုသောကြောင့် သက်သက်မဟုတ်။ တောင်တရုတ်ပင်လယ်မှာ မဖော်ထုတ်ရသေးသော သဘာဝ သယံဇာတ အလွန်ကြွယ်ဝသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိုမျှမက အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ မပြီးနိုင်မစီးနိုင် ပြည်တွင်းစစ် အားလုံးလောက်မှာ သယံဇာတ လုပွဲများနှင့် ဆက်စပ်နေသည်ဟုလည်း သူက အကဲဖြတ် ထောက်ပြထားသည်။

ကျွန်းသစ်နှင့် ကျောက်စိမ်း

၂၀၀၇ ခုနှစ်က ထွက်ခဲ့သော စာအုပ်တစ်အုပ် ရှိသည်။ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခ ‘ပေါလ်ကိုလီယာ’ ၏ ‘အောက်ဆုံးက သန်းတစ်ထောင်’ (The Bottom Billion) ဆိုသော စာအုပ်ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံပေါင်း ၅၈ နိုင်ငံအကြောင်းကို သုတေသန လုပ်ထားသော စာအုပ်ဖြစ်သည်။ ကျမ်းရှင် ‘ကိုလီယာ’ က လူဦးရေသန်းတစ်ထောင်မျှ ရှိသော အဆိုပါ ၅၈ နိုင်ငံမှလူများ၊ ဆင်းရဲတွင်းမှ မတက်နိုင် ဖြစ်နေရသည်မှာ ‘ထောင်ချောက်လေးခု’ မှ ရုန်းမထွက်နိုင်သောကြောင့် ဟုဆိုသည်။ အဆိုပါ ထောင်ချောက်လေးခုမှာ ၁။ ပဋိပက္ခထောင်ချောက် (Conflict Trap) ၂။ သယံဇာတထောင်ချောက် (Natural Resources Trap) ၃။ မကောင်းသော အိမ်နီးချင်းများနှင့် ယှဉ်တွဲ တည်ရှိနေသော ကုန်းတွင်းပိတ် ထောင်ချောက် (The Trap of being Landlocked with bad neighbours) နှင့် ၄။ တိုင်းပြည်ကသေးသေး အုပ်ချုပ်ရေးက အားနည်းဆိုသော ထောင်ချောက် (The trap of bad governance) တို့ဖြစ်သည်။

ဆိုခဲ့ပါ ထောင်ချောက်လေးခုအနက် ပထမနှစ်ခု (ပဋိပက္ခထောင်ချောက်နှင့် သယံဇာတထောင်ချောက်) တို့မှာ ဆက်စပ်နေသည်။ သယံဇာတ လုပွဲများကြောင့် ပြည်တွင်းစစ်တွေ တာရှည်တတ်သည်ဟု ထောက်ပြသည်။ ဤအကြောင်းကို ဖတ်ရသောအခါ စာရေးသူမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို မစဉ်းစားဘဲ မနေနိုင်။ အားလုံးသိကြသည့်အတိုင်း ယခုအခါ မြန်မာပြည်တောင်ပိုင်းမှ လက်နက်ကိုင် အများစုနှင့် ငြိမ်းချမ်းရေး အခြေအနေ ကောင်းနေသော်လည်း မြန်မာပြည်မြောက်ပိုင်းမှ လက်နက်ကိုင်များနှင့်မူ သေနတ်သံများ ကြားနေရဆဲ ဖြစ်သည်။ ဤအတွက် ဘာ့ကြောင့် ဘယ်လိုဆိုသည်ကို ရှင်းပြနိုင်လောက်သော အကြောင်းရင်းခံ များစွာရှိပါလိမ့်မည်။ စာရေးသူအနေနှင့်တော့ ပေါလ်ကိုလီယာပြောသော ‘သယံဇာတလုပွဲများ’ နှင့် ဆက်စပ်စဉ်းစားနေမိသည်။ 

‘အဆိုးထဲမှ အကောင်း’ ဟု ဆိုရမည်လားမသိ။ မြန်မာပြည်တောင်ပိုင်းတွင် လုစရာသယံဇာတ ဆို၍ ဟုတ်ဟုတ်ငြားငြား မကျန်တော့ပါ။ ကျွန်းသစ်ထွက်သော သစ်တောကြီးတွေ ကုန်ပါပြီ။ ပြင်သစ် ဒဿနပညာရှင် ‘မွန်တက်စကျု’ ပြောသော စစ်ပွဲကို ရပ်ပစ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ‘ကုန်သွယ်ရေး’ ဘက်သို့ မလွှဲမရှောင်သာ ဦးလှည့်ကြရ ပါတော့မည်။ ‘ကုန်သွယ်ရေး’ အတွက် ‘ငြိမ်းချမ်းရေး’ မှာ တင်ကူးလိုအပ်ချက် ဖြစ်သည်။ မြန်မာပြည်မြောက်ပိုင်း တွင်ကား ကျောက်စိမ်းတွင်းကြီး အခိုင်အမာရှိနေဆဲ ဖြစ်သည်။ သို့နှင့်အမျှ သယံဇာတလုပွဲတွေ မပြီးနိုင်  မစီးနိုင် ရှိနေပေဦးမည်။ ‘ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မည်’ ဟု ကြွေးကြော်ထားသော ‘၂၁ ရာစုပင်လုံ’ က ‘နိုင်ငံရေး’ နှင့် ‘လုံခြုံရေး’ သာ ဆွေးနွေးမည်ဟုဆိုထားရာ ‘စီးပွားရေး’ ခေါင်းစဉ်ပျောက် နေသည်။ ဤသို့ဆိုလျှင် သယံဇာတလုပွဲများကို အဆုံးသတ်စေသည့် ‘သယံဇာတခွဲဝေရေး’ (Resource Sharing) ကို မည်သည့်ခေါင်းစဉ် အောက်တွင် အဖြေရှာကြရမည်နည်း။ စာရေးသူမှာ တွေးရင်းက မောနေရသည်။

ကျော်ဝင်း
(၂၇ ဇူလိုင် ၂၀၁၆)


ABOUT AUTHOR

(ကျော်ဝင်း)