News

POST TYPE

OPINION

နဂါး၊ လင်းယုန်နှင့် ဒေါင်း ဒစ်ပလိုမေစီ (Weekly, Vol-12/No-27)
30-Jul-2016
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ စတင်မည့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စု ခရီးစဉ် နှစ်ခုသည် နှစ်ပေါင်းများစွာ ဝင်ရိုးတန်းတစ်ဖက်တွင်သာ ရှိနေခဲ့သလို ဖြစ်ခဲ့သည့် မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ပုံစံသစ်ဖြင့် လှစ်ဟပြမည့် ခရီးစဉ်များ ဖြစ်လာဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်က ကျင့်သုံးခဲ့သည့်အတိုင်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်း အစိုးရသစ် ဖွဲ့စည်းပြီး မကြာမီ ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတကာမှ သံတမန်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများနှင့် ဆုံမှတ်၊ တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် အရှေ့ဖျားဒေသနှင့်လည်း ဆက်နွှယ်နေသောကြောင့် ပထဝီ နိုင်ငံရေးအရ အချက်အချာကျသည့်အပြင် စိန်ခေါ်မှုလည်း များစွာရှိနေကြောင်း၊ ယင်းစိန်ခေါ်မှုများကို ဒေသတွင်း သာမက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ ခင်မင်ရင်းနှီးမှုအတွက် အခွင့်အလမ်းများအဖြစ် ပြောင်းလဲသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုထားချက်မှာမူ မြန်မာ့နိုင်ငံခြားရေးမူဝါဒ ကောက်ကြောင်းအဖြစ် မှန်းဆနိုင်ပေသည်။

အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီတိုက်ပွဲဝင် NLD ပါတီ အနိမ့်စံဘဝ တစ်လျှောက်လုံး အားပေးထောက်ခံလာခဲ့သည့်အပြင် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိနေခြင်းက မြန်မာ-အမေရိကန် ဆက်ဆံရေး ပန်းခင်းလမ်းအဖြစ် ရှုမြင်နိုင်သည်။

NLD ပါတီ အပါအဝင် မြန်မာပြည်သူလူထုကို ဆိုးရွားစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်အစိုးရကို အစစအရာရာ အကူအညီပေးခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုကိုပါ ဗီတိုအာဏာ နှစ်ကြိမ်သုံး၍ အကာအကွယ်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် NLD အစိုးရ ဆက်ဆံရေးမှာမူ အမေရိကန်နှင့် ဆက်ဆံရေးကဲ့သို့ ဖြောင့်ဖြူးချောမွေ့နိုင်ဖွယ် မရှိဟု ယေဘုယျအားဖြင့် သုံးသပ်နိုင်သည်။

သို့သော် လက်တွေ့အားဖြင့်မူ အစိုးရသစ် မဖွဲ့မီ၊ ရွေးကောက်ပွဲမတိုင်မီကပင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားကာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကဲသို့ ကော်ဇောနီခင်း ကြိုဆိုခဲ့ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး အနေနှင့် အမေရိကထက်အရင် တရုတ်နိုင်ငံသို့ ဦးစွာသွားရောက်ရန် ဆုံးဖြတ်ခြင်းတို့မှာ ထူးခြားလှသည်။

ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲ အပြီးတွင်လည်း NLD ပါတီ၏ အောင်မြင်မှုကို တရုတ်သံအမတ်ကြီးက ပထမဦးဆုံး လာရောက်အသိအမှတ်ပြုပေးခဲ့သည့် သာဓကလည်း ရှိခဲ့ခြင်းကိုကြည့်လျှင် တရုတ်နိုင်ငံ၏ ပါးနပ်လိမ္မာသော ဆက်ဆံရေးကို အထူးသတိပြုမိစေသည်။

အမေရိကန်ပြည်ထောင်စုမှာမူ သဘောထား တင်းမာကာ ကွန်ဂရက်လွှတ်တော်ကို ချုပ်ကိုင်ထားသည့် ရီပတ်ပလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီ အစိုးရအဖွဲ့တို့အကြား အားပြိုင်လွန်ဆွဲနေခြင်းနှင့် ဒီမိုကရေစီ သင်ကြားပေးလိုစိတ်အား ကြီးနေသောကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒပိုင်းဆိုင်ရာ ဝိဝါဒများ ဖြစ်ပေါ်ကာ ယခုနောက်ပိုင်း NLD အစိုးရနှင့် ခပ်ခွာခွာပုံစံ ဖြစ်နေပေသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဒုတိယစစ်အေးသဖွယ် အားပြိုင်စ ပြုလာသော တရုတ်နှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံ ခရီးစဉ်များအတွင်း ပထဝီ နိုင်ငံရေးအရ မြန်မာနိုင်ငံ၏ ထူးခြားသော အားသာချက်များကို အခြေပြုကာ ယင်းနှစ်နိုင်ငံနှင့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေး သာမက အိမ်နီးချင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့ အကြား အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးတို့ကိုပါ နိဒါန်းပျိုးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်အပ်ပေသည်။ 

အယ်ဒီတာ (၂၇- ၇-၂၀၁၆)