News

POST TYPE

OPINION

ရက္ခိုင့်တပ် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း
30-Jul-2016
လက်နက်စွန့်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရမည်ဟု ပြောဆိုခံထားရသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) ၏ စစ်ဦးစီးချုပ်နှင့်The Voice တို့ ကချင်ပြည်နယ် မိုင်ဂျာယန်၌ တွေ့ဆုံ၍ AA ၏ စစ်ရေး၊ နိုင်ငံရေး အခြေအနေများ မေးမြန်းထားမှုကို ပြန်လည်ဖော်ပြအပ်ပါသည်။
Voice : AA ရဲ့ လတ်တလော စစ်ရေး၊ နိုင်ငံရေး အခြေအနေကို ပထမဆုံး မေးပါရစေ။

AA : စစ်ရေးအရ ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တွေ ထက်တော့ ပိုပြီး အနေအထား ကောင်းပါတယ်။ အနေအထားကောင်းတယ် ဆိုတာ အရင်ကဆို ကျွန်တော်တို့ ဒီလောက် အရေအတွက်ရော၊ အရည်အချင်းရော အားမရှိခဲ့ဘူးလေ။ ခုဆိုရင် ကျွန်တော်တို့ ကြိုးစားတယ်၊ လူထုကလည်း အများကြီး ဝန်းရံတယ်။ အရင်ထက် ပိုပြီး မျှော်လင့်ချက်ရှိတဲ့ အနေအထားပေါ့ စစ်ရေးအရ ပြောမယ်ဆို။ နိုင်ငံရေးအရလည်း ဒီခေတ်က ဘာပဲပြောပြော မီဒီယာနဲ့ ချိတ်ဆက်ရလွယ်တယ် ဆိုတော့လေ လူထုနဲ့လည်း ချိတ်ဆက်ပြီး အများကြီး နိုင်ငံရေးအ သိတရားတို့ ဆက်စပ်ပြီး လုပ်လို့ ရလာတာပေါ့။

Voice : တပ်မတော်နဲ့ စစ်ရေးထိတွေ့မှု အခြေအနေရော ဘယ်လိုရှိပါသလဲ။

AA : လတ်တလော စစ်ရေးထိတွေ့မှုက ဒီလထဲမှာတော့ ပြောပလောက်အောင် မရှိသေးဘူး။ တစ်ခါတလေ သတင်းအရပဲပေါ့ သူတို့လာရင် အခြေအနေ ကြည့်ပြီး ဖယ်တဲ့အခါလည်း တတ်နိုင်သမျှ ဖယ်တာပေါ့လေ။ ဒါကြောင့် ဒီအတောအတွင်းမှာ တိုက်ပွဲတွေ မဖြစ်ဘူး။ ပြီးရင် ရာသီဥတုကလည်း ဆိုးတယ်လေ။ ရခိုင်ဘက်မှာက ရာသီဥတုလည်း ဆိုးတယ်ဆိုတော့ အကုန်လုံးကို တွက်ချက်ပြီး တတ်နိုင်သမျှ ရှောင်ရှားတယ်ဆိုတဲ့ သဘောလည်း ရှိတယ်။ ပြီးရင် အခုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်ပေါ့နော်။ ဒီသဘောလည်း ပါတာပေါ့လေ။ တတ်နိုင်သမျှ ရှောင်ပေးတာပေါ့။

Voice : AA အပါအဝင် လက်နက်ကိုင်သုံးဖွဲ့ အပစ်ရပ်စာချုပ်မှာ ပါရေး၊ မပါရေးနဲ့ အငြင်းပွားခဲ့တယ်။ အခု အားလုံးပါဝင်ရေး ပြောမယ်ဆိုတဲ့ ဒီမိုင်ဂျာယန် အစည်းအဝေးမှာ AA ကတော့ တက်ပြီး ကျန်တဲ့ ကိုးကန့် (MNDAA) နဲ့ တအာင်း (TNLA) က မတက်ဘူး။ ဒါက ဘယ်လိုဖြစ်လဲ။

AA : ကျွန်တော်တို့ သုံးဖွဲ့ကြားမှာကတော့ ဒါယုံကြည်မှု အပြည့်နဲ့ အခုထက်ထိ ပူးပေါင်းဆောင်ရွက်နေတုန်းပါပဲ။ နောင်လည်း ပူးပေါင်းဆောင်ရွက်ဦးမှာပဲ။ သူတို့အနေနဲ့ကတော့ အခြေအနေ အကြောင်းကြောင်းပေါ့လေ လာရနည်းနည်းခက်တယ်။ တိုက်ပွဲတွေ ကြီးကြီးမားမား မဖြစ်သော်လည်းဘဲ စစ်မြေပြင်ရဲ့ အနေအထားကတော့ အရမ်းအေးချမ်းတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ စစ်ကြောင်းတွေ လှုပ်ရှားမှုတွေ ရှိနေမယ်၊ အဆင်သင့်ဆိုတဲ့ အနေအထားတွေ ရှိကြတယ်။ ခုနက ပြောသလို ကျွန်တော်တို့ သုံးဖွဲ့လုံးလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ အခါကျတော့ ကိုယ်တွေလည်း ယုံကြည်မျှော်လင့်သော၊ ယုံကြည်မျှော်လင့်သောဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တယ်။ ယုံကြည်မှု ဆိုတာတော့ အကန့်အသတ် ရှိတာပေါ့။ ဒါကတော့ ယုံကြည်မှုဆိုတာ လက်တွေ့လုပ်ပြမှပဲ ပိုခိုင်မာတာကိုး။ ကျွန်တော်တို့ လေးစားသော ခေါင်းဆောင်ပေါ့လေ။ သူကိုယ်တိုင် ဆောင်ရွက်နေတယ်ဆိုတော့ ကျွန်တော်တို့လည်း စောင့်ကြည့်ပြီး ရပ်တည်တဲ့ သဘောတွေလည်း ရှိတယ်။ သူတို့တော့ မတက်လာနိုင်ဘူးပေါ့။ ကျွန်တော်တို့ကတော့ နီးလည်း နီးတယ်လေ၊ ဒါက တက်လည်း တက်သင့်တယ်။ ဒါကြောင့် ဖြစ်နိုင်အောင် ကြိုးစားပြီး လာတာပဲလေ။ 

Voice : မိုင်ဂျာယန် အစည်းအဝေးသည် ၂၁ ပင်လုံအတွက် ကြိုပြင်တာလို့ နားလည်တယ်။ ၂၁ ပင်လုံကို တက်မယ်ဆိုတဲ့အခါ အပစ်ရပ်စာချုပ် (NCA) ထိုးမှ တက်ရမယ်ဆိုတော့ AA အနေနဲ့က ဘယ်လိုလုပ်မလဲ။

AA : ဒီကိစ္စကလည်း ရှေ့နားလေးမှာပေါ့။ အခု လက်ရှိပေါ့လေ ရှေ့နားဆို ဝေးနေဦးမယ်။ ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကြားမှာ ကျွန်တော်တို့က နိုင်ငံရေး မျှော်လင့်ချက်တွေလည်း အတူတူပါပဲ။ နှစ်ပေါင်းများစွာ အတူတကွ ပူးပေါင်းဆောင်ရွက်လာခဲ့တယ်။ ဒီပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေရော ပြည်ထောင်စု တည်ဆောက်ရေး အခုထက်ထိ အခြေခံမူတွေကို သဘောတူ အတည်ပြုပြီးမှ ဆက်လက်ဆောင်ရွက်နေတုန်းပဲ။ ချောချောမောမောပဲ ကျွန်တော်တို့ ရှေ့ဆက်နိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စ ပြီးသွားပြီဆိုရင် အဲဒီ NCA ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ရင်ဆိုင်ရတော့မယ်။ အဲဒါလည်းပဲ ကျွန်တော်တို့ ကြားထဲမှာ တချို့က လက်မှတ်ထိုးထားတယ်၊ တချို့က မထိုးရသေးဘူး ဆိုလည်း ကျွန်တော်တို့က တူညီသော မျှော်လင့်ချက် ရှိတယ်။ ဒါကတော့ နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ဟာမှာ ကျွန်တော်တို့ ပြဿနာ မရှိသေးဘူး။

ဒါပေမဲ့ တပ်မတော်က ပြောထားတဲ့ လက်မှတ်ထိုးရေး ကိစ္စက ဟိုကျွန်တော်တို့မှာ အခုလက်မှတ်မထိုးဘဲ ကျန်ခဲ့တဲ့အုပ်စုတွေက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ပြီးမှ မထိုးခဲ့တာ။ ဒီအချိန်မှာ ကျွန်တော်တို့ သုံးဖွဲ့ကို လက်နက်စွန့်ခိုင်းတယ်။ ပြီးရင် ကျွန်တော်တို့ လုပ်တဲ့အလုပ်တွေ အတွက်ပေါ့လေ မှားယွင်းတယ်ဆိုတဲ့ သဘောနဲ့ တောင်းပန်ခိုင်းတယ်။ တောင်းပန်ဖို့ပေါ့။ ပြီးရင် နောက်တစ်ချက် ပါသေးတယ်။ ပြီးမှ ဒီလုပ်ငန်းစဉ်ထဲကို ဝင်ခွင့်ရမယ်ဆိုတဲ့ သဘောမျိုးကတော့ ဒါက မဖြစ်နိုင်တဲ့ဟာ။ တစ်ခုခုနဲ့ ကန့်သတ်ထားတာလို့ပဲ မြင်တယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက တိုင်းပြည်ပြည်ထောင်စုအရေးမှာ အကုန်လုံးကို တစ်ပြေးညီ ဆက်ဆံသင့်တယ်ပေါ့လေ။ ဟိုတစ်ယောက်ကို ပေါ်လစီတစ်မျိုး၊ ဒီတစ်ယောက်ကို ပေါ်လစီတစ်မျိုး ဆိုတာ မကောင်းဘူးလေ။ ဒါကြောင့် တစ်ပြေးညီ ဆောင်ရွက်လိုက်ရင် လွယ်မယ့်ကိစ္စကို ဘာကြောင့်ခက်အောင် လုပ်နေလဲဆိုတာ ကျွန်တော်တို့တော့ နားတော့မလည်ဘူးပေါ့။ ကာယကံရှင်တွေ ပိုသိမှာပေါ့။

Voice : တပ်မတော်က တာဝန်ရှိသူတွေ ပြောတဲ့အခါ လက်နက်ဖြုတ်သိမ်းတာသည် လက်နက်စွန့်တာမျိုး မဟုတ်ဘဲ လက်နက်တွေကို တစ်နေရာရာမှာ ထားထားပြီးတော့ ပါလာဖို့ဆိုတဲ့ သဘောမျိုးပြောတော့ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

AA : ဒါက လက်ခံဖို့ ခက်ခဲပါတယ်။ စစ်သားက စစ်ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သေနတ်ကို သူတို့ဆီမှာ ထားမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူတို့ပြောတယ် Locked in key ပေါ့နော်။ အဲဒီလိုမျိုး ပြောတယ်။ ဒါမျိုးအတွေ့အကြုံဆိုရင် ပလောင်အဖွဲ့က ပိုပြီးအတွေ့အကြုံ ရှိပါတယ်။ သူတို့ ပြောတယ်လေ လက်နက်တွေကို ခဏဘေးဖယ်ထားပါ ဆိုပြီးတော့မှ လက်နက်တွေ အကုန်လုံး သိမ်းသွားပြီး တပ်ပါပျက်သွားတဲ့ အတွေ့အကြုံ သူတို့ ရှိပါတယ်။ ၉၀ ကျော် လောက်ကလေ။ ဒါလည်း ခံဖူးပြီးပါပြီ ဒီသိုင်းကွက်ကလည်း။ ဒါကြောင့် ဖြစ်နိုင်ခြေ မရှိဘူး။ ပြီးရင် ညင်သာစွာလို့ပဲ ပြောပြော၊ ဘယ်လိုနည်းလမ်းနဲ့ပဲ ပြောပြော ဒါက လက်နက်ချခိုင်းတာပဲလေ။ ကျွန်တော်တို့ အနေနဲ့ကလည်း ယုံကြည်ချက်နဲ့ မှန်ကန်မှုကို ဦးတည်ပြီးမှ ကျွန်တော်တို့က လစာစားပြီး စစ်တိုက်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့မှာလည်း စစ်တိုက်တယ်ဆိုတာ နှစ်ဖက်လုံး နာကျင်ကြတာပဲ။ သူတို့လည်း သူတို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမှု၊ ကျဆုံးမှုအတွက် နာကျင်သလို ကျွန်တော်တို့လည်း နာကျင်တယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ရဲဘော်ကို ကျွန်တော်တို့ ချစ်တာပဲ။ ကျွန်တော်တို့ ပေးဆပ်မှု ဆိုတာလည်း တစ်ကျပ်မှ မရဘဲ ယုံကြချက်အတွက် တိုက်ရတာ၊ ပေးဆပ်ရတာ။ အဲဒါကို ကျွန်တော်တို့လုပ်ရပ် မှားပါတယ်ဆိုပြီးမှ တောင်းပန်ခိုင်းတယ်ဆိုတော့ ဒါဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားပေါ့လေ။ ဒါစဉ်းစားသင့်တာပေါ့။ ခက်ခဲအောင် လုပ်နေတာနဲ့ တူပါတယ်။

Voice : AA သည် ကချင်ပြည်နယ်မှာ တည်ထောင်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ရခိုင်ပြည်နယ်ကို ပြန်ဝင်လာပြီး တိုက်ပွဲတွေ ဖြစ်တာ ရှိတယ်။ ပြောကြတာက ရေမြေအနေအထားကြောင့် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခု အနေနဲ့ အခြေချဖို့ အရမ်းခက်တယ်။ ဒါကို ဘယ်လိုအခြေချဖို့ စိတ်ကူးတာလဲဆိုတာ သိပါရစေ။

AA : ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကိုက ဒီမှာ (ကချင်ပြည်နယ်) နေဖို့မှ မဟုတ်တာ။ ဒီမှာ သင်တန်းတက်ပြီးမှ ရက္ခိုင့်တပ်ကို ရခိုင်ပြည်မှာ ဖွဲ့စည်းမလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ခက်ခဲတာတော့ မှန်တယ်လေ။ နယ်မြေအနေအထားအရ သူတို့ (တပ်မတော်) ရဲ့ သဘောထားတွေက အစပေါ့လေ။ သို့သော် ကျွန်တော်တို့က ဒါရက္ခိုင့်တပ်ဟာ ရှိကိုရှိရမယ်ဆိုတဲ့ သံန္နိဋ္ဌာန် ချထားတယ်။ ရခိုင်လူမျိုးအနေနဲ့လည်း ဒါကိုကြိုဆိုတယ် ထောက်ခံတယ်။ ကျွန်တော်တို့သမိုင်းရဲ့ လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော်တို့ ဖြစ်အောင် ကြိုးစားတာပေါ့။ အခက်အခဲတော့ ရှိတယ်။ သူတို့ တကယ်ပဲ ပြောထားတဲ့ အတိုင်းပေါ့လေ အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ နည်းလမ်းတော့ ရှိတာပေါ့။ ဒါတွေ အခက်အခဲတွေ ရှိနိုင်တာကိုသိလို့ အစစအရာရာ ကြိုတင်ပြင်ဆင်ခဲ့တယ်။ ပြီးရင် ရက္ခိုင့်တပ်ဟာ ဒီခုနစ်နှစ်အတွင်းမှာ မဟာမိတ် ဒေသတွေမှာ လှုပ်ရှားရင်းနဲ့ တိုက်ပွဲအတွေ့အကြုံတွေပေါ့လေ။ မြန်မာ့တပ်မတော် ဘယ်လိုလုပ်ကိုင်သလဲ တိုင်းရင်းသားဒေသတွေမှာ ကချင်ရဲ့ တိုက်ခိုက်နည်း ဗျူဟာတွေပေါ့။ ပြီးရင် ကရင်ပြည်မှာဆို ဘယ်လိုဘယ်လိုပေါ့လေ။ အားသာချက် အားနည်းချက်။ ကိုးကန့်မြေပြင်မှာဆို ဘယ်လိုဘယ်လိုပေါ့။ တအာင်းမြေပြင်မှာဆို ဘယ်လိုဆိုတဲ့ အတွေ့အကြုံတွေ။ ကျွန်တော်တို့ DKBA နဲ့တောင် ဝင်တိုက်ဖူးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြောက်ဘက်ရော၊ အရှေ့ဘက်ရော၊ တောင်ဘက်အခြမ်းရော ကျွန်တော်တို့ ရက္ခိုင့်တပ်က တော်တော်လေး အတွေ့အကြုံရတယ်။ ဒါကြောင့် ကိုယ်ရလာတဲ့ အတွေ့အကြုံတွေနဲ့ ပိုပြီးမှ ပေါင်းစပ်ပြီး ကြိုးစားနိုင်တာပေါ့လေ။ ကိုယ့်မှာရှိတဲ့ ဟာလေးတွေနဲ့ ပိုထိရောက်အောင် လုပ်နိုင်တာပေါ့။

Voice : AA နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာမျိုး ရှိတယ်။ ရခိုင်ပြည်ရဲ့ တကယ့်အရေး ဖြစ်နေတဲ့ တရားမဝင် လူဝင်မှု ပြဿနာမှာ AA သည် ဘာမှဝင်ရောက် လုပ်ဆောင်တာမျိုး မရှိဘဲ ပြည်သူတွေသာ ပိုဒုက္ခရောက်စေမယ့် စစ်ပွဲတွေ ဖန်တီးတာမျိုးပဲ လုပ်နေတယ်ဆိုတဲ့ အချက်ပေါ့လေ။ ဒီအပေါ်မှာ ဘယ်လိုပြန်ပြောချင်ပါသလဲ။

AA : ဒါတွေကတော့ မြန်မာစစ်တပ်ကို လော်ဘီလုပ်သူတွေ အပြောများတဲ့ စကားပါ။ စစ်ဖြစ်ရင်တော့ လူထု ဒုက္ခအမှန်အကန် ရောက်တယ်။ ကျွန်တော်တို့ကလည်း နားလည်ပါတယ်။ ဘယ်လိုပြောရမလဲ တစ်ခါတလေ ပိုကောင်းတဲ့ ကောင်းချီးမင်္ဂလာတွေ ရောက်လာဖို့အတွက် ဒုက္ခတော့ ပေးဆပ်ရတာပေါ့နော်။ ကျွန်တော်တို့ အင်္ဂလိပ် စကားပုံတောင် ကျွန်တော် ပြောဖြစ်တယ်လေ။ ကြက်ဥကြော် စားချင်ရင် ကြက်ဥတော့ ခွဲရမှာပေါ့နော်။ ဟိုကလေး လိုချင်ရင်တော့ ဗိုက်တော့ အနာခံရမှာပေါ့ဗျာ။ ဒါမျိုးတော့ ရှိတယ်လေ။ ထိုက်သင့်တဲ့ ပေးဆပ်မှုတော့ လုပ်ရတာပေါ့။ ကျွန်တော်တို့က ဥပမာ- ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ ကြုံတွေ့နေရတဲ့ National Crisis ပေါ့နော်။ ဒါ ဒီဘင်္ဂါလီကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ ကြုံနေရတာ ဆင်းရဲနွမ်းပါးမှု၊ အခြေအနေမဲ့မှုတွေပေါ့နော်။ အကုန်လုံး ဆုံးရှုံးနေတာပဲ။ ဒါကြောင့်မို့လည်း ရက္ခိုင့်တပ်မတော် အင်အားကြီးလာတယ်ဆိုတာ ဒါပဲလေ။ ကျွန်တော်တို့ သန်းခေါင်ထက် ညဉ့်နက်စရာ ဘာကြောက်တော့မှာလဲ။ ဒါကြောင့် အလင်းရောင်ရဖို့ဆိုရင် ဘယ်အမှောင်ကိုမဆို ထိုးဖောက်ရမှာပဲ။ 

ဒီဘင်္ဂါလီကိစ္စက ကျွန်တော်တို့ ပြဿနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် ဟိုမဟာဗျူဟာကျကျ စဉ်းစားရမှာပဲ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ဆင်းရဲဒုက္ခ ရောက်နေတယ်၊ နိုင်ငံခြားတိုင်းပြည်တွေကို သွားပြီးမှ ကျွန်ခံနေရတယ် ဒုက္ခရောက်နေတယ် ဆိုတာ ဘင်္ဂါလီတွေက ကျွန်တော်တို့ကို နှင်ထုတ်နေလို့ မဟုတ်ဘူး။ ဒီအစိုးရ အဆက်ဆက်ရဲ့ ဥပေက္ခာပြုမှုတွေ၊ သယံဇာတတွေကို ယူပြီးမှ ထိုက်သင့်သလို ပြန်ပြီးမှ ဂရုမစိုက်မှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြည်ဟာ လုံးပါးပါးသွားတာ ဖြစ်တယ်။ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်ပြီး စီမံခန့်ခွဲမယ်ဆိုရင် ကျွန်တော်တို့ အခြေအနေကောင်းအောင် ဖန်တီးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါမိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားတာ ဖြစ်တယ်။ ဒီဘင်္ဂါလီကိစ္စက ငါတို့လက်နက်ကိုင်ထားတယ်ဆိုပြီး သူတို့ကို သေနတ်နဲ့ သွားပစ်သတ်ဖို့ဆိုတာ နည်းလမ်းမကျဘူးလေ။ သူတို့လည်း ဒုက္ခရောက်နေတာပဲ။ သူတို့မှာလည်း ဆိုးတဲ့လူတော့ ရှိမှာပဲလေ။ ဆိုးတဲ့လူ ဆိုရင်တော့ ဆိုးတဲ့လူလို ကိုင်တွယ်ရလိမ့်မယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ လူကိုတော့ ဒုက္ခသည်လို စာနာမှုနဲ့ ဆက်ဆံရလိမ့်မယ်။ ပြောမယ်ဆိုရင် ကုလားသတ်ဖို့အတွက် လက်နက်ကိုင်ထားတာ မဟုတ်ပါဘူး။ မိမိရဲ့လုံခြုံရေးပေါ့။ ကိုယ့်အမျိုးသား ကံကြမ္မာနဲ့ ဒါတွေကို ထိပါးရင်တော့ ဘယ်သူ့ကိုမဆို ရင်ဆိုင်ပါတယ်။

Voice : သိပ်မကြာသေးခင်က ရန်ကုန်မှာ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ အဲဒီကနေတစ်ဆင့် AA ရဲ့ လက်နက်အမြောက်အများကို သိမ်းဆည်းမိသွားတယ်။ လက်နက်တွေကလည်း အတော်များတော့ ဒီကိစ္စက ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုလို့ ယူဆကြတယ်။ ဒီဖြစ်ရပ်အပေါ် စစ်ဦးစီးချုပ်အနေနဲ့ အနည်းငယ် ရှင်းပြပေးပါ။

AA : အေးပေါ့လေ။ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတော့ ခက်ခဲစွာ ကျော်ဖြတ်ရတာတွေ ရှိတယ်။ ဒါကြောင့် နည်းလမ်းပေါင်းစုံတော့ ကြိုးစားရတာပေါ့ဗျာ။ တချို့က ပြောတယ်လေ။ ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရန်ကုန်မြို့ထဲတောင် ထိုးဖောက်လာပြီပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က လက်နက်ကိုင်တယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုင်တာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူကို အလုပ်အကျွေးပြုဖို့အတွက် ကာကွယ်ချင်လို့ ဒါကိုကြိုးစားနေတာ ဖြစ်တယ်။ ကျွန်တော်တို့ လက်ထဲမှာ လက်နက်ရှိလည်း ရန်ကုန်မြို့ထဲမှာ အပ်တောင် တစ်ချောင်းမပျောက်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေမှ မဟုတ်တာ။ ဒီပြည်ထောင်စုမှာနေတဲ့ လူတွေကို ကျွန်တော်တို့လည်း ကာကွယ်ဖို့ဆိုတဲ့ အသိတရားနဲ့ တာဝန်သိစိတ်နဲ့ ကြိုးစားမှာပဲ။ ဒါတော့ ဟုတ်ပါတယ် ကျွန်တော်တို့ဆီက အရာရှိ တစ်ယောက်ပေါ့ ဖမ်းဆီးခံရတယ်။ အဲဒါနဲ့ ဆက်စပ်ပြီးမှလည်း သူတို့နဲ့ ခင်ရာမင်ရာ လူတွေလည်း ရှိတယ်လေ။ အဲဒါမှာတောင် သူသိတဲ့တစ်ယောက် အိမ်ကတောင် ဆေးပြားတွေ ရလာသေးတယ်လေ။ အဲဒါကိုပဲ ကျွန်တော်တို့ကိုပဲ ဒါမျိုးပြောတယ်ဆိုတော့ နိုင်ငံရေးမှာ ဒါက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ကျွန်တော်တို့နဲ့သိတဲ့ လူတစ်ယောက်ဆီက ဆေးပြားတွေ့တိုင်း ကျွန်တော်တို့ဟာလို့ ပြောတာကတော့ ကြောင်းကျိုးညီညွတ်မှု ဖြစ်တယ်လို့ ပြောလို့မရဘူး။ သဘောက ဒီနေ့ပေါ့လေ နယ်ခြားစောင့်စခန်းကနေ ဆေးပြားငါးသိန်းလား မသိဘူး ဖမ်းမိတယ်။ ဒါဆိုရင် ဒါအစိုးရဝန်ထမ်းမို့လို့ အစိုးရကို စွပ်စွဲမယ်ဆို ရသလား။ မရဘူး။ အသေအချာ စိစစ်ဝေဖန်ပြီးမှ ပြောလို့ရမယ်လေ။ နိုင်ငံရေးရဲ့ ညစ်လုံးတွေကတော့ ဒါမျိုးတော့ ရှိတတ်ပါတယ်။

Voice : လတ်တလော ပွဲဆူသွားတဲ့ သတင်းတစ်ခု ရှိတယ်။ ကောလာဟလလို့လည်း ပြောရမယ်ထင်တယ်။ ရှေ့နေကြီးတစ်ယောက်နဲ့ ဒေါက်တာအေးမောင်တို့ အားလုံးပေါ့လေ စုပြီး ရခိုင်ပြည် ခွဲထွက်ရေးကိစ္စ ဆိုတာ။ အခု AA သည်လည်း လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းဆိုတော့ ခွဲထွက်ရေးသဘောထား ဘယ်လိုရှိပါသလဲ။ ရည်မှန်းချက်က ဘာလဲပေါ့။

AA : ကျွန်တော်တို့က ကိုယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ပြောဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို လူမျိုးခြားတွေဆီမှာ ထိုးအပ်ထားတာမျိုးက မဖြစ်နိုင်ဘူးလေနော်။ ဒါက မြန်မာလူမျိုးဟာ မြန်မာပဲ ဖြစ်တယ်။ ရခိုင်ဟာ ရခိုင်ပဲဖြစ်တယ်။ ခင်ဗျားတို့ ကျွန်တော်တို့ အတူတူနေတယ်ဆိုတာ ကောင်းပါတယ်။ တစ်ယောက်ကို တစ်ယောက် လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်က တစ်ဖက်သတ် ခံနေရတယ် ဆိုရင်တော့ သိပ်မကောင်းဘူးပေါ့နော်။ ဒါ မျှတအောင်တော့ လုပ်ရမယ်။ ပြီးရင် ကျွန်တော်တို့ ကံကြမ္မာတွေမှာ ကျွန်တော်တို့ ဆုံးဖြတ်ဖို့ လိုတယ်။ ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်း ဆိုတာ ကျွန်တော်တို့အတွက် ပထမ ဦးစားပေး မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ ကံကြမ္မာကို ကျွန်တော်တို့ပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နေချင်တယ်လေ။ ကျွန်တော်တို့ကို အဲဒီကိစ္စက ဘီးတပ်ပေးတယ်၊ အချွန်နဲ့မတယ် ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော်တို့ ရခိုင်မှာ အခု ဟုတ်တယ် မြန်မာစစ်တပ်နဲ့ ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တယ်။ အခြားတစ်ဖက်မှာလည်းပဲ ဘင်္ဂါလီ အုပ်စုတွေပေါ့လေ အဲဒီအထဲမှာ မြန်မာစစ်တပ်နဲ့ဖြစ်ပြီးမှ ကျွန်တော်တို့ကို ခွဲထွက်မယ်ဆိုလို့ ရှိရင် အစိုးရက စိုးရိမ်စိတ်တွေလွန်ပြီးမှ ပိုပြီး အမြစ်ပြတ် ချေမှုန်းလာအောင်၊ လုံးဝလှုပ်လို့ မရအောင် နိုင်ငံရေးအရ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကိုရော၊ စစ်ရေးအရ ကြိုးစားနေတဲ့ လူတွေကိုရော တစ်ပြိုင်တည်းမှာ ဘီးတပ်ပေးတာပေါ့ဗျာ။ ချွန်ပေးတာပေါ့။ မြန်မာ့တပ်မတော်လည်း ခွဲထွက်ရေးနဲ့ ပတ်သက်လာရင် အကဲဆတ်တယ်လေ။ အဲဒီနေရာကို တည့်တည့်ပစ်တာလို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ ဒါတွေ (ခွဲထွက်ရေး) မရှိသေးပါဘူး။

Voice : ခု တိုင်းပြည်မှာက အစိုးရ အပြောင်းအလဲ နိုင်ငံရေး အပြောင်းအလဲမှာ လူတွေရဲ့ မျှော်လင့်ချက်က မြင့်လာတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးရဖို့ ကိစ္စပေါ့။ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် သွားတော့မယ်ဆိုတဲ့အခါ ပဋိပက္ခကနေ သွေဖည်ရတော့မယ် ဆိုတော့ ဒီလုပ်ငန်းစဉ်မှာ AA အနေနဲ့ ဘယ်လိုပါဝင်ဖို့ ဆန္ဒရှိလဲ။

AA : ကျွန်တော်တို့ နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ ဖြေရှင်းဖို့ အဆင်သင့် လုပ်ပြီးသားပါ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ကို လုံးဝလက်မခံပါဘူးလို့ ပြောထားတဲ့ကြားက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCCT (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) မှာကအစ တွဲပြီးမှ တောက်လျှောက်ပါလာတယ်။ အခုထက်ထိပေါ့ ကျွန်တော်တို့ကို ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဖို့ အလားအလာ အရမ်းနည်းတယ်။ သို့သော်လည်းပဲ ဒီတိုင်းရင်းသားတွေရဲ့ စုပေါင်းအားထုတ်မှုတွေမှာ ကျွန်တော်တို့ မပျက်မကွက် ပါနေတာပဲလေ။ ဒါက မျှော်လင့်ချက် ထားပါတယ်။ ဒီအတွက်လည်း တတ်နိုင်တဲ့ဘက်က အကောင်းဆုံး ကြိုးစားနေတယ်။

Voice : ငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံနဲ့ ပါရေး၊ မပါရေး လက်မှတ်ထိုးရေး၊ မထိုးရေး အမြင်အမျိုးမျိုး ရှိနေကြတဲ့ နေရာမှာ အခုလက်မှတ်မထိုးဘဲ ကျန်နေတဲ့ အဖွဲ့အတော်များများက NCA စာချုပ်မှာ လက်မှတ်ထိုးပြီး ၂၁ ပင်လုံမှာ ပါသွားမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။

AA : ဒါက ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်ရေးနိုင်ငံရေး မဟာမိတ် သုံးဖွဲ့ပေါ့လေ အဲဒါ တိုက်ခိုက်ရေးအင်အား သောင်းဂဏန်းအထက်မှာ ရှိတယ်။ ဒါပေမဲ့ အစိုးရတစ်ရပ် အနေနဲ့ ဆိုရင်တော့ သူတို့ အင်အားပိုကြီးတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က မပြီးဆုံးဘူး ဆိုရင်တော့ ဒီပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခွင့် မပေးဘူးဆိုရင် ဒီအနာက ကုစားရ ခက်နေအုံးမှာပဲ။ နောက်ထပ်အဖွဲ့ သုံးဖွဲ့ ရှိသေးတယ်လေ။ လက်မှတ်ထိုးစရာ မလိုဘူး တစ်ခါတည်း လာခဲ့ပါ ဆိုတာတွေလည်း ရှိတယ်။ သူတို့အရေးကလည်း သိပ်မရေရာသေးဘူးလို့ ပြောလို့ရတယ်။ တခြားသူတို့ ပြောတယ်လေ အင်အားနည်းလို့ လက်မှတ်ထိုးစရာ မလိုဘူး။ မင်းတို့လာခဲ့ပါ ဆိုတဲ့။ အဲဒီသုံးဖွဲ့ကလည်း သူတို့အရေးက သိပ်မရေရာသေးဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့ အဖွဲ့အစည်းကိစ္စ ဆိုတော့ အတိအကျတော့ မပြောနိုင်ဘူး အမြင်ကို ပြောတာပါ။ ဒါကြောင့် ဟို ကျွန်တော်တို့လည်း ဒီမဟာမိတ်တွေနဲ့ တောက်လျှောက်လုပ်လာတာ ဆိုတော့ မဟာမိတ်ဆိုတာ တစ်ယောက်ကို တစ်ယောက် ဖေးမတဲ့ သဘောတွေ ရှိတယ်။ မြန်မာ့တပ်မတော်ရဲ့ တောင်းဆိုချက်ကို ခေါင်းမာစွာ ကိုင်ထားမယ်ဆိုရင် တချို့ကိစ္စတွေမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ဖြစ်လာမှာ စိုးရိမ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ မရပ်တန့်စေချင်ဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက်ပေါ့ ရှေ့ကိုရောက်စေချင်ပါတယ်။

Voice : လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာများထပ်ပြောချင်တာ ရှိပါသလဲ။

AA : ဘာများပြောရမလဲဆို ဦးဝင်းမြင့်ပြောတဲ့ ကိစ္စတွေပေါ့နော်။ (ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေ ပြင်မည်) ဆိုတဲ့ ကိစ္စပေါ့နော်။ ကျွန်တော်တို့က ၂၀၀၈ အခြေခံဥပဒေကို လိုအပ်တဲ့ ပြောင်းလဲမှုတွေပေါ့လေ။ ဒီမိုကရေစီဆန်အောင် ပြည်ထောင်စုကို စနစ်တကျ တည်ဆောက်နိုင်အောင် ဆိုပြီးမှ ပြောင်းလဲဖို့အတွက် တစ်ချိန်လုံး ဒါမြန်မာနိုင်ငံသူ နိုင်ငံသား အကုန်လုံးပေါ့လေ။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လိုလားတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ စစ်တစ်ပိုင်းအစိုးရ ဆိုတော့ မပြောင်းလဲနိုင်ဘူးပေါ့။ ဒီအစိုးရ ရောက်လာရင်တော့ ပြောင်းလဲနိုင်မယ်လို့ ထင်တယ်။ အခုလက်ရှိ ဦးဝင်းမြင့် ပြောဆိုတဲ့ စကားတွေက ကျွန်တော်ထင်တယ်။ သူပြောတဲ့ စကားတချို့က နှိုင်းယှဉ်ချက်တစ်ခုပါ သူရဦးရွှေမန်းလောက်တောင် မယဉ်ကျေးဘူးပဲ။ အတွေးအခေါ် အနေအထားအရရော ပြောပုံဆိုပုံက အစလေ။ ဒါကလည်း ဒါတကယ်ရေးလို့ ရပါတယ်။ ကျွန်တော် ဒါမျိုးပဲပြောတယ်။ ငြိမ်းချမ်းရေး ရမှ ဒါကိုပြောင်းနိုင်မယ် ဆိုတာ တပ်မတော်ရဲ့အပြောပေါ့လေ။ မငြိမ်းချမ်းရင် နိုင်ငံရေးက နောက်မဆုတ်နိုင်ဘူး။ နိုင်ငံရေးမှာ သူတို့ ဒီလို ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်တွေကို ခက်ခဲအောင် လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးက ကြာလိမ့်မယ်။ ဒါက မုန့်လုံးစက္ကူကပ် ပြန်ဖြစ်သွားမှာပေါ့။ မငြိမ်းချမ်းလို့ နောက်မဆုတ်ဘူး၊ နောက်မဆုတ်ရင်လည်း မငြိမ်းချမ်းဘူး။ ဒါဆိုရင် အခြေခံဥပဒေကို မပြင်ဆင်တဲ့အတွက် နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုက ကြန့်ကြာမယ်၊ နှောင့်နှေးမယ် အရမ်းကြာလာရင် မအောင်မြင်မှုတွေလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်က အရမ်းအရည်အချင်း ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း လူထုဘက်က ရပ်တည်ပြီးမှ နှစ်ပေါင်းနှစ်ဆယ်ကျော်၊ သုံးဆယ်ပေါ့လေ။ ရပ်တည်ပြီး တိုက်ပွဲဝင်လာတဲ့ ခေါင်းဆောင်မို့လို့ ကျွန်တော်က လေးစားချစ်ခင်မှု ရှိတယ်။ မျှော်လင့်ကြတယ်ပေါ့လေ။ သို့သော် လူဆိုတာ သင်္ခါရတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူးလေ။ ဒါကြောင့် တွေးပူမိပါတယ်။ 

နော်ကိုကို


ABOUT AUTHOR

(နော်ကိုကို)