News

POST TYPE

OPINION

စိတ်အချဉ်ပေါက်တဲ့ ညနေခင်း
26-Aug-2019



ဘာကို အချဉ်ပေါက်နေမှန်းမသိ။ စိတ်က အချဉ်ပေါက်နေတာတော့ အမှန်။ နေ့လယ်က မဏ္ဍိုင်ကြီးလေးရပ် ဆွေးနွေးပွဲမှာလည်း ရုတ်ရုတ်သဲသဲဖြစ်သည်။ ကိုယ့်ဘက်က လူကြီးကလည်း ထိန်းချုပ်ရမည့်ဒေါသကို မထိန်းချုပ်နိုင်။ လူပုံအလယ် အငေါက်ခံရသည့်အတွက် သတင်းသမားတွေဘက်က ခွန်းတုံ့ပြန်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်လာတော့ အခြေအနေကို ကိုယ့်ဘက်က တာဝန်ရှိလူငယ်တစ်ဦးက ကြားဝင် ထိန်းပေးရသည်။ အားလုံး ပြန်ငြိမ်သွားကြ၍ တော်သေးသည်။ ဆွေးနွေးပွဲကို ပုံမှန်အတိုင်း ဆက်ကျင်းပသော်လည်း ထိုဖြစ်ရပ်အတွက် စိတ်ထဲ ဖုသွားသည်။ 

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုသည့် မဏ္ဍိုင်ဘက်က လူတွေက ကိုယ့်ဘက်က လူတွေကို ရှိန်နေသည်။ မီဒီယာတွေက သူတို့ကို ဘာမေးခွန်းထုတ်မလဲ။ ဘာဖြေရမလဲ။ တွေးဆနေပုံရသည်။ အစီအစဉ် ရေးဆွဲထားပုံက စနစ်မကျလှ။ မဏ္ဍိုင်သုံးရပ်ဘက်က ဦးစွာ ဆွေးနွေးပါဆိုတော့ အုပ်ချုပ်ရေးဘက်ကလည်း သူတို့အစိုးရ ဘာတွေလုပ်နေသည်ကို လွှတ်တော်အစီရင်ခံသလို Formal အတိုင်း အရှည်ကြီး အစီရင်ခံသည်။ ဥပဒေပြုရေးဘက်ကတော့ အထွေအထူးတင်ပြစရာလည်း မရှိတော့ တိုတုတ်သည်။ တရားစီရင်ရေးဘက်ကတော့ တော်တော်လေး ပြင်ဆင်လာသည်။ ပါဝါပွိုင့်တွေနှင့် အကျအန ရေပက်မဝင်အောင် ကိန်းဂဏန်း အချက်အလက်တွေနှင့် တင်ပြသည်။ သူတို့ဘက်မှာ အမှားအယွင်း ယိုပေါက်မရှိကြောင်း အသေးစိတ်ပြောသည်။ မဏ္ဍိုင်သုံးရပ်ဘက်က တာဝန်ရှိသူအတော်များများ တက်ရောက်လာသော်လည်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့၊ တရားလွှတ်တော် တရားသူကြီးချုပ်တို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ကတော့ မနက်ပိုင်းအစီအစဉ်အပြီးမှာ ပြန်သွားကြသည်။ 

သည်လို မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ အတွေ့အကြုံမရှိကြတော့ အားလုံးက ရှိန်နေသည်။ မီဒီယာတွေက သူတို့ကိုယ် သူတို့ “စတုတ္ထမဏ္ဍိုင်” ဆိုပြီး တန်းလာညှိနေသည့်အပေါ် သိပ်လိုလားဟန်မပြ။ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ဆိုတာကတော့ တရားဝင်အသိအမှတ်ပြုထားသည့် မဏ္ဍိုင်သုံးရပ်ဖြစ်သည်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်ပါဟု ဖွဲ့စည်းပုံအခြေခံဥပဒေက အတိအကျပြောမထား။ ဒီမိုကရေစီအစိုးရတစ်ရပ်၏ ထောက်တိုင်ကြီး လေးရပ် (Four Pillars) တွင် မီဒီယာကို ထောက်တိုင်ကြီးတစ်ခုအဖြစ် ၁၈ ရာစုကတည်းက အနောက်နိုင်ငံတွေမှာ သတ်မှတ်ခဲ့သည်။ အဓိက မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်ဝေဖန်သည့် သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင် (Fourth Pillar) အဖြစ် အသိအမှတ်ပြုခဲ့သည်။ ဒီမိုကရေစီ ရင့်ကျက် ပြီးနိုင်ငံတွေမှာ သတင်းမီဒီယာ၏ တန်ဖိုးနှင့် သဘောသဘာဝကို နားလည်အသိအမှတ်ပြုသော်လည်း မြန်မာနိုင်ငံလို အသွင်ကူးပြောင်းစ နိုင်ငံတွေမှာတော့ အစိုးရက မီဒီယာတွေကို မချစ်သော်လည်း အောင့်ကာနမ်းနေရ သည့်ဘဝမှာပဲ ရှိနေသေးသည်။ သိပ်ကြည်ဖြူလှတာတော့မဟုတ်။ မီဒီယာတွေက သူတို့ကို အပြုသဘောမဆောင်။ အမြဲတမ်း ဝေဖန်ပုတ်ခတ်နေသည်ဟု ယူဆနေပုံရသည်။ ထိုအခြေအနေမျိုးတွင် မီဒီယာတွေက “စတုတ္ထ မဏ္ဍိုင်” ဟူ၍ ခေါ်ဝေါ်သတ်မှတ်လိုက်သောအခါ (မီဒီယာတွေအပေါ် အမြင်စောင်းနေသူအချို့က) တန်းညှိသလို ခံစားရပြီး ဘဝင်မကျ ဖြစ်နေပုံရသည်။ ဒီမိုကရေစီကို တန်ဖိုးထားသည့် နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းက သတင်းမီဒီယာကို “စတုတ္ထမဏ္ဍိုင်”တစ်ခုအဖြစ် လေးလေးစားစား အသိအမှတ်ပြုပြီး ဖြစ်သည်။ ထိုကိစ္စအပေါ် အငြင်းပွားမှုမရှိ။ 

အမှန်တော့ မဏ္ဍိုင်သုံးရပ်နှင့် သတင်းမီဒီယာတို့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်မှု ရှိနေလျှင် တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာ သံသယဖြစ်စရာ ဘာမျှမလိုတော့ပါ။ 

နိုင်ငံက အသွင်ကူးပြောင်းဆဲကာလမို့ မီဒီယာတွေဘက်မှာ မပြည့်ဝတာ၊ ပရော်ဖက်ရှင်နယ် မဖြစ်တာတွေ ရှိသလို ကျန်မဏ္ဍိုင်သုံးရပ် ဘက်မှာလည်း မီဒီယာတွေအပေါ် အမြင်တိမ်းစောင်းမှုတွေ ရှိနေသည်။ ပွဲက အပြန်အလှန် ဆွေးနွေးမှုတွေ၊ ဖြေရှင်းမှုတွေနှင့် ပြီးသွားခဲ့သည်။ မဏ္ဍိုင်သုံးရပ်ဘက်က တာဝန်အရှိဆုံးပုဂ္ဂိုလ်များ တက်ရောက်ခြင်း မရှိခဲ့၍ ပြန်လည်တင်ပြပေးပါမည်ဆိုတာနှင့် ကျေနပ်လိုက်ရသည်။ 

ဆွေးနွေးပွဲပြီးတော့ စောစောက အဖုအထစ်ပြဿနာ ဆက်ရှင်းကြသည်။ မီဒီယာ၏သဘောကို အစိုးရသည် သဘောမပေါက်။ ဆတ်ဆတ်ထိ မခံ။ အစိုးရက ဆတ်ဆတ်ထိ မခံသလို ကိုယ့်ဘက်ကလူကြီးကလည်း ဆင်ခြင်တုံတရားနည်းခဲ့သည်။ ထိုပြဿနာကို ဆွေးနွေးပွဲပြီးမှ ခေါင်းအေးအေးထား မေးမြန်းညှိနှိုင်းလျှင် ယခုလို ရုပ်ပျက်စရာမရှိ။

ညနေပိုင်း ဆွေးနွေးပွဲပြီးတော့ စိတ်က အတော်အချဉ်ပေါက်သွားသည်။ တွေ့ရ မြင်ရ ကြားရတာတွေက မကိုးမကားတွေ။ ခုတစ်လော တိုင်းပြည်က အခြေအနေကောင်းလှတာမဟုတ်။ ရခိုင်မှာ စစ်ပွဲတွေဖြစ်နေသည်။ ရွာသားတွေ သေကြပြန်ပြီ။ ဒုက္ခသည်တွေ တိုးပွားလာနေသည်။ မွန်ပြည်နယ်မှာ ရေဘေးကြုံလို့မှ မပြီးခင် ပြင်ဦးလွင်နှင့် နောင်ချိုမှာ မြောက် ပိုင်းသုံးဖွဲ့ ဝင်ပစ်သည်။ ရဲစခန်းဝင်စီးသည်။ တပ်မတော်နည်းပညာတက္ကသိုလ်ကို ရှော့တိုက်ဒုံးကျည်ဖြင့် အဝေးကလှမ်းပစ်သည်။ စစ်ဆေးရေးစခန်းကို ပစ်ခတ်သည်။ မီးရှို့ဖျက်ဆီးသည်။ ဓာတ်ဆီဆိုင်ကို ပစ်ခတ်မီးရှို့သည်။ ပရဟိတကားကို စနိုက်ပါနှင့်ပစ်သည်။ ပရဟိတဥက္ကဋ္ဌ သေသည်။ ကူညီ ကယ်ဆယ်ရေး အလံဖြူထောင်ထားသည့်ကားတွေလည်း ပစ်သည်။ လူသတ်ရုံမက မီးရှို့သည်။ တံတားတွေကို မိုင်းခွဲသည်။ မန္တလေး-မူဆယ် လမ်းမကြီး ပြတ်တောက်သွားသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်။ မူဆယ်ရောက်နေသူအချို့ ပြန်လာဖို့ အခက်တွေ့သွားသည်။ လားရှိုးမှာ ပိတ်မိနေသူတွေ လေယာဉ်နှင့် ပြန်လာရသည်။ ခုချိန်ထိ မန္တလေး-မူဆယ်လမ်း၊ ကွတ်ခိုင်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေသေးသည်။ တိုက်ပွဲကြောင့် အသွားအလာ၊ ရောင်းဝယ်ဖောက်ကား၊ ကုန်သွယ်မှု ရပ်ဆိုင်းသွားသည်။ အားလုံး ထိခိုက်နစ်နာရသည်။ ပြင်ဦးလွင်မှာနေသော မိတ်ဆွေတစ်ဦး (ပိုပြည့်သူ) က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ယခုလို ရင်ဖွင့်သည်။

“သောင်းကျန်းသူတွေကတော့ တစ်ခါပဲဝင် ရန်စပြီးပစ်လိုက်တာ မြို့က ကျသွားတယ်။ ဘာကျသွားတာလဲဆိုတော့ ဧည့်သည်အပေါ် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့မြို့ရဲ့စီးပွားရေးပေါ့။ ဈေးထဲမှာလည်း ဝယ်သူမရှိတဲ့ ခြောက်သွေ့နေတဲ့ဈေး၊ နေ့ပြန်မသွင်းနိုင်လို့ ဈေးရင်းပြုတ်သွားတဲ့ဈေးသည်၊ ဆိုင်ကယ်တက္ကစီ၊ ရထားလုံးမောင်းသမားတွေ ဧည့်သည်မရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ကိုယ်တွေဆိုလည်း အလူးအလှိမ့်ခံရတာပါပဲ။ ဝန်ထမ်းမဟုတ်တော့ အချိန်တန် လစာမရပါဘူး။ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုတွေအများကြီးပါ။ မြို့လေးစည်ကားနေမှ အားလုံးဟာ အသက်ရှူချောင်တာပါ။ ကျွန်တော် အသက်ရှူကျပ်တယ်။ ကျွန်တော်တို့ကို သူပုန်က တစ်ခါပဲပစ်တာနော်၊ ကျွန်တော်တို့တွေ ကျကုန်ပြီ ကျွန်တော်တို့မြို့ ကျကုန်ပြီ။ စစ်ရေး စစ်တပ်အကြောင်းလည်း မသိပါဘူး၊ သိစရာလဲမလိုဘူး။ ကျွန်တော် တို့က ပြည်သူတွေပဲလေ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နာရီစင်ကြီးကတော့ ဘာမှမပြောဘဲ ဝမ်းနည်းနေတယ်။ လူတွေစည်ကားတဲ့ပွဲတွေ ရက်တွေတောင် ခါတိုင်းလိုလာကြပါ့မလား။ နောင်ချိုက တိမ်ပင်လယ်တွေ၊ ရေပျံတောင်တွေ၊ ဘန့်ဘွေးကျင်းတွေ၊ သိပ်လှတဲ့သဘာဝအလှအပတွေနဲ့ ပန်းတွေပွင့်တဲ့မြို့လေးက တိတ်ဆိတ်အသက်မဲ့လို့။ ခင်ဗျားတို့ကတော့ တစ်ခါပဲလာပစ်လိုက်တာပါ။ စစ်တပ်ကို အပြစ်မတင်ဝံ့တဲ့ မြို့သူမြို့သားတွေက အံတွေကြိတ် မျက်ရည်ဝဲလို့ ပင်တဂွန်တောင် အလစ်ဝင်တိုက်ခံရသေးတာပဲဆိုပြီး ဖြေတွေးလိုက်ပါတယ်။ ကျွန်တော့်မြို့လေး သူပုန်လက်ထဲကျခဲ့ပါတယ်”

စိတ်အချဉ်ပေါက်ပေါက်နှင့် ထိုနေ့ ညနေခင်း ရောက်ခဲ့သည့်နေရာက မန္တလေး၊ လမ်း ၈၀ ပေါ်က စားသောက်ဆိုင်တစ်ဆိုင်။ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်ဘက်မှာ စစ်ရိပ်စစ်ငွေ့တွေ သန်းနေသော်လည်း မန္တလေးမြို့ကြီးကတော့ သာသာယာယာ။ စည်စည်ကားကား။ ဘီယာဆိုင်မှာ လူတွေပြည့်လို့။ ဆိုင်ပေါက်ဝမှာ ရောင်စုံစာလုံးကြီးတွေနှင့် ရေးထားသည်က -

STOP THE WAR ... DRINK BEER 

“စစ်မဖြစ်ကြပါနဲ့၊ ဘီယာသောက်ကြပါ” တဲ့။

ချစ်ဝင်းမောင် (၂၅ - ၈ -၂၀၁၉)