News

POST TYPE

OPINION

မျက်ရည်တောက်တောက်ယို
26-Aug-2019



ညအချိန် အိပ်ရာထဲ သားအငယ်ကောင်က ပုံပြင်ပြောပြခိုင်းလို့ ပြောပြစရာမရှိတာနဲ့ သူ့ကို ကဗျာလေးတစ်ပုဒ် နှုတ်တိုက်ချပေးမိပါတယ်။ ငယ်ငယ်က ရခဲ့တဲ့ကဗျာလေးပေါ့။ ဘယ်သူရဲ့ကဗျာမှန်းတော့ မသိပါဘူး။ မနက်ရောက်မှ ဂူဂယ်လ်မှာ ရှာကြည့် လိုက်တော့ ဆရာကြီးဖေမောင်တင် ပြုစုခဲ့တဲ့ ခြင်္သေ့တံဆိပ်ဖတ်စာ ပထမတန်းထဲက ဖြစ်နေပါတယ်။ “ကကြီး ခခွေး အိမ်ကိုပြေး၊ အပြေးမတတ် ထမင်းငတ်၊ မတ်တတ်ရပ်လို့ လမ်းမှာခို၊ ပုရွက်ဆိတ်ညို ကိုက်လို့ငို၊ ဆိုဆို ဆဲဆဲ အမေလဲ၊ ခဲလို့နေခိုက် အဖေရိုက်၊ မမိုက်သင့်ပေ တို့တစ်တွေ၊ ကျောင်း သို့မသွေ သွားစို့လေ”ဆိုတဲ့ ကဗျာလေးပေါ့။ ကျောင်းက သင်ရတာတော့ မဟုတ်ပါဘူး။ အမေ သင်ပေးထားတာပါ။ ဆိုလို့ကောင်းလို့ ဆိုရင်း ရနေတာပါ။ အဲဒီကဗျာလေးရဲ့ လိုရင်းကတော့ ကျောင်းမပြေးဖို့ပါပဲ။ ကျွန်တော်ကတော့ သားလေးကို ဒီလိုရှင်းပြလိုက်ပါတယ်။

ကျောင်းသားသစ်ကလေးကို အမေက ကျောင်းကိုလိုက်ပို့ပေးပြီး အိမ်ပြန်သွားတာပေါ့။ ကလေးလေးက ကကြီး ခခွေး စတဲ့ စာတွေကို စသင်ရတော့ မပျော်သေးဘူး။ ဒါကြောင့် အိမ်ကို ပြန်ပြေးသွားတယ်။ ဒါပေမဲ့ အိမ်ကိုလည်း မပြန်တတ်၊ ကျောင်းကိုလည်း မပြန်ရဲနဲ့ လမ်းခုလတ်မှာ ထမင်းငတ်ရတယ်။ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ ဟိုနားမတ်တတ် မတ်တတ်၊ ဒီနားမတ်တတ် မတ်တတ်ပေါ့။ လမ်းပေါ်မှာပဲ၊ ဘယ်ကိုသွားရမှန်းမသိဘူး။ ဒီအခါ ပုရွက်ဆိတ်ညိုရဲ့ အကိုက်ခံရလို့ ငိုရသတဲ့။ ကျောင်းပြေးတဲ့ကလေး အကြောင်းသိရလို့ မအေလုပ်တဲ့သူက စိတ်ထိခိုက်သွားတယ်။ ဖအေကတော့ စိတ်တိုပြီး လိုက်ရိုက်သတဲ့။ ဒီလိုမျိုးတွေ နောင်မဖြစ်အောင် ကျောင်းကိုပဲ သွားကြရအောင်လို့ တိုက်တွန်းထားပါတယ်။ 

ကကြီး ခခွေး စတဲ့သင်ခန်းစာတွေဟာ စာပေအုတ်မြစ်ရဲ့ အခြေခံတွေပဲ ဖြစ်ပါတယ်။ အခြေခံဖောင်ဒေးရှင်းမှ မခိုင်ရင် မိုးမျှော်တိုက်ကြီးတွေ၊ အထပ်အမြင့်တွေ ဆောက်လို့မဖြစ်ပါဘူး။ ဒီလိုပဲ ကကြီး ခခွေးမှ မတတ်သေးတဲ့သူဟာ သင်ပုန်းကျေဖို့ မဖြစ်ပါဘူး။ ကျွန်တော်ပြောတဲ့ သင်ပုန်းဆိုတာ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ပုန်းကြီးဖတ်စာပါ။ “ကကြီးရေးက၊ ကကြီးရေးချာကာ၊ ကကြီးရေးချာ ဝစ္စနှစ်လုံးပေါက်ကား” လို့ သိဖို့အတွက် ကကြီးကို အရင်သိဖို့လိုပါတယ်။ ဝမရှိဘဲ ဝိလုပ်လို့မရသလိုပေါ့လေ။ အခြေခံမနိုင်တဲ့ သူဟာ အိမ်ကိုပဲ ပြေးကပ်ချင်နေပါမယ်။ အဖေအမေကိုပဲ အားကိုးနေရပါမယ်။ သူတစ်ပါးကိုပဲ အားကိုးနေရတဲ့သူဟာ လွယ်လွယ်ပြောရရင် လူပိုပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တဲ့သူဟာ လွယ်လွယ်ပြောရရင် ပျော့ညံ့တဲ့သူပါပဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်လာသလဲဆိုရင် ကကြီး ခခွေး မကျေညက်ခဲ့လို့ပါပဲ။ 

တစ်ခါက လမ်းဘေးမှာ ရှုခင်းပုံလေးတွေ ဆွဲပြပြီး ငါးရာ၊ တစ်ထောင် နဲ့ရောင်းချနေတဲ့သူကို တွေ့ခဲ့ဖူးပါတယ်။ ဆိုင်းဘုတ်တွေ ဘာတွေရေးတဲ့ လူလို့လည်း ပြောပါတယ်။ ဆွဲချက်တွေက လက်ရာမဆိုးဘူးပေါ့လေ။ မမြင်ဖူး မူးမြစ်ထင်လား မသိပါဘူး။ ဒါနဲ့ ခင်ဗျား ပုံတူဆွဲတတ်လားလို့ မေးလိုက်ပါတယ်။ သမီးပုံလေး ဆွဲခိုင်းလိုက်ပါတယ်။ တစ်စက်မှ မတူပါဘူး။ ဒါပေမဲ့ ငွေသုံးထောင်ပေးလိုက်ပါတယ်။ ကိုယ်ကိုက ဆရာတင်မှားသွားတာကိုး။ ဆွဲတဲ့သူကလည်း ပုံတူပန်းချီရဲ့ အခြေခံကိုတောင် နားလည်ရဲ့လား မသိပါဘူး။ ဆွဲခိုင်းတဲ့သူကလည်း စုတ်တံကိုင်တိုင်း ပုံတူပန်းချီဆရာ ထင်နေတာကိုး။ ဒီလိုပဲ အုတ်မစီတတ်ဘဲ သံလက်ကိုင် ပန်းရန်ဆရာဖြစ်ချင်တဲ့သူတွေ၊ သံဖြောင့်အောင်မရိုက်တတ်ဘဲ လက်သမားဆရာ လုပ်ချင်တဲ့သူတွေ အများကြီးပါပဲ။ ရာသီမပိုင် ဆေးမကိုင်နဲ့လို့ပဲ ပြောလိုက်ချင်ပါတယ်။

အပြေးမတတ်ရင်တော့ ထမင်းငတ်ပါလိမ့်မယ်။ တချို့က ရည်ရွယ်တာ တခြား၊ ရောက်သွားတာတခြား ဖြစ်နေတတ်ပါတယ်။ ထမင်းငတ်တယ် ဆိုတော့ဝမ်းစာကို ပြောတာထင်ပါရဲ့။ ဝမ်းစာမပြည့်ဘူး၊ ဝမ်းစာပြည့်တယ် စသဖြင့် အနုပညာလုပ်ငန်းတွေမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ ထည့်သွင်း ပြောလာကြပါတယ်။ သူတို့ပြောတဲ့ ဝမ်းစာဆိုတာကလည်း နားလည်တတ်ကျွမ်းမှုကို ရည်ညွှန်းကြတာပါ။ ဒါကို အားလုံးသိပြီးသားပါ။ အဲသလို ဝမ်းစာမပြည့်ရင် တကယ့်ဝမ်းစာ မဖြည့်နိုင်ပါဘူး။ အသက်မွေးဝမ်းကျောင်း အလုပ်က အသက်မမွေးနိုင်တော့ဘူးလို့ ဆိုလိုတာပါ။ စီးပွားမဖြစ်ထွန်းဖူး၊ မအောင်မြင်ဖူးပေါ့။ ရုပ်ရှိလို့ မင်းသမီးလုပ်ပေမယ့် ပြည်သူ့အချစ်ကို မရနိုင်ပါဘူး။ 

ဒီနေရာမှာ အပြေးတတ်ရင်ကောဆိုတဲ့ စောဒကလေး ပါလာနိုင်ပါ တယ်။ တချို့က ပါးရည်နပ်ရည် ရှိကြပါတယ်။ ကျွန်တော့်အစ်ကိုတစ်ယောက်ဆိုရင် အိမ်ကို ပြန်မလာရဲတော့ အလှူအိမ်က ထမင်းစား လက်မှတ်တောင်းပြီး ထမင်းရုံထဲ သွားစားဖူးသတဲ့။ မူလတန်းကျောင်းသားအရွယ်ပေါ့။ ဉာဏ်ကောင်းခြင်းဟာ အခြေခံပညာ၊ ဝီရိယ၊ ရိုးဂုဏ်တို့နဲ့ မပေါင်းစပ်နိုင် ဘူးဆိုရင် လူလည်လူပေါ်ကြော့ပဲ ဖြစ်သွားမှာပါ။ အပြေးတတ်တဲ့သူတွေဟာ အောင်မြင်မှုပန်းတိုင်ဆီကို ဦးတည်နေဖို့လိုပါတယ်။ အပြေးတတ်ရင် မမောဘူးလို့လည်း ပြောတတ်ကြပါတယ်။ တာထွက်ကတည်းက ပုံမှန်လေး၊ ဇွဲကောင်းကောင်း၊ သက်လုံကောင်းကောင်းနဲ့ ပြေးမယ်၊ ပန်းဝင်ခါနီးမှာ ရှေ့ကလူတွေရှိသေးရင် အားသွန်ခွန်စိုက် ပြေးကျော်လိုက်မယ်ဆိုရင် ဗိုလ်စွဲနိုင်ပါတယ်။ တာထွက်ကတည်းက အတင်းပြေးပြီး ခရီးတစ်ဝက်မရောက်သေးရင် ခြေကုန်လက်ပန်း ကျသွားတတ်သူတွေ တွေ့နေရလို့ပါ။ 

အိမ်ကိုလည်းမရောက် ကျောင်းလည်းမပြန်နိုင်တဲ့ ဇော်ကန့်လန့်တွေ ဖြစ်သွားတတ်ပါတယ်။ ဟိုမရောက် ဒီမရောက်ပေါ့လေ။ ပလက်ဖောင်း မင်းသားတွေလို့ ခေါ်ရမယ်ထင်ပါတယ်။ စိုင်းထီးဆိုင်ကတော့ “ဒီအရွယ်မှာမှ ကိုယ်ဘာကောင်လဲမသိရင် ကိုယ်ထင်တာထက် ကိုယ်ဟာ ပိုအပေါ့” လို့ သီဆိုခဲ့ပါတယ်။ ကန့်လန့်ကောင် ဖြစ်ခဲ့ရင်တောင် ကိုယ်ဘာကောင်လဲလို့ သိဖို့လိုပါတယ်။ အရင်သိပြီးမှ ပြန်ပြင်နိုင်မှာပေါ့။ တချို့က ကိုယ်ဘာကောင်လဲ မသိတော့ ဆက်မိုက်နေမိကြပါတယ်။ မျက်ရည်တောက်တောက် ကျမိပါတယ်လို့ ဘယ်လောက်ပြောပြော မိကျောင်းမျက်ရည် ဖြစ်နေမှာပါပဲ။ မိကျောင်းတွေရဲ့ ပါးစပ်ဖွဲ့စည်းပုံအရ အောက်မေးက မဟနိုင်ပါဘူး။ အပေါ်မေးကိုပဲ ဟရတဲ့အတွက် ဟလိုက်တိုင်း မျက်လုံးအောက်က မျက်ရည် အိတ်ကိုဖိမိပြီး မျက်ရည်ကျလေ့ရှိပါတယ်။ ဒါကြောင့် အစားစာဖို့ ပါးစပ်ဟတိုင်း မိကျောင်းတွေက မျက်ရည်ကျရပါတယ်။ 

လမ်းပေါ်ဆိုတာ အိမ်မှာနဲ့ မတူပါဘူး။ အန္တရာယ်တွေက ဒူးနဲ့ဒေး။ အချိုကြိုက်တဲ့ ပုရွက်ဆိတ်တွေသာမကဘူး ခွေးလေခွေးလွင့်တွေကလည်း ကိုက်၊ စည်းမဲ့ကမ်းမဲ့ယာဉ်တွေကလည်းတိုက်၊ အပျော်အပါးတွေနဲ့ မိုက်ချင်သလောက် မိုက်နိုင်ပါတယ်။ ပုရွက်ဆိတ်အညိုကြီးတွေ၊ အမည်းကြီးတွေက ခြေထောက်တွေကနေ စပြီးကိုက်မယ်၊ တဖြည်းဖြည်း အပေါ်ထိ တက်ကိုက်နိုင်ပါတယ်။ စိတ်အားငယ်တတ်တဲ့၊ နုနယ်တဲ့ကလေးတစ်ယောက်အတွက် လမ်းပေါ်ကနေ ရှုံးနိမ့်ခြင်းတွေပဲ ကောက်ယူမိမှာပါ။ သီတဂူဆရာတော်ပြောသလို မီးပူမှာပေါ့၊ ပညာနဲ့ကိုင်ရင်တော့ မပူဘူးလို့ ပြောချင်ပါတယ်။ လမ်းဆိုတာ သွားဖို့၊ လျှောက်ဖို့၊ လိုရာခရီးပေါက်ဖို့ပါ။ ဒီလမ်းပေါ် တက်လျှောက်ချင်တယ်ဆိုရင် ပညာရှိဖို့၊ စိတ်ဓာတ်ခိုင်ဖို့၊ စည်းကမ်းရှိဖို့ လိုပါတယ်။ သူများပြေးလမ်း ပိတ်မိရင် ဖောင်းပါတယ်။ ကျင့်ဝတ်မညီပါဘူး။ ကိုယ့်ပြေးလမ်းရှေ့က အပိတ်အဆို့တွေရှိနေရင်လည်း ထိုးဖောက်နိုင်ဖို့ ကြံ့ခိုင်မှုရှိရပါမယ်။ ပုရွက်ဆိတ်ညိုတွေကတော့ ကိုက်မှပါပဲ၊ ငိုနေရုံနဲ့ မပြီးဘူး။ 

ကိုယ်က ဆဲဆိုမိုက်မဲနေတော့ ကိုယ့်အတွက် မေတ္တာရှိတဲ့ အမေတွေ၊ မိဘတွေ၊ အမေလို စာနာတတ်တဲ့သူတွေ အသည်းကွဲရပါတယ်။ မိဘဆို တာမျိုးက မျက်မြင်ထင်ရှားရှိတဲ့ ဗြဟ္မာတွေလို့ ပြောပါတယ်။ နတ်ဗြဟ္မာ ဆိုတာမျိုးက မြင်ဖူးဖို့ မလွယ်ပါဘူး။ အဲဒီတော့ ဗြဟ္မာ့ဂုဏ်ရှိတဲ့ မိဘတွေကို အလေးအမြတ်ပြုရမှာပါ။ မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲ တစ်သက်ဆိုလားပါပဲ။ ကျေးဇူးရှင်ကို ပစ်မှားတတ်သူဟာ ဆင်းရဲဒုက္ခရောက်ရမှာ မလွဲပါဘူး။ ကိုယ်ခိုနေတဲ့အရိပ်ကို ချိုးတဲ့ ဖျက်ဆီးတဲ့သူဟာ အရင်ဆုံး နေပူမိရမှာပဲ မဟုတ်လား။ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့လို့ ရေကြီး၊ မိုးခေါင်၊ မြေပြို စတာတွေ ဖြစ်နေရတာပေါ့။ ဒီတော့ ကိုယ့်အပေါ် ကျေးဇူးကြီးတဲ့သူတွေ၊ ကျေးဇူးရှင်တွေကို မပစ်မှားသင့်ပါဘူး။ မေတ္တာကိုသာ ခံယူနိုင်အောင် ကြိုးစားရပါမယ်။

ဘဝတစ်လျှောက်မှာ ဆုံးမတတ်တဲ့သူတွေကို အဖေလို သဘောထားပြီး တလေးတစားခံယူရပါမယ်။ အခက်အခဲတွေ ကြုံလာတိုင်း ငါ့အဖေလည်း ကြုံခဲ့မှာပဲ၊ ငါ့အဖေဆိုရင် ဘယ်လိုကျော်လွှားမလဲလို့ စံပြပုဂ္ဂိုလ် အဖြစ် ထည့်သွင်းစဉ်းစားရပါမယ်။ တခြားသော စံပြပုဂ္ဂိုလ်တွေလည်း ရှိဦးမှာပါ။ စံပြပုဂ္ဂိုလ်ရွေးတဲ့အခါ ဆရာတင်မှန်ဖို့တော့ လိုပါတယ်။ နှမ်းဖြစ်တုန်းက အကောင်း၊ ကောက်ညှင်းနဲ့ပေါင်းမှ အထောင်းခံရတယ်ဆိုတာ ဖြစ်တတ် ပါတယ်။ စံနမူနာ ယူစရာ အရှင်ရာဟုလာကိုတောင် လေးစားမိပါတယ်။ သူက သဲတွေကို လက်နဲ့ဆုပ်ကိုင်ပြီး တစ်နေ့တစ်နေ့ ပြုပြင်သင်ကြားပေး မယ့်ဆရာတွေ ဒီလောက်ရှိရင် သိပ်ကောင်းမှာပဲလို့ ရေရွတ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဘယ်သူမှ ဆရာလာလုပ်တာ မခံချင်ကြပါဘူး။ ကိုယ်ကပဲ ဆရာလုပ်ချင်နေပါတယ်။ နောက်လိုက်ကောင်းမဖြစ်ခဲ့ဘဲနဲ့ ဆရာကောင်း မဖြစ်ဘူးဆိုတဲ့ ဆိုရိုးစကားရှိတာကို မေ့နေကြပါတယ်။

ဗဒင် ဆိုခဲ့တဲ့ သိုးမည်းဟောင်းကြီးတွေလို ကျောင်းကန်ကနား မရောက်ဖြစ်တာ ကြာပါပြီ။ တချို့ဆို ဂုဏ်ယူပြီးပြောကြတယ်၊ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်း မတက်ဖြစ်ဘူး၊ ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ဘူးလို့။ တကယ်တော့ ဦးနေရာဦး၊ ဒေါ်နေရာ ဒေါ်၊ စူးနေရာ စူး၊ ဆောက်နေရာ ဆောက် သုံးနှုန်းတတ်ဖို့လိုပါတယ်။ တချို့ဘုန်းကြီးတွေကလည်း သမီးနဲ့ သားနဲ့ ခေါ်တတ်ကြပါတယ်။ နားဝင်ချိုပေမယ့် တစ်မျိုးကြီးဖြစ်နေပါတယ်။ တကယ်တော့ မြန်မာတွေရဲ့ စာပေယဉ်ကျေးမှုကိုက အဆင့်မြင့်ပါတယ်။ ဘုန်းဘုန်းခေါ် ဘယ်လိုထူး၊ အရှင်ဘုရားလို့ ပြန်လည်ထူးလို့ ငယ်စဉ်ကတည်းက သင်ကြားထားရမယ့် အခေါ်အဝေါ်တွေရှိပါတယ်။ လက်တွေ့ဘဝမှာလည်း အသုံးဝင်ပါတယ်။ 

စာသင်ကျောင်းတွေသာ မကဘူး ဘုန်းကြီးကျောင်း၊ ဘာသာရေး ကျောင်းတွေကလည်း မလွဲမသွေ သွားလာဆည်းပူးရမယ့်ကျောင်းတွေပါပဲ။ ကျောင်းလို့ ဆိုလိုက်ကတည်းက ထိန်းကျောင်းပေးတဲ့ နေရာမြတ်တွေပါပဲ။ ဘဝထဲကနေ သင်ခန်းစာတွေ ယူတတ်၊ အသုံးချတတ်ရင် ဘဝဆိုတာကလည်း ကျောင်းပါပဲ။ ဆရာတော်ဦးဇောတိက ပြောသလိုပေါ့။ ကျောင်းကိုမသွေ သွားစို့လေလို့ တိုက်တွန်းနှိုးဆောင်ထားတဲ့အတိုင်း ကျောင်းမပြေးဖို့ လိုပါတယ်။ ကျောင်းပြေးတယ်ဆိုတာ ထွက်ပြေးတိမ်းရှောင် တာပါပဲ။ လက်တွေ့ဘဝကနေ၊ လူ့ပတ်ဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်တယ်ဆိုတာ ရင့်ကျက်မှုမရှိလို့ ဖြစ်ပါလိမ့်မယ်။ သူရဲဘောကြောင်လို့ ထွက်ပြေးရင် လူ့အသိုင်းအဝိုင်းထဲမှာ နေရာမရ၊ လူဝင်မဆံ့ဖြစ်ရပါမယ်။ စိတ်ဝေဒနာသည် ဖြစ်ရပါမယ်။ ဒီလိုရှုံးနိမ့်ခြင်းတွေ မဖြစ်ပေါ်အောင် ကျောင်းမှန်မှန်တက်ဖို့ လိုပါတယ်။ 

သွားစို့လေလို့ ပြောထားတာက တစ်ယောက်တည်းသွားဖို့မဟုတ်ပါဘူး။ အတူတူသွားကြရအောင်လို့ အဖော်စပ်နေတာပါ။ ကြီးကြီးကျယ် ကျယ်ပြောရရင် ငါတစ်ကိုယ်တည်း ချမ်းသာနေလို့ မတော်ဘူးဆိုတဲ့ အလောင်းတော်စိတ်ထားနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မိမိ မိဘ ဆွေမျိုးအသိုင်းအဝိုင်း၊ မိမိပတ်ဝန်းကျင်၊ မိမိလူမျိုး တိုင်းပြည်ကို ကူညီစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ဒီတော့ စာသင်ရာမှာအတူတူ၊ စာမေးပွဲဖြေတော့ အတူတူ၊ အတန်းတက်ဖို့ အတူတူဆိုတဲ့ ကြိုးစားခွင့်အတူတူရရှိမှာဖြစ်ပါတယ်။ ဒီလိုတန်းတူ အခွင့်အရေးပေးချင်လို့ သွားစို့လေလို့ ကျောင်းတက်ဖို့ခေါ်နေတာပါ။ အခွင့်သာခိုက်မှ မလိုက်ချင်ရင်တော့ လူမိုက်လို့ပဲ ပြောချင်ပါတော့တယ်။ ကျောင်းပျင်းနေရင်တော့ မျက်ရည်တောက် တောက်ယိုရပါလိမ့်မယ် ခင်ဗျား။

ဇော်သစ်ကြည်