News

POST TYPE

OPINION

တာဝန်ထက် လုပ်ပိုင်ခွင့် ပိုယူချင်သူများ သတိထား (Daily, Vol-7/No-117)
25-Aug-2019

ယနေ့ မြန်မာလူ့အဖွဲ့အစည်းတွင် ရာထူး၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းစွာ သဘောပေါက် နားလည်ခြင်းမရှိဘဲ အရောရော အထွေးထွေး ဖြစ်နေသည်ကို သတိပြုမိပါသည်။ လုပ်ပိုင်ခွင့်ဖြင့် ဖန်တီးရယူနိုင်သည့် ခံစားခွင့်၊ အခွင့်အရေးများကိုသာ အများစု မျှော်ကိုးကြိုးပမ်းလျက်ရှိကြသည်။

အများသိကြပြီးသည့်အတိုင်း တာဝန်ဆိုသည်မှာ အဖွဲ့အစည်းကဖြစ်စေ၊ နိုင်ငံတော်ကဖြစ်စေ မိမိထမ်းဆောင်နေသော ရာထူးနှင့်အညီ ဥပဒေအရ သတ်မှတ်ပေးအပ်ထားသော မဖြစ်မနေ ထမ်းဆောင်ရမည့်လုပ်ငန်းများဖြစ်ပေသည်။

လုပ်ပိုင်ခွင့်ဆိုသည်မှာ အထက်ဆိုခဲ့ပါ ရာထူးအရ ထမ်းဆောင်ရမည့် တာဝန်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ဥပဒေ၏ခွင့်ပြုချက်အရ ကိုင်တွယ်အသုံးပြုနိုင်သည့် အခွင့်အာဏာကို ဆိုလိုသည်။

အစိုးရယန္တရားတွင် ဝန်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ သူ့နေရာနှင့်သူ ပေးအပ်ထားသော ရာထူး၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ အဆောင်အယောင်၊ ခံစားခွင့်များကို ဥပဒေဖြင့် အတိအကျ သတ်မှတ်ပြဋ္ဌာန်းထားပြီးသားဖြစ်သည်။

ထိုသတ်မှတ်ချက်များနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိ၊ လုပ်ပိုင်ခွင့်၊ အဆောင်အယောင်၊ ခံစားခွင့်များ ကျော်လွန်ရယူခြင်း၊ နိမ့်ကျနေခြင်း ရှိ၊ မရှိကိုမူ ပြဋ္ဌာန်းထားသော ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တာဝန်ရှိသူများက ထိန်းသိမ်းကြီးကြပ် ကြပ်မတ်ရမည်ဖြစ်သည်။

ဗြိတိသျှကိုလိုနီအစိုးရလက်ထက်မှ ယနေ့ကာလအထိတိုင် စနစ်တကျ ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် အရပ်ဘက်ဆိုင်ရာ အရာထမ်း၊ ဝန်ထမ်းများကို ခန့်ထားတာဝန်ပေးခဲ့သည့်အတွက် အထွေအထူး ပြောစရာမရှိလှပေ။

သို့သော် ခြွင်းချက်အနေနှင့် တပ်မတော်မှ အုပ်ချုပ်ရေးယန္တရားသို့ ကူးပြောင်းတာဝန်ပေးခံရသူများ သို့မဟုတ် တိုက်ရိုက်ခန့်ထားခံရသော အရာထမ်းများမှာမူ သီးခြားပြဿနာဖြစ်သောကြောင့် သီးသန့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရမည်ဖြစ်သည်။

ပြောလိုသည်မှာ ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင့် နယ်ပယ်၊ ကဏ္ဍကြီးတစ်ခုချင်းစီအဆင့် ထူထောင်ထားသော အဖွဲ့အစည်းအချို့တွင် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မိမိတစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားရေး၊ မိမိအကျိုးစီးပွားဖြစ်ထွန်းရေးသက်သက် မျှော်ကိုးလုပ်ဆောင်မှုများ ရှိနေကြောင်းပင်ဖြစ်သည်။

ဖော်ပြပါ အဖွဲ့အစည်းများသည် မူလကပင် သက်ဆိုင်ရာလောက နယ်ပယ်ဖွံ့ဖြိုးရေး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပရော်ဖက်ရှင်နယ်များ အရည်အချင်း မြင့်မားလာစေရေး၊ လုပ်ငန်းများတိုးတက်လာစေရေး၊ နယ်ပယ်တစ်ခုလုံး၏ အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် တာဝန်ထမ်းဆောင်ကြရန်မှာ အဓိကဦးတည်ချက်ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ စေတနာအလျောက် မဖြစ်မနေ ထမ်းဆောင်ပေးရမည့်တာဝန်များကို ငွေကြေး၊ ခံစားခွင့်တို့ဖြင့် တန်ဖိုးသင့်ကာ လုပ်ပိုင်ခွင့်ရှိသည်ထက် ကျော်လွန်လုပ်ဆောင်ခြင်း၊ လုပ်ပိုင်ခွင့်ရှိသလောက် မလုပ်နိုင်ခြင်း၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်ကိုဗန်းပြကာ မိမိတစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှု တည်ဆောက်ခြင်းကဲ့သို့ မအပ်မရာကိစ္စများ ရှိနေပေသည်။

နယ်ပယ်တစ်ခုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းအချို့တွင်ပင် အဆောင်အယောင်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်အတွက် အကျည်းတန်သော အချေအတင် ငြင်းခုံမှုများ၊ အပြန်အလှန် စွပ်စွဲပြစ်တင်ခြင်းများ၊ ငါတကောကောကာ နှိမ်ချဆက်ဆံမှုများ၊ မချေမငံ မယဉ်မကျေး ထီမထင် အမူအရာများရှိနေသေးလျှင် နိုင်ငံတော်တစ်ခုလုံးကို ကိုယ်စားပြုပြီး ဥပဒေအရ တစ်ဖက်သတ် သို့မဟုတ် အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရရှိထားသော အဖွဲ့အစည်းများဆိုပါက မည်သို့ဆိုဖွယ်ရှိမည်ကို ခန့်မှန်းသုံးသပ်နိုင်ပါသည်။

မည်သည့်နယ်ပယ်၊ အဖွဲ့အစည်းတွင်ရှိနေသည့် နိုင်ငံသားမဆို မိမိတို့ ကျရာနေရာမှ တာဝန်ထမ်းဆောင်ကြရာတွင် ထမ်းဆောင်ရမည့် တာဝန်ကိစ္စထက် လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်ကိစ္စကိုသာ ဦးစားပေးလုပ်ကိုင်နေမည်ဆိုပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ခေတ်မီရေး စည်ပင်သာယာငြိမ်းချမ်းရေးအတွက် အားထုတ်ဆောင်ရွက်ရမည့် အဖိုးတန်အချိန်များ အချည်းအနှီး ဖြုန်းတီးရာရောက်ကြောင်း သိစေလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၅-၈-၂၀၁၉)