News

POST TYPE

OPINION

မှားချင်သလောက်မှားပါ တာဝန်တော့ ရဲရဲယူပါ (Daily, Vol-7/No-116)
24-Aug-2019
ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေးဆရာ အယ်လ်ဖြူရေးသားပြီး တေးသံရှင် ဇော်ဝင်းထွဋ် (ကိုညီထွဋ်) သီဆိုခဲ့တဲ့ “ဘဝ”လို့အမည်ရတဲ့သီချင်းကို တေးချစ်သူ စာဖတ်ပရိသတ်အတော်များများ သိကြမှာပါ။

သီချင်းကသာ “ဘဝ” ဖြစ်ပေမယ့် အဲဒီသီချင်းကိုကြိုက်နှစ်သက်တဲ့သူတွေကတော့ “မှားယွင်းရဦးမယ် . . . ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်”ဆိုတဲ့ စာသားကို ပိုသိကြတာကိုလည်း သတိထားမိပါတယ်။

လူရယ်လို့ ဖြစ်လာပြီးနောက် လူလားမြောက်လာတဲ့အခါ ဘဝခရီးလမ်းကို လျှောက်လှမ်းကြရာမှာ ကလေးသူငယ်တစ်ဦးလို ဖြူစင်ရိုးသားတာလေးတွေ မရှိနိုင်တော့တဲ့အကြောင်းကို ရေးစပ်ထားတဲ့ ဘဝဒဿန သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ကိုညီထွဋ်ရဲ့ ခံစားချက်ပြည့်ဝတဲ့ သီဆိုပုံနဲ့လည်း ပေါင်းစပ်လိုက်ရော တေးရေးအယ်လ်ဖြူရဲ့စာသားတွေဟာ တစ်ချိန်တစ်ခါက လူငယ်၊ လူရွယ်တွေကြားမှာ လူကြိုက်များတဲ့ တေးသီချင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါတော့တယ်။

တကယ်တမ်းပြောချင်တာက အဲဒီသီချင်းထက် အမှားတွေလုပ်တတ်တဲ့ ကျွန်တော်တို့ လူသားတွေအကြောင်းပါ။ လူဆိုတာအမှားနဲ့ ကင်းတဲ့သတ္တဝါ မဟုတ်ဘူးလို့ အဆိုရှိကြပါတယ်။ အဲဒါကို တချို့က အင်္ဂလိပ်လို “No One is Perfect”လို့ ပြောကြာတာလည်းရှိပါတယ်။

မိတ်ဆွေအပေါင်းအသင်းတွေ ပေါင်းသင်းဆက်ဆံကြတဲ့ကိစ္စကစပြီး မိသားစုအရေး၊ ရပ်ရေးရွာရေးအပါအဝင် နိုင်ငံရေးကိစ္စကြီးတွေအထိ အကောင်းဆုံးဖြစ်အောင် (ပြီးပြည့်စုံတဲ့ ရလဒ်ထွက်အောင်) ကြိုးစားလုပ်ကိုင်ရင်း အမှားတွေ လုပ်မိတတ်ကြပါတယ်။

ဘဝမှာ မပြောသင့် မပြောထိုက်တာတွေ ပြောမိလို့ မှားသွားတာတွေရှိသလို မပြုသင့်၊ မပြုအပ်တာတွေ မှားယွင်းပြုလုပ်မိလို့ မိမိတစ်ဦးတစ်ယောက်တည်း ဘဝသာမက မိမိကိုမှီခိုအားထားနေတဲ့သူ အများစုပါ ကြားထဲက အချောင်ဒုက္ခ ရောက်ကြရတာတွေလည်း အများကြီးပါ။

မိသားစုတစ်စုကို ဦးဆောင်နေတဲ့သူ အမှားလုပ်ရင် အဲဒီမိသားစုတစ်ခုလောက်ပဲ ဒုက္ခရောက်ကြရမှာဖြစ်ပြီး ကုမ္ပဏီလုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူတွေ အမှားလုပ်ရင် အဲဒီလုပ်ငန်းကို မှီခိုအားထားနေကြရတဲ့ ဝန်ထမ်းတွေဒုက္ခတွေ့ကြရတော့တာပါပဲ။

သမိုင်းကြောင်းတွေကိုကြည့်မယ်ဆိုရင် သာမန်လူတွေ အမှားလုပ်တာထက် နိုင်ငံ့ခေါင်းဆောင်နေရာမှာရှိတဲ့သူတွေ အမှားလုပ်တဲ့အခါ လူသားအမြောက်အမြား ဒုက္ခရောက်ကြရသည်အထိ ဖြစ်ကြတာကိုတွေ့ရမှာပါ။

တကယ်တော့ ဘယ်သူမှ အမှားလုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တာ အမြဲမှန်တယ်လို့ထင်သွားတတ်တဲ့အခါမျိုး၊ တစ်နည်းအားဖြင့် အမှားကို အမှားမှန်းမသိမှုတွေရှိလာတဲ့အခါမှာ မှားသွားတတ်ကြတာပါပဲ။ သမိုင်းမှာ အဒေါ့ဖ်ဟစ်တလာလို ပုဂ္ဂိုလ်မျိုးလည်း ဂျာမနီနဲ့ ဂျာမန်ပြည်သူတွေ ကောင်းကျိုးအတွက် အကောင်းဆုံးဖြစ်အောင်လုပ်နေတာပဲလို့ ယူဆပြီး လုပ်ကိုင်ခဲ့တာပဲ မဟုတ်ပါလား။

တကယ်တော့ မှားတာကိုကြောက်ဖို့ မကြောက်ဖို့ဆိုတာထက် ဘယ်လိုအမှားမျိုးလဲ၊ ဘယ်သူတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်နစ်နာစေသလဲဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အမှားလုပ်တာမဆန်းဘူး၊ မှားတတ်ကြစမြဲဆိုပေမယ့် ကိုယ့်အမှားကို ကိုယ်ဝန်ခံနိုင်ရုံသာမက ကိုယ်လုပ်ခဲ့တဲ့အမှားအတွက် တာဝန်ယူရဲတဲ့သတ္တိရှိတဲ့သူတွေ များများစားစားရှိဖို့သာ အရေးအကြီးဆုံးဖြစ်မယ်လို့ ဆိုချင်ပါတယ်။

အယ်ဒီတာ (၂၄-၈-၂၀၁၉)