News

POST TYPE

OPINION

လွှတ်တော်ထဲက ခြေဥပြင်ဆင်ရေးပုစ္ဆာ
23-Aug-2019



သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမောင်သင်း မိတ္ထီလာ မဲဆန္ဒနယ်အပါ ၁၄၅ ဦးတို့ ၂၉-၅-၂၀၁၉ ရက်နေ့တွင်တင်သွင်းထားသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက စိစစ်ပြီး အစီရင်ခံစာ တင်သွင်းသွားခဲ့သည်။ ထိုမတိုင်မီ ဩဂုတ်လ ၉ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း ခြေဥပြင်ဆင်ရေးအစီရင်ခံစာပါ ဆက်လက်ဆောင်ရွက်ကြမည့် ပြင်ဆင်သည့်ဥပဒေကြမ်းရေးဆွဲရေးကိစ္စကို အဆိုတင်သွင်းခြင်း၊ အဆုံး အဖြတ်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ထောက်ခံဆန္ဒမဲများဖြင့် အတည်ပြုခဲ့ကြသည်ကို တွေ့ရသည်။ သို့သော်မည်သို့ ဆက်လက် ဆောင်ရွက်ကြမည်ဆိုသည်ကိုမူ မသိရှိကြသေး၊ အဆိုပါပူးပေါင်းကော်မတီအနေနှင့် အစည်းအဝေးများ ဆက်လက်ကျင်းပကြပြီး ပြင်ပမှပတ်သက် ဆက်စပ်သည့်အစုအဖွဲ့များကို ဖိတ်ခေါ်၍ ၎င်းတို့ထံမှ အကြံဉာဏ်များ ရယူခြင်းများကို ဆောင်ရွက်သွားမည်ဟု သိထားသည်။ ယခုလွှတ်တော်သို့ ထပ်မံတင်သွင်းသည့် ဒေါက်တာမောင်သင်း၏ ဥပဒေမူကြမ်းကိစ္စကိုလည်း မည်သို့ဆက်လက်ဆောင်ရွက်ကြမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းလာသည်။

ခြေဥပြင်ဆင်ရေးကိစ္စကို လေ့လာကြည့်လျှင် စတင်တင်သွင်းသည့် အချိန်မှစ၍ ရေတွက်ပါက ယခုဆိုလျှင် ၆ လနီးပါး ရှိခဲ့ပြီဖြစ်သည်။ ခြေဥပြင်ဆင်ရေးကိစ္စမှာ ယခင်ပထမအကြိမ်လွှတ်တော်သက်တမ်း ကာလတုန်းကလည်း ပြင်ခဲ့ကြဖူးသည်။ သို့သော် ယခုလုပ်ပုံလုပ်နည်းနှင့်တော့ တစ်ထပ်တည်းမကျ။ ထိုစဉ်ကတော့ ကနဦးတွင် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး တွေ့ရှိချက်ကို လွှတ်တော်တင်ပြကြပြီးမှ နောက်တစ်ခါ ထပ်မံ၍ ပြင်ဆင်ရေးအတွက်အကောင်အထည်ဖော်မှု ကော်မတီဟူ၍ထပ်မံဖွဲ့စည်းကာ ဦးစားပေးပြင်ဆင်ရမည့်အချက်များကို လွှတ်တော်တင်ပြ၊ ထိုအချက်များကို အခြေခံပြီး ဥပဒေကြမ်းဆက်လက် ရေးဆွဲနိုင်ရေးအတွက် အဆိုတင်ပြီး၊ ထောက်ခံသူက ထောက်ခံပြီးမှ ဥပဒေမူကြမ်းကိုဆွဲပြီး ပါတီအစုံမှ ကိုယ်စားလှယ်တစ်ဝက်ခန့်နီးပါးက လက်မှတ်ရေးထိုး တင်ခဲ့ကြသည်။ ယခုလွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ခြေဥပြင်ဆင်ရေးကိစ္စမှာမူ ထိုစဉ်က လုပ်ခဲ့သည့်နည်းနှင့်တူမယောင်နှင့်မတူ၊ အနည်းငယ်ကွဲပြားမှုရှိသည်။ ထိုစဉ်ကလုပ်ခဲ့သည့် အဆင့်သုံးဆင့်ခန့်ကို ယခုမူ အဆင့်တစ်ဆင့်တည်းဖြင့်လုပ်ကြဟန်တူသည်။

ပြောစရာရှိသည်မှာ ထိုစဉ်က ဦးဆောင်တင်သွင်းသူမှာပြည်ခိုင်ဖြိုး ပါတီကဖြစ်သော်လည်း အလုံးစုံစင်းလုံးချောအောင်မြင်ခဲ့သည်ဟု မဆိုနိုင်။ ယခုကဲ့သို့ပင် အဖုအထစ်များရှိနေခဲ့သည်။ ထိုအဖုအထစ်မှာမူ ယခုကဲ့သို့ ဆူပူခြင်းမရှိခဲ့သော်လည်း အာဏာရပါတီအတွင်း ဥပဒေပြုရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ အတော်ပွတ်တိုက်ခဲ့မှုအရ နောက်ဆုံးထွက်ပေါ်ခဲ့သည့် အဖြေရလဒ်ကိုကြည့်ခြင်းဖြင့် ခန့်မှန်း၍သိရှိနိုင်သည်။ ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီ (လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များ) တင်သွင်းကြ သည့် နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်မှုလုပ်ပိုင်ခွင့်အာဏာကို လျှော့ချရေးများ ပါဝင်သည့် ၄၃၆ (က) ပါ ပြင်ဆင်ချက်များကိုမူ နိုင်ငံတော်သမ္မတဦးစီးသည့် အုပ်ချုပ်ရေးအဖွဲ့ (တပ်မတော်အပါ) ဘက်မှ လိုက်လျောပေးခြင်း မရှိခဲ့ဘဲ ၄၃၆ (ခ) ပါ တိုင်းနှင့် ပြည်နယ်များ၏ ဥပဒေပြုရေးနှင့် အခွန်ကောက်ခံခွင့်ပါဇယား (၂) နှင့် (၅) ပါ အချက် (၅၄) ချက်ဖြစ်သည့် ဥပဒေပြုရေးအာဏာနှင့် ဘဏ္ဍာငွေခွဲဝေရေးဘက်ဆီသို့သာ ခွင့်ပြုပေးခဲ့သည်။ ၄၃၆ (က) ဘက်တွင်မူ ပုဒ်မ ၅၉ (ဃ) တစ်ခုကိုသာ ခွင့်ပြုပေးခဲ့သည်။ ထို ၅၉ (ဃ) ပါ စစ်ရေးအမြင်အစား ကာကွယ်ရေးဟုလွှတ်တော်မှ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုကိုလည်း ၄၃၆ (က) ပါ ပုဒ်မဖြစ်၍ ပြည်လုံးကျွတ် ဆန္ဒမဲခံယူအတည်ပြုရန်လုပ်ငန်းကြွေးကျန် ကျန်ရှိနေသေးသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုစဉ်ကတည်းက ခြေဥပြင်ဆင်ရေးကို အဓိက ဆန္ဒမဲဆုပ်ကိုင်ထားသည့် တပ်မတော်ဘက်တွင် ၎င်းတို့သွားမည့် လမ်းကြောင်းကို ချမှတ်ထားဟန်တူသည်။ ယခုအကြိမ် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင်မှ ယခင်က ပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းထားသည့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို လျှော့ချပေးသည့် ပုဒ်မများ (ပုဒ်မ-၂၆၁ အပါအဝင်) ကို ယခုကာလတွင် ၎င်းတို့အနေနှင့်ပင် ပြည်ခိုင်ဖြိုးပါတီနှင့်တွဲကာ တင်သွင်းထားသည်ကို လေ့လာခြင်းအားဖြင့်မှန်းဆ၍ရနိုင်သည်။ သို့အတွက်ဆိုရလျှင် ခြေဥပြင်ဆင်ရေးအတွက် တပ်မတော်အနေနှင့် နှစ်ကာလအပိုင်းအခြား လွှတ်တော်သက်တမ်းကာလအလိုက် ပထမအကြိမ်တွင် မည်သည့်အချက်များ၊ ဒုတိယသက်တမ်းတွင် မည်သည့်အချက်များ၊ တတိယအကြိမ်တွင်မည် သို့သောအချက်များကို ပြင်ဆင်သွားမည်ဟူသော ပြင်ဆင်ရေးစီမံချက် ရှိနေနိုင်သည်။ တစ်နည်းအားဖြင့် ထိုခြေဥပြင်ဆင်ရေးအတွက်ျွသေိ စြေ ရှိနေနိုင်သည်။ သို့သော်ခက်နေသည်မှာ ယနေ့လက်ရှိ အာဏာရ ပါတီနှင့် တိုင်းရင်းသားပါတီတို့ဘက်ကမူ ထိုလမ်းကြောင်းကို မခန့်မှန်း မသိရှိနိုင်သလိုဖြစ်နေသည်။ သို့အတွက် မှန်းဆကာ ဖြစ်နိုင်ခြေရှိသော နည်းများဖြင့် ပုံစံအမျိုးမျိုးချကာ တွက်ချက်ဆောင်ရွက်နေကြခြင်း သဘောကိုလည်း စောကြောမိသည်။ ဤသို့ဖြင့် ခြေဥပြင်ဆင်ရေးပုစ္ဆာမှာ အဖြေနှင့် ဝေးကွာနေသည်။ ယနေ့အချိန်အထိ မှန်းဆမရနိုင်။ မည်သည့်အဖြေရလဒ် ထွက်ပေါ်လာမည်မသိ ဖြစ်နေရ၏။

ဤပုစ္ဆာကို အဖြေထွက်နိုင်ရေးအတွက်ဆိုလျှင် လွှတ်တော်အတွင်း အင်အားကြီးသည့် အဓိက အင်အားစုကြီးနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် တပ်မတော်ကလည်း ခြေဥပြင်ဆင်ရေးအတွက်ဆိုလျှင် အာဏာရပါတီအား လွှတ်တော်ပြင်ပတွင် ၎င်းတို့နှင့်တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းမှပင် အချင်းချင်းတွေ့ဆုံညှိနှိုင်းပြီးမှ လွှတ်တော်အတွင်းပြင်ဆင်ရေးလမ်း ကြောင်းကိုလျှောက်စေချင်သည့် သဘောကိုတွေ့ရသည်။ ယခုသွားနေသည့် လမ်းကိုကြိုက်ပုံမပေါ်။ အမှန်တကယ်သာ လက်ရှိအာဏာရ ပါတီဘက်က ခြေဥပြင်ဆင်ရေးကိစ္စအတွက် လွှတ်တော်အထဲ မတင်သွင်းမီ ညှိနှိုင်းလာလျှင် အထက်တွင် ဆိုခဲ့သည့်သမ္မတ၏လုပ်ပိုင်ခွင့်အာဏာ လျှော့ချရေးပုဒ်မများအပြင် အခြားသော လိုက်လျောနိုင်ခြေရှိသည်များကို လိုက်လျောနိုင်မည့်သဘောရှိသည်။ (အမှန်တကယ်လည်း ၎င်းတို့ဘက်က ထိုပုဒ်မများပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီနှင့်ပေါင်းပြီး လက်မှတ်များကို တပ်မတော်သား ၁၀၀ ကျော် လက်မှတ်ထိုးကာတင်ထား ပြီးဖြစ်သည်။) ယခုသွားနေသည့် လမ်းကြောင်းကဲ့သို့ လွှတ်တော်အတွင်း ပြင်ဆင်ရန် အကြံပြုချက်များစွာရှိသမျှကို လွှတ်တော်အတွင်း ပစ်တင်ပြီး ပွဲဆူသွားစေသည့် ပုံစံကိုမနှစ်မြို့။ ထို့အပြင် လူထုကိုပါ မဲဆွယ်ပြီး ပြင်ပတွင် ထောက်ခံပွဲများပြုလုပ်နေကြသည့် နိုင်ငံရေးကစားပွဲများပုံစံကိုလည်း လားလားမျှသဘောကျပုံမပေါ်သည့် သဘောရှိသည်များကို၊ ဆွေးနွေးချက်များကို ထောက်ရှုခြင်းဖြင့် ခန့်မှန်းမိနိုင်သည်။

အခြားတစ်ဖက်က အာဏာရပါတီအနေနှင့်မူ ရွေးကောက်ပွဲဝင်စဉ်ကပင် လွှတ်တော်အတွင်းတွင် ခြေဥကို ရအောင်ပြင်မည်၊ ထိုသို့ ပြင်မည့်အခါ လူထုအားဖြင့်ပြင်မည်ဟူသောနဂိုရှိရင်းစွဲ ပါတီမူဝါဒ ဦးတည်ချက်၊ ခံယူချက်က ကြီးစိုးထားသည်။ ထိုအကြောင်းမှန်၊ မမှန်ကို ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ လွှတ်တော်အတွင်း တွင် ပြည်ခိုင်ဖြိုးပါတီက ခြေဥပြင်ဆင်ရေးတစ်ကြိမ်ဆောင်ရွက်ခဲ့စဉ်က NLD ပါတီအနေနှင့် လူထုသဘောထား ထောက်ခံချက်လက်မှတ်ပေါင်း ၅ သိန်းကျော်ရယူကာ တင်ပြခဲ့ဖူးသည့်ကိစ္စရှိခဲ့ဖူးသည်။ သို့သော် ထိုနည်းလမ်းမှာမူ ခြေဥပြင်ဆင်ရေးအတွက် ပြဋ္ဌာန်းချက်အရ လမ်းကြောင်းမမှန်သဖြင့် အရေးတယူပြုမူခြင်း မခံခဲ့ရ၍ ထိုပါတီ အတွင်းမှတ်တမ်းဖြင့်သာ ကျန်ရစ်ခဲ့ရဖူးသည်။ ယခုတစ်ကြိမ် အာဏာရ ပါတီအဖြစ် ရှင်သန်ရချိန်တွင်လည်း ထိုနည်းဖြင့်ပင် လွှတ်တော်အတွင်း မှဘုံရည်မှန်းချက်တူသည့် တိုင်းရင်းသားပါတီများဖြင့် ပေါင်းကာ ပြင်ဆင်ရန်အကြံပြုချက်များကို လွှတ်တော်အတွင်းတင်သွင်းကြကာ တိုင်းရင်းသားများ၏ ဆန္ဒကိုပါပြသကြသည်။ ထို့အပြင်လွှတ်တော်ပြင်ပက ထောက်ခံသူများ၏ အချိန်ကိုက်ထောက်ခံဆန္ဒပြပွဲများဖြင့်ပြင်ဆင်ရေးလမ်းကို လျှောက်လှမ်းရန် ဆောင်ရွက်ကြသည်။ သို့သော် အဖြေကား မရေရာ၊ အထက်တွင်ဆိုခဲ့သကဲ့သို့ တွက်နည်းတွက်ဟန်လွဲနေဟန်တူသည်။ ယနေ့အချိန်အထိတော့ အဖြေနှင့်ဝေးကွာနေဆဲပင် ဖြစ်လို့နေသေးသည်။

အခြားတစ်ဖက်တွင်ရှိသည့် လွှတ်တော်အတွင်းမှ တိုင်းရင်းသား ပါတီများဘက်ကိုကြည့်လျှင်လည်း ၎င်းတို့၏မူလရှိရင်းစွဲဆန္ဒမှာလည်း ခြေဥပြင်ဆင်ရေးပင် ဖြစ်ကြသည့်အားလျော်စွာ ၎င်းတို့မှာ မည်သည့် လမ်းကြောင်းမှသွားကြသည်မဆို ၎င်းတို့အနေနှင့် လိုက်ပါလိုကြသည်။ အကြောင်းမှာ ၎င်းတို့ ပါတီများအားလုံးပေါင်းလျှင်ပင် လွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်း မပြည့်ကြသဖြင့် ပြင်ဆင်သည့် မူကြမ်းတစ်ရပ်ဆွဲပြီး သီးခြားတင်သွင်းနိုင်ရေးအတွက်မှာလည်း မဖြစ်နိုင်ကြသည့်အဆုံး အာဏာရပါတီဘက်က ပြင်လိုသည်ဖြစ်ဖြစ်၊ တပ်မတော်ဘက်က ဦးဆောင်၍ပြင်လိုသည်ဖြစ်ဖြစ် ၎င်းတို့အနေနှင့် ပါဝင်ပူးပေါင်းကြရန် အသင့်ရှိနေကြသည်။ ပြင်ဆင်ရေးကို ထောက်ခံကြသည်။ ထိုသို့ပြင်ဆင်ကြသည့်အခါတွင်လည်း ထိုတိုင်းရင်းသားပါတီများအလိုက် ပြင်ဆင်လိုသည့်အချက်များပါဝင်နိုင်မှ ပါဝင်နိုင်မည် ဖြစ်သော်လည်း ၎င်းတို့အနေနှင့်မူ လက်ရှိလွှတ်တော်အတွင်းပြင်ဆင်ရေးခရီးကို အဆင်ပြေချောမွေ့စေချင်ကြသည်။ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်ဦးရေ ရာခိုင်နှုန်း ၈၃ ရာခိုင်နှုန်းကျော်ရှိသည့် အင်အားစုကြီး နှစ်ရပ်ကို ပူးပေါင်းညှိနှိုင်းပြီး ပြင်ဆင်စေချင်ကြသည်ဆိုသည်ကို ၎င်းတို့ ဆွေးနွေးချက်များကို ထောက်ရှုခြင်းဖြင့် သုံးသပ်ကြည့်၍ရသည်။

သို့အတွက် အထက်တွင် ဖော်ပြခဲ့သမျှအပေါ် ပြန်ကောက်ချက်ဆွဲရလျှင် ဤသို့သော အခြေအနေများကို လက်ရှိအာဏာရပါတီအနေနှင့် သိကောင်းသိပြီးဖြစ်နိုင်မည်။ ပြီးခဲ့သည့် သီတင်းပတ်က လတ်တလော လွှတ်တော်အတွင်းကိုယ်စားလှယ် ၄၁ ဦးတို့ ဆွေးနွေးသွားချက်များထဲက ဝေဖန်ထောက်ပြသွားသည့် အချို့သော ဆွေးနွေးချက်များကိုလည်း ကြားသိပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့သောလွှတ်တော်ကိုယ်စားလှယ် များဆွေးနွေးထောက်ပြသွားသကဲ့သို့ လွှတ်တော်သည် နိုင်ငံရေးစင်မြင့် မဟုတ်၊ မတူကွဲပြားမှုများကို တွေ့ဆုံညှိနှိုင်းအဖြေရှာရန်နေရာသာ ဖြစ်သည်ဆိုသကဲ့သို့ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်း (Negotiations) လမ်းကြောင်းကိုသာ ရွှေးချယ်သင့်ကြသည်။ 

နိဂုံးချုပ်အားဖြင့် တိုက်တွန်းလိုသည်မှာ ယခုလွှတ်တော်အတွင်း လျှောက်လှမ်းနေကြသည့် ခြေဥပြင်ဆင်ရေးခရီးကို အမှန်တကယ်သာ အောင်မြင်စွာဖြတ်သန်းလိုကြပါလျှင် အာဏာရပါတီနှင့် တပ်မတော်ဟူသည့် အဓိက အင်အားစုကြီးနှစ်ရပ်အကြား၊ လွှတ်တော်တွင်းမှ ပါတီများ အချင်းချင်းအကြား၊ တိုင်းရင်းသားအချင်းချင်းတစ်ဦးနှင့်တစ်ဦးအကြား စေ့စပ်ဆွေးနွေးခြင်း;(Negotiation)၊ ကြားဝင်ဖျန်ဖြေခြင်း (Mediation)၊ သံတမန်နည်းလမ်းဖြင့်ဆောင်ရွက်ခြင်း (Diplomacy) နှင့် သူ့ဘက် ကိုယ့်ဘက်အပြန်အလှန်နားထောင်ပေးခြင်း (Listening) တို့ရှိမှသာလျှင် နှစ်ဦးနှစ်ဖက် အပြည့်အဝနားလည်ယုံကြည်မှု (Full.Undrestanding) ကို ရရှိလာနိုင်မည်ဖြစ်ကာ နတ်၊ လူ အများလည်း သာဓုခေါ်ဆိုနိုင်ကြမည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက်ဆိုလျှင် စိတ်အားထက်သန်မှု (Willingness)၊ ကျွမ်းကျင်မှု (Skill)၊ လုပ်ရဲကိုင်ရဲသည့် သတ္တိရှိမှု (Courage)၊ အပြုသဘောဆောင်မှု (Constructive)၊ အပေးအယူရှိမှု (Compromise) နှင့် ပြုပြင်ပြောင်းလဲမှုအတွက် အလျှော့အတင်း စိတ်ထားရှိတတ်မှု (Flexibility) တို့ အထူးလိုအပ်မည်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားလိုက်ရပါသည်။


သန်းဖြိုးနိုင်