News

POST TYPE

OPINION

သတိထားရမယ့် ခါတော်မီ အမုန်းစကား ဘေး
23-Aug-2019



ဘေးအန္တရာယ်ဆိုတာ သဘာဝကြောင့် ဖြစ်လာတဲ့ သဘာဝဘေးရှိသလို လူတွေကြောင့် ဖြစ်လာတဲ့ ဘေးဟူ၍ အဓိကအားဖြင့် နှစ်မျိုးနှစ်စား ရှိပါတယ်။ တားဆီး ဟန့်တားလို့ မရတဲ့ သဘာဝကပေးတဲ့ ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးတွေကြောင့် လူတွေ ဒုက္ခရောက်ကြရသလို လူလုပ်ဘေးတွေကြောင့်လည်း ဒုက္ခရောက်ကြရပါတယ်။ ယခုအခါ လူမှုကွန်ရက်ပေါ်က အမုန်းစကားများကိုလည်း ဘေးတစ်ခုအနေနဲ့ စာရင်းထည့်ရမလို ဖြစ်နေပါတယ်။

ဒီတော့ Hate speech လို့ အများသိကြတဲ့ အမုန်းစကားဆိုတာ ကျား-မ (လိင်)၊ မျိုးနွယ်ဗီဇ၊ ဘာသာရေး၊ လူမျိုးရေး၊ ကိုယ်ကာယ မသန်စွမ်းမှု၊ လိင်လှုံ့ဆော်မှု စတာတွေနဲ့ ပတ်သက်ပြီး လူတစ်ဦးဦးကို နစ်နာအောင် စကားလုံးဖြင့် တိုက်ခိုက်ပြောဆိုခြင်းလို့ ဆိုပါတယ်။ တချို့နိုင်ငံတွမှာတော့ အမုန်းစကားဆိုတာ သွေးထွက်သံယို အကြမ်းဖက်မှု ဖြစ်လာမှာစိုးလို့ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကို အကာအကွယ်ပေးထားတဲ့ စကားပြောဆိုမှု၊ ကိုယ်လက်အမူအရာ၊ အရေးအသား ဒါမှမဟုတ် တားမြစ်ထားတဲ့အရာတွေကို ရေးသားဖော်ထုတ် ပြသတာကို ဆိုလိုတယ်လို့ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံ၌ လူမှုကွန်ရက် တွင်ကျယ်လာနေတဲ့ ယနေ့ခေတ်မှာ ဖြစ်စဉ်တစ်ရပ်ရပ် အထူးသဖြင့် ဝိဝါဒကွဲစရာ အခြင်းအရာများ ဖြစ်လာတဲ့အချိန်မှာ ခါတော်မီအမုန်းစကားတွေ ပျံ့နှံ့ရောက်ရှိလာတာကို သတိထားကြည့်ရင်တွေ့ရပါလိမ့်မယ်။ လူမှုကွန်ရက်မှာ အမုန်းစကားပြောဖို့ အားသန်သူတွေက နိုင်ငံတွင်း တည်ငြိမ်အေးချမ်းနေရင် အမုန်းစကားပြောဖို့ အခွင့်အလမ်းမရတာမို့ ဖြစ်စဉ်တစ်ခုခု၊ မတည်ငြိမ်မှုတစ်ခုခု၊ ဝိဝါဒကွဲစရာ အကြောင်းအရင်းတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ အမုန်းစကားတွေက ဘယ်ကနေ ဘယ်သူတွေကနေ ဖြန့်ချိနေမှန်း မသိအောင် ပေါ်ထွက်လာပါတော့တယ်။ သူတို့တွေဟာ သူတို့ဝန်းရံတဲ့ဘက်ကို ချီးကျူး ဂုဏ်ပြုစကားတွေဆိုကြသလို မလိုလားတဲ့ တစ်ဖက်အဖွဲ့အစည်းကို သတင်းတု၊ သတင်းအမှားတွေနဲ့ အမြင်ဝေ၀ါးအောင် ပုံမှားရိုက်၊ ပုံဖျက် ပြီးတော့ သွေးမဆူဆူအောင် ဖန်တီးနေကြသလားလို့တောင် သုံးသပ်ရမလို ဖြစ်နေပါတယ်။

အားလုံးသိတဲ့အတိုင်း ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် DSTA အပါအဝင် နေရာ ၅ နေရာကို မြောက်ပိုင်းညီနောင်အဖွဲ့ ၃ ဖွဲ့က တိုက်ခိုက်တဲ့သတင်းကို မြန်မာပြည်သူအားလုံးနီးပါး သိရှိပြီး ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းပဲ တစ်နိုင်ငံလုံးသို့ အဲဒီသတင်းပျံ့နှံ့ရောက်ရှိကာ လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တချို့ကလည်း အံ့ဩကုန်ကြတယ်။ တချို့ကလည်း အားမလို အားမရ ဒေါသထွက်ကြတယ်။ တချို့ကလည်း ဝမ်းနည်းကြေကွဲကြတယ်။ တချို့အနီးအနား နေသူများက စိုးရိမ်ထိတ်လန့်ကုန်ကြတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တိုက်ပွဲထဲ လူသေတာကို လက်ခမောင်း ခတ်တဲ့သူတွေ ထူးထူးခြားခြား တွေ့ရသလို ဒီလိုမျိုးဖြစ်စဉ်ဖြစ်သွားတဲ့အပေါ် ပြစ်တင်ရှုတ်ချသူတွေ၊ စိုးရိမ်ကြသူတွေကိုလည်း တွေ့ရပါတယ်။ ရာနှုန်းအားဖြင့် တိုင်းတာကြည့်မယ်ဆိုရင် အမုန်းစကားပြောသူကများနေပါတယ်။

စာရေးသူက နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေသူမို့ ဒီဖြစ်စဉ်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ တာဝန်ရှိအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေ အပါအဝင် ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေကို လူမှုကွန်ရက်နဲ့ ယုံကြည်စိတ်ချရတဲ့ တချို့သော သတင်းဌာနတွေကတစ်ဆင့် လေ့လာဖြစ်ပါတယ်။ 

ဒီလို လေ့လာတဲ့အခါ အများအားဖြင့် အမုန်းစကား ပြောကြတဲ့ အစုအဖွဲ့တွေကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ အမုန်းစကား ပြောတဲ့သူတွေရဲ့ ထုံးစဉ်အတိုင်း အကောင့်အတုတွေကို အများစု အသုံးပြုကာ အုံနဲ့ကျင်းနဲ့ ပေါ်ထွက်လာတာက စိုးရိမ်စရာကောင်းပါတယ်။ စိတ်ပျက်စရာလည်း ကောင်းပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်ပလက်ဖောင်းမှာ ဘယ်ကနေစတင်လာမှန်းမသိတဲ့ အမုန်းစကားတွေက ထူးခြားဖြစ်စဉ်နဲ့အတူ တရစပ်နောက်က လိုက်လာပြီးတော့ ဖြစ်စဉ်ရဲ့ပကတိအခြေ အနေထက် ဖွသတင်းတွေနဲ့ အမုန်းတရားလှိုင်းကြီးက တလှိမ့်လှိမ့် ရိုက်ခတ်နေပါတယ်။ စိတ်ချယုံကြည်ရတဲ့ မီဒီယာတွေက သတင်းအမှန် တွေကို အချိန်နှင့် တစ်ပြေးညီ တင်ဆက် ထုတ်လွှင့်နေသော်လည်း သတင်းပျံ့နှံ့ရောက်ရှိမှုက အမုန်းစကားတွေလောက် မမြန်ဆန်တာကို တွေ့ရပါတယ်။ အမုန်းစကားတွေ ပျံ့နှံ့လွယ်တာကို ကြည့်ခြင်းအားဖြင့် အမုန်းစကားကို လက်ခံဖြန့်ဝေနေသူတွေ ဘယ်လောက်များနေသလဲ တွေးစရာ ဖြစ်လာပါတယ်။

တစ်ဖက်၌လည်း နိုင်ငံရေးရှုထောင့်က နိုင်ငံရေးတိုက်ကွက်ဖော် လိုသူတွေက မဟုတ်မမှန် သတင်းလိမ်၊ သတင်းတုတွေနဲ့ ဖြန့်ချိ ရေးသားကြတာကို တွေ့ရပါတယ်။ လူအများစိတ်ဝင်စားနေတဲ့အချိန်၊ လူအများ အာရုံစိုက်နေတဲ့အချိန်မှာ လီဆယ်လံကြုတ်တဲ့ သတင်းတွေနဲ့ အာရုံပြောင်းဖို့ တစ်နည်းအားဖြင့် ပါတီတစ်ရပ်ကို ထောက်ခံနေသူတွေကို မထောက်ခံအောင်၊ အဖွဲ့အစည်းတစ်ရပ်အပေါ် ကန့်ကွက်သူတွေကို ထောက်ခံလာအောင် နိုင်ငံရေးလှိုင်း ပို့လွှတ်သူတွေလည်း တွေ့ရပြန်ပါတယ်။ အဲဒီလို ဖြန့်ဝေတဲ့နေရာမှာ ခိုင်မာတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မပါဘဲ သတင်းဖတ်ပြည်သူကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြတာလည်း တွေ့လာရပါတယ်။

စာရေးသူတို့နိုင်ငံမှာ တကယ်တော့ ဒီလို အမုန်းစကား ပြောကြတာဟာ ခုလို ပြင်ဦးလွင်ကိစ္စမှ မဟုတ်ပါဘူး။ ရခိုင်ဘက်မှာ တိုက်ပွဲဖြစ် တုန်းကလည်း နှစ်ဖက်လူ့အဖွဲ့အစည်းတွေက အမုန်းစကားတွေ ရက်ရှည်လများ ပြောကြလို့ လူမျိုးရေးအဓိကရုဏ်းဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်နဲ့ ရခိုင်ပြည်နယ် မြို့နယ် ၈ ခုကျော်မှာ အင်တာနက်ပိတ်ခဲ့ရတဲ့ အထိပါပဲ။ ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။

နိုင်ငံသားအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်တုန်းကလည်း ပြောခဲ့ကြတာပဲ။ ဆိုရရင် တစ်ဖက်နဲ့တစ်ဖက် သဘောထားကွဲလွဲစရာ ကိစ္စရပ်တိုင်းမှာ အမုန်းစကားတွေက ရုတ်ခြည်း ရောက်လာတာဟာ ဘယ်လိုမှ အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမူတော့ မဟုတ်ပါဘူး။ အားလုံး သတိထားရမယ့် အရေးကိစ္စတစ်ရပ်အနေနဲ့ ထင်ရှားလာနေပါတယ်။ 

အဓိကအားဖြင့် အဖွဲ့အစည်းတွေရဲ့ အဓိက တာဝန်ရှိ ပုဂ္ဂိုလ်တွေထက် သူတို့ကို ထောက်ခံဝန်းရံနေသူတွေက အဲဒီအဖွဲ့အစည်းရဲ့ အာဘော်၊ သဘောထားလိုလို ဟန်ဆောင်ပြီးတော့ ပြောကြဆိုကြတာ တွေ့ရပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင် အဲဒီလိုအမြင်၊ သဘောထားတွေ ရှိချင်မှ ရှိပါလိမ့်မယ်။ ထောက်ခံသူ၊ ဝန်းရံသူတွေကတော့ သူတို့ယုံကြည်ရာ အဖွဲ့အစည်းဘက်ကနေ ကာကွယ်ပြောဆိုတာတို့၊ တစ်ဖက် အဖွဲ့အစည်းကို စော်ကားပုတ်ခတ်တာတို့ လုပ်ဆောင်ကြတာတွေက မီးခဲကြားမှာ ဓာတ်ဆီဘူးကို သယ်နေသလို ဖြစ်နေပါတယ်။ အချိန်မရွေး ထလောင်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။

ဒီလို အပြုအမူ ဆောင်ရွက်ချက်တွေဟာ ပြဿနာကို မီးလောင်ရာ လေပင့်သလို ဖြစ်စေရုံသာမက ပွဲမဆူ ဆူအောင် လုပ်နေသလားတောင် ထင်ရပါတယ်။ ဒါက သတိမထားရင် သာမန်ကာလျှံကာ ကိစ္စလို့ ထင်ရပေမယ့် အမှိုက်ကအစ ပြာသာဒ်မီးလောင်လာခဲ့ရင် နစ်နာရမှာက နှစ်ဖက်အဖွဲ့အစည်းသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ပဲဖြစ်စေ တစ်စုံတစ်ရာ ရိုက်ခတ်မှုရှိပါတယ်။ ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာယူစရာ သာဓကတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ရခိုင်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၂ ပဋိပက္ခတွေဟာ အမုန်းစကားတွေက တွန်းပို့လိုက်တဲ့ လူမှုထိခိုက်မှု၊ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အမုန်းစကားတွေ ဖြစ်တည်လာမှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာတဲ့အခါ အခြေခံအကြောင်းအချက် (၃) ခုကို တွေ့ရပါတယ်။ ပထမအချက်က အမုန်းစကားပြောသူတွေဟာ ပြဿနာတစ်ရပ်အပေါ် တစ်ဖက်သတ် လိုရာဆွဲတွေးပြီး မိမိထိုးနှက်လိုတဲ့ အဖွဲ့အစည်းဆီ ဦးတည်တိုက်ခိုက်ကြတာ တွေ့ရပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ယထာဘူတကျကျ မျှမျှတတ မတွေးခေါ်ဘဲ လိုတဲ့အချက်ပဲ ကွက်ယူ၊ ပြီးတော့ ဝေဖန်စွပ်စွဲ၊ ဖြန့်ချိရေးသားကြတာက အများစု ဖြစ်ပါတယ်။ 

ဒုတိယအချက်က ဖြစ်စဉ်အဟောင်းတွေကို ပုံသွင်းပြီးတော့ ဖြစ်စဉ်အသစ်ကို ပုံတူရေးဆွဲကြတာပါပဲ။ ဒီလုပ်ဆောင်ချက်ဟာ သာမန် စာဖတ်သူများအတွက် သံသယဖြစ်ဖွယ် ယုန်ထင်ကြောင်ထင် ဖြစ်စေပြီး တိမ်းညွတ်လာအောင် ကောက်ချက်ဆွဲကြတာတွေ့ရပါတယ်။ တစ်ချိန်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ပုံစံလိုလို ပုံမှားရိုက်ကာ ပဋိပက္ခတစ်ရပ်ဆီ တွန်းပို့နေတဲ့ ဆောင်ရွက်ချက်တွေအဖြစ် ရှုမြင်မိပါတယ်။ ဒီလိုအချိန်မှာ သာမန်စာဖတ်သူများကလည်း သတင်းဟောင်းကို သတင်းအသစ်လို့ ထင်မှတ်ပြီးတော့ ရေးကြ၊ ပြောကြ၊ ဆဲကြ၊ ဆိုကြနဲ့ မြေပြင်တင်းမာမှုတွေထက် ဆိုရှယ်မီဒီယာပေါ် တင်းမာမှုက အတော်လေးကြီးမားပါတယ်။ ဒီလို အမုန်းစကားကြောင့် ဖြစ်လာတဲ့ တင်းမာမှုတွေက ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဆီ ဦးတည်နေတာထက် ရန်လိုရန်စွယ်တဲ့ လူ့အဖွဲ့အစည်းကို တွန်းပို့နေတယ်လို့ မြင်ပါတယ်။

တတိယတစ်ချက်ကတော့ အရေးကြီးပါတယ်။ ငါနဲ့ မတူ၊ ငါ့ရန်သူ ဆိုတဲ့ စဉ်းစားတွေးခေါ်နည်းကို အခြေခံတာ တွေ့ရပါတယ်။ စာရေးသူတို့ နိုင်ငံက လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို အပြည့်အဝ လက်မခံနိုင်သေးတဲ့ အနေအထားမှာ အမုန်းစကားတွေ တားမရဆီးမရ ပေါက်ရောက် ရှင်သန်နိုင်ကြပါတယ်။ တကယ်တော့ ဒီမိုကရက်တစ်နိုင်ငံတစ်ခုမှာ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာဟာ ဒီမိုကရေစီ အလေ့အကျင့်တော့ မဟုတ်ပါဘူး။ ငါနဲ့ မတူပေမယ့် တစ်ဖက်ရဲ့ သဘောထား၊ အမြင်၊ သုံးသပ်ချက်ကို အသိအမှတ်ပြု လေးစားတတ်ဖို့ အရေးကြီးပါတယ်။ တစ်ဖက်ရဲ့ သဘောထားကို လက်မခံနိုင်ဘူးဆိုတောင်မှ အပြုသဘော ဆွေးနွေးအကြံပေးတာတွေပဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ ကိုယ့်အမြင်၊ သဘောထားနဲ့ မကိုက်ညီဘူးဆိုတိုင်း အမုန်းစကားတွေ ပြောနေမယ် ဆိုရင် အမုန်းစကားတွေကနေ ရန်ပွဲ၊ ရန်ပွဲများမှသည် စိတ်ဝမ်းကွဲခြင်းဆီ ဦးတည်သွားမှာဖြစ်ပြီး အချင်းချင်း မသင့်မြတ်မှုတွေကိုပဲ အကျိုးဆက်အနေနဲ့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ 

နဂိုကတည်းက တစ်ဖက်သတ် ယုံကြည်ချက်တွေနဲ့ စိတ်ဝမ်းကွဲလွယ်တဲ့ စာရေးသူတို့နိုင်ငံမှာ ခုလိုမျိုး အမုန်းစကားတွေကို မထိန်းသိမ်းနိုင်ဘူး၊ မတားဆီးနိုင်ဘူးဆိုရင် ရှေ့အနာဂတ်မှာ မတွေးဝံ့စရာ နိုင်ငံရေးပွတ်တိုက် မှုများ ဖြစ်လာမလားလို့ သုံးသပ်မိပါတယ်။ အမုန်းစကားတွေကို သက်ဆိုင်ရာ ပင်ရင်းအဖွဲ့အစည်းများကလည်း သူတို့ရဲ့ ထောက်ခံသူ၊ ဝန်းရံသူတွေကို ထိန်းနိုင်တဲ့ နည်းလမ်းတွေသုံးကာ တားဆီးဖို့တော့ လိုပါလိမ့်မယ်။ သို့မဟုတ်ရင် နိုင်ငံရေးအင်အားစုတွေကြား အပြင်ကပြောတဲ့ အမုန်းစကား တွေကြောင့် ယုံကြည်ချက်တွေ ပိုအလှမ်းဝေးသွားမှာ စိုးရိမ်မိပါတယ်။ အဓိက နိုင်ငံရေးဇာတ်ကောင်တွေကြား သဘောထား အရမ်းဟသွားရင်ဖြင့် ဆွေးနွေးအဖြေရှာရမယ့် နိုင်ငံလုံးဆိုင်ရာကိစ္စတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတဲ့ ရေးရာတွေမှာ တူညီတဲ့ချဉ်းကပ်မှုနဲ့ နှစ်ဖက်လက်ခံနိုင်မယ့် အဖြေကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ပိုပြီးတော့ ရပ်တည်ချက်တွေ ဝေးသွားရင် ဘယ်လိုမှကောင်းကျိုးဖြစ်ထွန်းမယ်လို့လည်း မထင်ပါဘူး။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား နဂိုမူလက မကျေနပ်ချက်တွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အနေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားအယူအဆတွေ နီးကပ်လာရမယ့်အစား လူမှုကွန်ရက် တွင်ကျယ်လာပြီးနောက် အမုန်းစကားတွေ ပြောကြတဲ့အခါ ပိုမိုဝေးသွားအောင် နောက်ကွယ်က တွန်းပို့နေသလို ဖြစ်နေပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိပုဂ္ဂိုလ်မှာ သဘောထား ပြင်းထန်ချင်မှ ပြင်းထန်မယ်။ သို့ပေမဲ့ အဲဒီအဖွဲ့အစည်းကို ဝန်းရံသူတွေရဲ့ အမုန်းစကားတွေကြောင့် အဲဒီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်လား၊ သဘောထားတွေလား ဆိုပြီး လူတွေရဲ့ စိတ်ထဲ အမြင်မှုန်ဝါးဝါး ဖြစ်ရပါတယ်။ 

ဒီတော့ တင်းမာနေတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်သင့်မြတ်လာစေဖို့ အစိုးရတစ်ရပ်မှာချည်း တာဝန်ရှိတယ်လို့ ယူဆသူလည်း ရှိကောင်း ရှိနိုင်ပေမယ့် အမျိုးသားသင့်မြတ်ရေးလုပ်ငန်းစဉ်ဟာ နိုင်ငံအတွင်း နေထိုင်တဲ့ ဘာသာအသီးသီး၊ လူမျိုးအသီးသီးရဲ့ အလွှာစုံ လူတန်းစားတစ်ရပ်လုံးက လေးလေးနက်နက် သတိပြုလုပ်ဆောင်ရမယ့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ယုတ်စွအဆုံး ကြီးကြီးမားမား မလုပ်နိုင်ရင်တောင် အမုန်းစကားတွေ မင်းလည်း မပြောနဲ့၊ ငါလည်း မပြောဘူးဆိုတဲ့ အခြေခံကျင့်ဝတ်တစ်ခုလို စောင့်ထိန်းရမယ့် အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီလို့ ယုံကြည်မိပါတယ်။ သို့မဟုတ်ဘဲ ထိလွယ်ရှလွယ်တဲ့ အနေအထားကနေ ပေါက်ကွဲလွယ်တဲ့ အခြေအနေထိ ရောက်သွားရင် ဘယ်သူ့အတွက်မှ အကျိုးရှိနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် အားလုံး ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံလိုပါတယ်။

ခက်နေတာက အမုန်းစကားမပြောဖို့ တိုက်တွန်းသူတွေကို ရွှေပြည်အေး တရားဟောတယ်လို့ ဆိုသူက ဆိုကြပါတယ်။ မည်သို့ဆိုစေကာမှု အဓိကက လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာစေချင်ရင် စာရေးသူတို့အနေနဲ့ အမုန်းစကား မပြောကြဖို့ လိုပါတယ်။ နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ပြဿနာများအပေါ် ပြေလည်စေရေးအတွက် အထောက်အပံ့ မဖြစ်စေဘဲ မိမိကြောင့် ပြဿနာ တစ်စုံတစ်ရာ ကြီးထွားသွားရင် ဒါဟာ နိုင်ငံ့သားကောင်းတစ်ဦးရဲ့ အပြုအမူလို့ သတ်မှတ်လို့ရမှ မဟုတ်ပါဘူး။ ခက်ခက်ခဲခဲရလာတဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အမုန်းစကားနွံထဲမှာ မနှစ်မြှုပ်ပစ်ဖို့ လိုပါတယ်။ အမုန်းစကားတွေ ကျောခိုင်းပြီး ငြိမ်းချမ်းစေတဲ့အတွေး၊ ငြိမ်းချမ်းစေတဲ့ အရေးအသားကို ပြောဆိုရေးသားကြပြီးတော့ ငြိမ်းချမ်းတဲ့ မြန်မာပြည်ကို အတူတကွ တည်ဆောက်ကြရအောင်လားဗျာ။ လူတွေ ဖန်တီးတဲ့ ခါတော်မီ အမုန်းစကားဘေးမှ ကင်းဝေးကြပါစေလို့ နိဂုံးချုပ် ဆုတောင်းလိုက်ရပါ တယ်။ 

သားညိုထွေး