News

POST TYPE

OPINION

မြန်မာပြည် စစ်ပွဲတွေကများ ပြည်သူနှင့် ရဲဘော်တွေကပြား (Daily, Vol-7/No-115)
22-Aug-2019
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များတွင် AA, TNLA နှင့် MNDAA အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆိုရှယ်မီဒီယာများတွင် ယင်းတိုက်ပွဲများနှင့် ပတ်သက်သောသတင်းများကို Share ကြရာ၌ တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ ဆဲဆိုမှုများကို ထုံးစံအတိုင်းတွေ့မြင်ရပါသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဆိုရှယ်မီဒီယာ အသုံးပြုသူအများစုအကြား တူညီသည့်အမြင် သို့မဟုတ် သဘောဆန္ဒတစ်ခုကို အမှတ်မထင် တွေ့မြင်လာရပေသည်။

ယင်းမှာ စစ်ပွဲများကြောင့် အမြတ်ထွက်သူနှင့် အရှုံးပေါ်သူများ ကိစ္စပင်ဖြစ်ပါသည်။ ကာလကြာရှည်စွာ မပြီးပြတ်နိုင်သေးသော ပြည်တွင်းစစ်ကြီးတွင် အပြန်အလှန် တိုက်ခိုက်နေကြသည့် စစ်အုပ်စုများကြောင့် အောက်ခြေမှ ရဲဘော်ရဲဘက်များ (စစ်သားများ) နှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် အပါအဝင် လူမှုဘဝများ အလွန်အကျွံ ထိခိုက်ခဲ့ရသော်လည်း စစ်ကြောင့် သေချာပေါက်အမြတ် ထွက်ခဲ့သူများရှိနေသည်ဟူသောအချက်ကို လက်ခံနားလည်လာကြခြင်းဖြစ်ပေသည်။

နိုင်ငံတကာတွင် စစ်နှင့်ပတ်သက်သည့် နာမည်ကျော်ရှေးဟောင်းဆိုရိုး တစ်ခုရှိပါသည်။ “War Is Young Men Dying and Old Men Talking” ဟူ၍ဖြစ်သည်။ ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ စီနီယာကြီးများ စစ်ပွဲအကြောင်းပြောပြီး ရာထူးဂုဏ်ဒြပ်စသည့် အဆင့်အတန်းတွေ မြင့်တက်သွားကြသည်မှာမှန်သော်လည်း အောက်ခြေမှ လူငယ်လူရွယ်များမှာ သေကျေပျက်စီးရစမြဲသာဖြစ်သည်ဟု အဓိပ္ပာယ်ရပေလိမ့်မည်။

စစ်ပွဲနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် တွေ့ကြုံဖြတ်သန်းမှုအလိုက် အဓိပ္ပာယ် အမျိုးမျိုးရှိမည်ဖြစ်သော်လည်း စစ်ပွဲများအမှန်တကယ် အဆုံးသတ်ရေးအတွက်ဆိုလျှင်မူ အထက်ပါစကားပုံအရ ထိပ်ပိုင်းမှပုဂ္ဂိုလ်များတွင် တာဝန်အရှိဆုံးဟု ဆိုရပေမည်။

စစ်တမ်းကောက်ယူထားခြင်းမရှိသော်လည်း ယနေ့ ဒီမိုကရေစီခေတ်တွင် မြန်မာပြည်သူ အများစုသိလိုသည့်ကိစ္စများအနက် ငြိမ်းချမ်းရေးလည်းပါဝင်သည်ဟု ဆိုချင်ပါသည်။ “မြန်မာပြည်မှာ စစ်ပွဲတွေ ဘယ်တော့ရပ်မလဲ”ဟု မေးလျှင် အမြဲပင် မရေရာ၊ မသေချာသဘောနှင့်သာ ပြီးသွားလေ့ရှိပေသည်။ ယခုဆိုလျှင် ပိုဆိုးလာပေသည်။ မြန်မာပြည်နေရာအတော်များများတွင် အညိုရောင်နယ်မြေများ တဖြည်းဖြည်းချင်းတိုးလာသည် မဟုတ်ပါလော။

မြန်မာပြည်အရှေ့ဘက်၊ မြန်မာပြည်အနောက်ဘက်၊ မြောက်ဘက် စသည်ဖြင့် တိုက်ပွဲမဖြစ်ဖူးသည့်နေရာ မရှိသလောက်ရှိသွားပြီဖြစ်သော်လည်း တိုက်ပွဲများ တစ်လှည့်စီ၊ တစ်လှည့်စီပြန်ပေါ်နေရသည့် ပြဿနာအဆုံးသတ်ရေးအတွက် ထိပ်ပိုင်းခေါင်းဆောင်များအားလုံး အဖြေပေးချိန်တန်ပြီဟု ထင်ပါသည်။ 

အမိမြေကို ကျူးကျော်စော်ကားလာသော ပြည်တွင်း၊ ပြည်ပရန်သူကို ချေမှုန်းခြင်းသည် တရားသောစစ်ပွဲဟု စစ်သွေး၊ စစ်မာန်ဖြင့်ဆိုပါက အမှန်တရားတစ်ခုဟု ယူဆကောင်းယူဆနိုင်သော်လည်း တကယ့်လက်တွေ့တွင်မူ ပစ်မိန့်ကိုနာခံကြရသည့် ရဲဘော်စစ်စစ်များနှင့် ပစ်ကွင်းကြားတွင် ပြေးလွှားကြရသော တိုင်းရင်းသားပြည်သူ (လူထု) စစ်စစ်တို့သာ အမေ့ခံဘဝဖြင့် အဆုံးသတ်ကြရစမြဲပင် မဟုတ်ပါလော။

အဓိကဆိုလိုသည်မှာ စစ်ပွဲမှန်သမျှ မည်သည့်စစ်ပွဲမှ ဂုဏ်ယူဝင့်ကြွားစရာ မရှိကြောင်းနှင့် ရခိုင့်ပြည်မှ တိုက်ပွဲများအပါအဝင် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအနေနှင့် မိမိတို့လက်အောက်က စစ်မှန်သည့်စစ်သားနှင့် စစ်မှန်သည့်လူထု၏ အကျိုးစီးပွားကို အမှန်တကယ် ရှေ့တန်းတင် စဉ်းစားရတော့မည်ဖြစ်ကြောင်း အထူးပင် မေတ္တာရပ်ခံလိုပေသည်။

အယ်ဒီတာ (၂၂-ဝ၈-၂၀၁၉)