News

POST TYPE

OPINION

မေးခွန်းအားလုံး ဖြေဆိုပါ
22-Aug-2019



မူလတန်းကတည်းက စာမေးပွဲတွေ ထပ်ခါတလဲလဲ ဖြေလာလိုက်တာ ဒီကနေ့အချိန်အထိ ဖြေဆိုဖူးတဲ့ စာမေးပွဲပေါင်း ဘယ်လောက်ရှိမှန်းတောင် မမှတ်မိတော့ပါဘူး။ တချို့ မေးခွန်းလွှာတွေက “အောက်ပါတို့အနက် နှစ်သက်ရာဘယ်နှပုဒ်ကို ဖြေဆိုပါ” ဆိုတဲ့ ခေါင်းစီးမျိုးနဲ့လာသလို၊ “အောက်ပါတို့အနက် တစ်ခုကို စာစီကုံးပါ” ဆိုတဲ့ မေးခွန်းလွှာမျိုး ကြုံရတတ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့်ကတော့ မေးခွန်းအားလုံးဖြေဆိုပါလို့သာ မေးထားတတ်တာပါ။

နှစ်သက်ရာ ဘယ်နှပုဒ်ဖြေပါဆိုတဲ့ မေးခွန်းလွှာမျိုးနဲ့ကြုံရပြီဆိုရင်တော့ ပျော်ပြီပေါ့လေ။ မေးထားတာ ဘယ်နှပုဒ်လဲ၊ ဖြေရမှာက ဘယ်နှပုဒ် လဲဆိုတာကြည့်ပြီး ကိုယ်အပိုင်နိုင်ဆုံးဖြစ်မယ်ထင်တဲ့မေးခွန်းကို ရွေးဖြေလို့ ရတာမို့ပါ။ မေးခွန်းအားလုံး ဖြေဆိုပါဆိုတဲ့ ခေါင်းစီးမျိုးနဲ့ကြုံရင်တော့ မေးသမျှမေးခွန်းတွေကို ကိုယ်ရသမျှလေးနဲ့ ဖျစ်ညှစ်ပြီး ဖြေရုံရှိတော့တာပေါ့။ ဒီအတွေးလေးက လတ်တလောမှာဖြစ်ခဲ့တဲ့ ညွှန်ကြားစာနှစ်စောင်နဲ့ ဆက်နွှယ်ပြီး ဝင်လာတဲ့အတွေးလေးတွေပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့တုန်းက အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားချက်တစ်ခု ထုတ်လိုက်ပါတယ်။ ထုတ်တဲ့စာက ကျောင်းသားတွေ ဆန္ဒဖော်ထုတ်မှုလုပ်တဲ့အခါမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့ အကြောင်းကြားတဲ့စာပါပဲ။ ဒါကလည်း ဘာမှထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီးတော့ ဆန္ဒဖော် ထုတ်မယ်ဆိုရင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတာ အားလုံးသိထားကြ ပြီးဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်းခေါ်ရရင်တော့ ငြိမ်းစုစီဥပဒေပေါ့။

တကယ်ဆို ဒီငြိမ်းစုစီဥပဒေက ၄.၁၀.၂၀၁၆ ရက်နေ့ကျမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေပါ။ သူ့အရင်ကပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတုန်းကဆိုရင် ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ဖို့အတွက် ခွင့်ပြုမိန့်တွေတောင်းခံဖို့လိုသလို တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်ထားတဲ့အပြင် ဖောက်ဖျက်ခဲ့ရင်ကျခံ ရမယ့်ပြစ်ဒဏ်တွေကလည်း လက်ရှိတည်ဆဲဥပဒေမှာ ပြဋ္ဌာန်းထားတာတွေထက် ကြီးလေးပါတယ်။ လက်ရှိ ၂၀၁၆ ဥပဒေကတော့ ဥပဒေနာမည်ကိုက ကွာသွားပါတယ်။ ခွင့်ဆိုတဲ့စကားလုံး မပါတော့ဘူး။ ခွင့်ပြုမိန့်တောင်းစရာ မလိုတော့ဘူး။ ကိုယ်လုပ်မယ့်အကြောင်းအရာတွေကို ဖော်ပြပြီး အနည်းဆုံး ၄၈ ကြိုတင်အသိပေးလိုက်ရင် ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်တာဖြစ်တဲ့အတွက် ဒီဟာလေးလောက်တော့ လိုက်နာမှဖြစ်မှာပါ။ အဆင့်မြင့်ပညာက စာထုတ်တယ်ဆိုတာကလည်း ဒီဥပဒေအတိုင်းလိုက်နာဖို့အပြင် ဘာမှထပ်ပြီး တစ်ရစ်နှစ်ရစ် တင်းထားတာမပါပါဘူး။

ဒါပေမဲ့လည်း ဖြစ်ချင်တော့ ဒီညွှန်ကြားစာအပေါ်မှာ ကျောင်းသား သမဂ္ဂအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်တယ်။ သမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဒီဥပဒေက ဖိနှိပ်ရေးဥပဒေတစ်ခုဖြစ်နေတဲ့အတွက် ဒီဥပဒေအပြင် အလားတူဖိနှိပ်တဲ့ တခြားဘယ်ဥပဒေကိုမှ လိုက်နာမှာ မဟုတ်ဘူးဆိုတာမျိုးတွေ ပါနေတယ်။

အနာဂတ်မှာ တိုင်းပြည်တာဝန်ကို ပခုံးပြောင်းယူကြမယ့် ဒီလို လူငယ်တွေမှာ ဒီအတွေးမျိုးရှိနေတာ တော်တော်ကို စိုးရိမ်စရာကောင်းပါတယ်။ ဥပဒေတစ်ခုကို ကိုယ်က သဘောမကျဘူး၊ မနှစ်သက်ဘူးဆိုတာနဲ့ပဲ ဒီဥပဒေကို လိုက်နာဖို့မလိုဘူးလို့ ယူဆတယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးအတွက် အလားအလာမကောင်းပါဘူး။ အထူးသဖြင့် နိုင်ငံရဲ့ ပညာတတ်အသိုင်းအဝိုင်းလို့ ညွှန်းဆိုရမယ့် တက္ကသိုလ်နယ်မြေမှာ ပညာသင်ယူနေကြတဲ့ ခေတ်ပညာတတ် လူငယ်လူရွယ်လေးတွေရဲ့စိတ်ထဲမှာ ဒီအတွေးမျိုးဝင်ရောက်နေတာဟာ အနာဂတ်အတွက် စိုးရိမ်မကင်းဖြစ်စရာရှိနေပါတယ်။

ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို အံ့ဩလို့မှမဆုံးသေးခင် အဆင့်မြင့်ပညာဘက်က ဩဂုတ်လ ၁၇ ရက်စွဲနဲ့ မူလအကြောင်းကြားစာကို ပယ်ဖျက်လိုက်ကြောင်း ထပ်ပြီးစာထုတ်လိုက်တော့ ပါးစပ်အဟောင်းသားနဲ့ ပြောစရာစကားတောင် ရှာမရတော့လောက်အောင် အံ့ဩရပြန်ပါတယ်။ မူလစာက ဘာအမှားမှမရှိဘူး။ သက်ဆိုင်ရာ ဥပဒေနဲ့အညီလိုက် နာဆောင်ရွက်ကြဖို့သာ ထုတ်ပြန်ထားတဲ့စာ။ နောက်က ထပ်ထုတ်လိုက်တဲ့ စာကျတော့ စောစောက စာကိုပယ်ဖျက်လိုက်တယ်ဆိုတော့ ဥပဒေကို လိုက်နာစရာမလိုတော့ဘူးဆိုတဲ့သဘောများ သက်ရောက်သွားနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်သွားတယ်။ ဒီလိုဆိုတော့ နောက်ထပ်ထုတ် လိုက်တဲ့စာက မူလဥပဒေကို ကျော်လွန်ဆန့်ကျင်ရာရောက်မနေပေဘူး လားဆိုတာလည်း ဆင်ခြင်စရာ ဖြစ်သွားပါတယ်။ ဒီနေရာမှာ ငြိမ်းစုစီ ဥပဒေအကြောင်းကို အကျယ်တဝင့် မဆွေးနွေးလိုပါဘူး။ တည်ဆဲဥပဒေတွေ အပေါ်မှာ လိုက်နာဆောင်ရွက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီးတော့သာ ဆွေးနွေးမှာဖြစ်ပါတယ်။

လူငယ်တွေက ငယ်သေးတဲ့အရွယ်မို့ ဟိုဥပဒေကိုမလိုက်နာနိုင်ဘူး၊ ဒီဥပဒေကိုမလိုက်နာနိုင်ဘူးလို့ တုံ့ပြန်ကြတာကို နာလည်ပေးလို့ရပေမယ့် ဒီကလေးတွေရဲ့တုံ့ပြန်ချက်အရ လူကြီးတွေထုတ်ထားတဲ့စာတစ်ခုကို ပြန်ဖျက်လိုက်ရတယ်ဆိုတော့ ပျော့ပျောင်းညင်သာမှုသဘောအရ သုံးသပ်ရရင် မဆိုးဘူးလို့ဆိုနိုင်ပေမယ့် တရားဥပဒေစိုးမိုးရေးရှုထောင့်ကကြည့် မယ်ဆိုရင်တော့ သိပ်အဆင်မပြေတဲ့လုပ်ရပ်တစ်ခုလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ကိုယ်မလိုက်နာချင်လို့ ဆိုပြီးတော့သာ မလိုက်နာဘဲနေခွင့်ရမယ် ဆိုရင်တော့ တည်ဆဲဥပဒေလို့ ညွှန်းဆိုနိုင်မယ့်ဥပဒေက သိပ်များများ စားစားတောင် ကျန်တော့မယ်မထင်ပါဘူး။

တကယ်တော့ ဒီလိုမျိုးအတွေးအခေါ်အယူအဆက လူငယ်တွေကြားမှာတင် စိမ့်ဝင်ပျံ့နှံ့နေတာမဟုတ်ပါဘူး။ အသက်အရွယ်ကြီးရင့်နေသူတွေ ထဲမှာလည်း ဘယ်ဥပဒေကတော့ အင်္ဂလိပ်ခေတ်ကပြဋ္ဌာန်းထားတဲ့ ဥပဒေမို့လို့ မလိုက်နာနိုင်ဘူးဆိုတာတွေ၊ ဘယ်ဥပဒေကတော့ ဘယ်အစိုးရ ခေတ်ကပြဋ္ဌာန်းထားခဲ့တာတွေမို့ မလိုက်နာနိုင်ဘူးဆိုတာမျိုးတွေ မကြာခဏ ကြားခဲ့ရဖူးပါတယ်။ ဒါက တကယ့်ကို အံ့စရာကောင်းတဲ့ကိစ္စပါ။

ခေတ်အဆက်ဆက်က ဥပဒေပြုအာဏာကိုင်စွဲသူတွေဟာ သူ့ခေတ် သူ့ကာလနဲ့လျော်ညီတဲ့ဥပဒေတွေကို အသီးသီးပြဋ္ဌာန်းခဲ့ကြတာပါပဲ။ ဒီလို ခေတ်ကာလအဆက်ဆက် ပြဋ္ဌာန်းခဲ့တာဖြစ်တဲ့အတွက် တချို့တည်ဆဲ ဥပဒေတွေဟာ ဒီခေတ်စနစ်နဲ့ သိပ်တော့အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်နိုင်မှာပါပဲ။ ဘာပဲဖြစ်ဖြစ် တည်ဆဲဥပဒေတွေကိုတော့ နိုင်ငံသားအားလုံးက လိုက်နာနေဖို့လိုမှာပါပဲ။ နိုင်ငံသားအားလုံးတောင်မှ ဒီနိုင်ငံမှာနေနေတဲ့ နိုင်ငံသားတွေအပြင် ကမ္ဘာ့နိုင်ငံအသီးသီးကိုရောက်ရှိနေကြတဲ့ ဒီနိုင်ငံသားတွေပါ လိုက်နာကြဖို့လိုတဲ့အပြင် ဒီနိုင်ငံရဲ့နယ်နိမိတ်အတွင်း ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေတောင်မှ မဖြစ်မနေလိုက်နာရမယ့်တာဝန် ရှိပါတယ်။ 

ဟုတ်ပြီ။ တည်ဆဲဥပဒေဖြစ်နေလို့ ကိုယ်ကတော့ လိုက်နာနေရပြီ။ ဒါပေမဲ့ ဥပဒေကြီးက တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ကိုယ်က ယူဆမိသလား။ ဒါဆိုရင် ဒီဥပဒေကို ဘယ်သူက ပြင်နိုင်၊ ဖျက်နိုင်သလဲဆိုတာကို ကြည့်ရမှာပေါ့။ ပြင်နိုင် ဖျက်နိုင်ခွင့်ရှိတဲ့သူတွေရဲ့နားထဲကို ဒီအသံတွေ ရောက်အောင် ပို့ပေးရမှာပေါ့။ တစ်ခုရှိတာက ကိုယ့်အမြင်အရ ဒီဥပဒေက တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ခံစားမိပေမယ့် တကယ့်ဥပဒေပညာ ရှုထောင့်က သုံးသပ်လိုက်တဲ့အခါ၊ တရားဥပဒေစိုးမိုးရေးရှုထောင့်က သုံးသပ်လိုက်တဲ့အခါ ဒီဥပဒေက ဒီအတိုင်းပဲရှိနေသင့်တယ်လို့ ယူဆရင်တော့ ပြင်ပေး၊ ဖျက်ပေးမှာ မဟုတ်ဘူးပေါ့။ သက်ဆိုင်ရာ ဥပဒေပြုအဖွဲ့ အစည်းက မပြင်သေး၊ မဖျက်သေးသမျှတော့ လိုက်နာကြရမှာပါပဲ။ 

ဥပဒေဆိုတာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းရဲ့အမြင်နဲ့ ပြဋ္ဌာန်းထားတာမျိုး မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘယ်လိုသတ်မှတ်ပြဋ္ဌာန်းထားရင်တော့ သင့်လျော်လိမ့်မယ်ဆိုတာကို အဖြစ်သင့်ဆုံး အခြေအနေတစ်ခုအတွက် သုံးသပ်ဆုံးဖြတ်ပြီးတော့မှ၊ အကျယ်တဝင့် ဆွေးနွေးတိုင်ပင်ပြီးတော့မှ ပြဋ္ဌာန်းခဲ့ကြတာပါ။ ဒါ့ကြောင့် တည်ဆဲဥပဒေမှန်သမျှ အားလုံးလိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တချို့က စကားကတ်ပြီး ပြောချင်ပြောပါလိမ့်မယ်။ လက်ရှိဥပဒေတွေကတော့ အများဆန္ဒနဲ့ပြဋ္ဌာန်းထားတာမို့ လိုက်နာရမှာကတော့ ဟုတ်ပါပြီ၊ ဟိုတစ်ချိန်တစ်ခါတုန်းက တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့သဘောနဲ့ သတ်မှတ်ပြဋ္ဌာန်းထားခဲ့တာမို့ အဲ့ဒီခေတ်ကပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမှန်သမျှကို မလိုက်နာနိုင်ဘူးလို့ ပြောချင်ပြောပါလိမ့်မယ်။ သူ့ခေတ် သူ့အခါကလည်း ဥပဒေပြုရာမှာ သက်ဆိုင်ရာဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ ဥပဒေတွေပြဋ္ဌာန်းခဲ့တာ ဖြစ်မှာပါပဲ။

ကိုင်း၊ ကောင်းပြီ။ ဘာပဲပြောပြော ဟိုအရင်ခေတ်တွေတုန်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေကို မလိုက်နာချင်ဘူးပဲထား။ မလိုက်နာချင်တာက ကိုယ့်ဆန္ဒပါ။ လိုက်နာရမယ့်တာဝန်က အားလုံးရဲ့တာဝန်ပါ။ ကိုယ်မလိုက်နာချင်ရင်၊ ကိုယ့်အမြင်အရ မမျှတဘူးလို့မြင်ရင် ဒီကနေ့အချိန်မှာ ဥပဒေပြုလွှတ်တော်ရှိနေပြီဖြစ်တဲ့အတွက် ဥပဒေပြုလွှတ်တော်က တာဝန်ရှိတဲ့သူတွေဆီ အကြံပြုချက်တွေပေးပို့ရမှာပါ။ ဥပဒေပြုလွှတ်တော်ကလည်း ဒီအကြံပြုချက်တွေအပေါ်မှာ အပြန်ပြန်အလှန်လှန် သုံးသပ်ပါလိမ့်မယ်။ ပြင်သင့်တယ်လို့ထင်တာတွေကို ပြင်ပါလိမ့်မယ်။ မပြင်သင့်သေးဘူးလို့ ယူဆတာတွေကို မပြင်သေးဘဲထားပါလိမ့်မယ်။

ဥပဒေပြုရတယ်ဆိုတာကလည်း သိပ်တော့လွယ်တာမဟုတ်ပါဘူး။ တည်ဆဲဥပဒေအားလုံးရဲ့အခင်းအကျင်းကို ခြုံငုံသုံးသပ်ရသေးတယ်။ ဘယ်ဥပဒေရဲ့ရည်ရွယ်ချက်က ဘယ်လိုလဲ၊ ဟိုဥပဒေကို ဘာ့ကြောင့်ပြဋ္ဌာန်းခဲ့ရတာလဲ၊ ဒီဥပဒေမှာ ဒီပုဒ်မက ဘာဖြစ်လို့ပါနေတာလဲ စသည် စသည် အားဖြင့် အပြန်ပြန်အလှန်လှန် သုံးသပ်ရပါတယ်။ တချို့ဥပဒေတွေက သီးခြားဥပဒေ၊ အထူးဥပဒေတွေအနေနဲ့ သီးသီးသန့်သန့်ရှိနေပေမယ့် တချို့ ဥပဒေတွေကျတော့ တစ်ခုနဲ့တစ်ခု အတွဲလိုက်၊ အဆက်လိုက်ချိတ်ဆက် ပြဋ္ဌာန်းထားတာပါ။ တစ်ခုနဲ့တစ်ခုက ကွင်းဆက်သဖွယ်ရှိနေပြီး အချိတ်အဆက်မိမိ တွဲထားတာပါ။ သံကွင်းဆက်ကြိုးတစ်ချောင်းမှာ အလယ်ကကွင်းတစ်ခု ကိုသွားဖြုတ်လိုက်မိရင် ဟိုဘက်ဒီဘက် အဆက်ပြတ်သွားသလိုပဲ ဥပဒေမှာလည်း အချိတ်အဆက်လုပ်ထားတဲ့ ဥပဒေတစ်ခုကိုပဲဖြစ်ဖြစ်၊ ပုဒ်မတစ်ခုခုကိုပဲဖြစ်ဖြစ် ပယ်ဖျက်၊ ပြင်ဆင်လိုက်ရင် မူလတည်ရှိနေတဲ့အနေအထားလေး ဟန်ချက်ပျက်သွားတတ်ပါတယ်။ ဒီအချက်ကို ဥပဒေပြုအဖွဲ့အစည်းမှာရှိနေကြသူတွေက ကောင်းကောင်းကြီး နားလည်ကြပါတယ်။ ဒါ့ကြောင့် တချို့ ဥပဒေတွေက ပြင်သင့်ပေမယ့် ချက်ချင်းကြီးပြင်လို့မရသေးတာတွေ ရှိပါတယ်။ အတွဲလိုက်၊ အဆက်လိုက် အချိန်သင့်အခါသင့်ပြင်နိုင်အောင် အချိန်အတိုင်းအတာတစ်ခုကို ယူရတာမျိုးရှိပါတယ်။ ဒီလိုမပြင်ဆင်နိုင်ခင်မှာတော့ လိုက်နာဖို့လိုပါတယ်။

အခုဖြစ်တဲ့ကိစ္စမှာဆိုရင် ဥပဒေက ဟိုအရင်ခေတ်တွေတုန်းက ပြဋ္ဌာန်းခဲ့တာတောင်မဟုတ်ဘူး။ ဒီဘက်ကာလ ၂၀၁၆ ခုနှစ်ကျမှ ပြဋ္ဌာန်း ခဲ့တာ။ ဒါတောင်မှ မလိုက်နာချင်ဘူးဆိုတော့ ဘယ်ဥပဒေကိုများ လိုက်နာချင်ပါသေးသလဲလို့ မေးရမလိုပါပဲ။ ခက်တာက အဆင့်မြင့်ပညာဘက်ကလည်း အကြောင်းကြားပြီးသားစာကိုတောင် ပြန်ရုပ်သိမ်းသွားတယ်ဆိုတော့ ကျောင်းသားလူငယ်တွေပြောတာကို မှန်တယ်လို့ ထောက်ခံရာရောက်သွားပြန်ပါတယ်။

တည်ဆဲဥပဒေတွေကတော့ အများကြီးရှိပါတယ်။ ဒီဥပဒေတွေ အားလုံးကို ဥပဒေပညာရှင်များကလွဲလို့ အကုန်ဖတ်ဖူးဖို့မဆိုထားနဲ့ သာမန် လူတစ်ယောက်အဖို့ ဥပဒေနာမည်တွေကိုတောင် အကုန်ကြားဖူးဖို့ မလွယ်ပါဘူး။ တစ်ခုရှိတာက ဥပဒေကိုမသိဟု ဆိုကာမျှဖြင့် ဥပဒေကခွင့်လွှတ် လိမ့်မည်မဟုတ် ဆိုတာမျိုးကလည်း ရှိနေပြန်ပါတယ်။ နောက်တစ်ချက်က ဥပဒေအများစုက ပြဋ္ဌာန်းလိုက်တာနဲ့ နိုင်ငံတော်တစ်ဝန်းလုံးမှာ အာဏာတည်သွားတာပါ။ ခြွင်းချက်အားဖြင့် တချို့ဥပဒေတွေမှာသာ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်အပိုင်းအထိသာ အာဏာတည်စေရမည်ဆိုတာမျိုးပါတဲ့ အပြင် တချို့ ဥပဒေတွေမှာကျတော့ “ဤဥပဒေသည် အတည်ပြုပြဋ္ဌာန်းပြီးနောက် တစ်နှစ်ပြည့်မြောက်သည့်နေ့တွင် စတင်အာဏာတည်စေရမည်” ဆိုတာမျိုး၊ “ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့်နေ့တွင် အာဏာတည်စေရမည်” ဆိုတာမျိုး ပါလေ့ရှိပါတယ်။ အများအားဖြင့်ကတော့ စတင်ပြဋ္ဌာန်းလိုက်တဲ့နေ့မှာပဲ အာဏာတည်တဲ့အပြင် နိုင်ငံတော်တစ်ဝန်းလုံးမှာ အာဏာတည်သွားပါတယ်။ 

ဒီကနေ့ဒီအချိန်မှာ ပြည်ထောင်စုလွှတ်တော်ကြီးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကိုသာ လိုက်နာဖို့လိုတာ မဟုတ်သေးပါဘူး။ ဥပဒေပြုခွင့်က တိုင်းဒေသကြီးလွှတ်တော်တွေ၊ ပြည်နယ်လွှတ်တော်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွေမှာလည်း ဥပဒေပြုခွင့်အာဏာတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုဥပဒေတွေ အပြင် သက်ဆိုင်ရာနယ်မြေအလိုက် ဥပဒေပြုခွင့်ရှိတဲ့အဖွဲ့အစည်းက ပြဋ္ဌာန်း ထားတဲ့ဥပဒေအားလုံးကို လိုက်နာရမှာပါ။ ဒီဥပဒေတော့ မသိလို့ ကျူးလွန် မိပါတယ်ဗျာလို့တော့ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။

ဒီဥပဒေကို မကြိုက်လို့ မလိုက်နာနိုင်ဘူးဆိုတဲ့ အပြောမျိုးအပြင် ဒီဥပဒေကို မသိလို့ မလိုက်နာနိုင်ဘူးဆိုတဲ့အသံမျိုးလည်း ကြားရဖူးပါတယ်။ မသိလို့ မလိုက်နာတဲ့အထဲမှာ သာမန်ပြည်သူတွေထဲကပါတဲ့အပြင် ဒီဥပဒေကို ကိုင်တွယ်ကျင့်သုံးရတဲ့ပုဂ္ဂိုလ်တွေတောင် ပါနေတတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ တာဝန်တစ်ခုခုယူရတဲ့အခါ ဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ဥပဒေအားလုံးကို နှံ့စပ်အောင်လေ့လာထားကြရတာပါ။ မလေ့လာမိဘဲ တစ်ခုခုကို လုပ်မိလိုက်ပြီ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့လည်း အံချော်နေပြီဆိုရင်တော့ အရေးယူမှုကို မလွဲမသွေခံယူကြရတော့တာပါ။ ဒီတော့ သာမန်ပြည်သူတွေအဖို့မှာတော့ ဥပဒေတွေကို မသိဖူး မကြားဖူးလို့ မလိုက်နာမိတာပါဆိုတဲ့ အဖြစ်မျိုးကြုံနိုင်ဖို့က တော်တော်ကိုဖြစ်နိုင်ခြေများပါတယ်။ ဒါ့ကြောင့်လည်း အရေးကြီးတဲ့ဥပဒေတွေကို ဥပဒေပညာပေး ဟောပြောပွဲတွေ မကြာမကြာ ကျင်းပဟောပြောနေကြရတာပါ။ 

ဒီကနေ့ ဒီအချိန်မှာတော့ အင်တာနက်ဖိုးလေး နည်းနည်းပါးပါး အကုန်ခံနိုင်ရုံနဲ့ တည်ဆဲဥပဒေတွေကို သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာ အလွယ်တကူ ဆွဲယူဖတ်ရှုနိုင်နေပါပြီ။ ဖတ်ရှုလေ့လာထားဖို့ပဲ လိုတာပါ။ တစ်ခုခုကို အရင်က မသိလို့ မလိုက်နာခဲ့မိဘူးဆိုရင်လည်း သိသွားတဲ့အချိန်မှာ စတင်လိုက်နာဖို့ လိုအပ်ပါတယ်။ ဥပဒေပညာပေးရေးအဖွဲ့အစည်းတွေကလည်း သူတို့တတ်နိုင်သလောက်တော့ ဆွေးနွေးဟောပြောနေကြတာပါပဲ။ ဒါပေမဲ့လည်း ဟောပြောပွဲတွေရဲ့ထုံးစံအတိုင်း လာနေကျလူတွေကပဲ လာနားထောင်၊ နားထောင်သွားတဲ့သူတွေကလည်း ပြန်မပြောဖြစ်၊ နား မထောင်တဲ့သူတွေကလည်း ဘယ်တော့မှ လာနားထောင်ဖို့ စိတ်မဝင်စားကြဘူးဆိုတော့ တည်ဆဲဥပဒေတွေရဲ့အပေါ်မှာ နိုင်ငံသားတိုင်း လိုက်နာနိုင် စေဖို့အတွက်ကတော့ အချိန်တော်တော်ကြာကြာယူပြီးမှကို နည်းသစ်လမ်းသစ်တွေ ကြံဆကြရဦးမှာပါ။

တချို့ကလည်း ရှိသေးတယ်။ ကိုယ်ကိုင်စွဲထားတဲ့ဥပဒေလေးတစ်ခု နှစ်ခုကိုပဲ အသေဖက်တွယ်ထားတယ်။ တခြားဥပဒေတွေကို ထည့်မစဉ်းစား တော့ဘူး။ ကိုယ့်ဥပဒေက ဘာတဲ့ဆိုရင် ဘာတဲ့လိုက်ရမှ။ တခြားဥပဒေ တွေ လာမပြောနဲ့ ဆိုတာမျိုးပါ။ စောစောကပြောခဲ့သလို ဥပဒေတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတာမျိုးဆိုတော့ တစ်ခါတလေမှာ တစ်ခုတည်းကို အသေဖက်တွယ်ထားလို့ မရတတ်ပြန်တာမျိုးလည်း ရှိပြန်တယ်။ ဟိုဘက်က တစ်ခုနဲ့ချိတ်ပြီးမှ နားလည်ရတာမျိုးလည်း ရှိပြန်တယ်။ ဒီနေရာမှာ ယေဘုယျခြုံငုံသုံးသပ်နိုင်တဲ့သူ လိုလာတယ်။ ဒီဘက်ကလူက ဒီဥပဒေကိုကိုင်စွဲထားလို့ ဒီလိုဖြစ်နေပေမယ့် ဟိုဘက်ကလူကလည်း ဟိုဥပဒေအရတော့ ဟိုလိုလုပ်တာက မှန်နေပြန်တယ်ဆိုတာမျိုးကို ချိတ် ဆက်သုံးသပ်ပေးနိုင်မှ အဆင်ပြေသွားတတ်တာမျိုး ရှိပါတယ်။ တစ်ခါတစ်ခါ ကျတော့လည်း ဒီဥပဒေက ဟိုဥပဒေနဲ့ မဆိုင်ဘူးနော်လို့ ပြောနေသလိုပဲ “ဤဥပဒေနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ဤဥပဒေဖြင့်သာလျှင် အရေးယူဆောင်ရွက်ရမည်” ဆိုတာမျိုး ထည့်ထားသေးတယ်။ ဒီလိုဆိုရင်တော့ ဒီအထူးပြုချက်အတိုင်း လိုက်နာရမှာပေါ့။ 

ဒီနေရာမှာ အထူးပြောလိုတာကတော့ ဥပဒေမှန်သမျှ နိုင်ငံသားအားလုံး လိုက်နာရန်တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပါ။ တချို့က မသိလို့မလိုက်နာဘူး၊ တချို့က သိပါလျက်နဲ့ မလိုက်နာချင်လို့ကို မလိုက်နာဘူးဆိုတဲ့အသံတွေ ကြားနေရတာဟာ အားလုံးမျှော်လင့်နေတဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကောင်းတဲ့အချက်မဟုတ်ဘူးဆိုတဲ့အချက်ကို လေးနက်စွာ ပြောလိုပါတယ်။ မသိလို့ မလိုက်နာဘူးဆိုတဲ့သူနဲ့ ယှဉ်လိုက်တော့ မကြိုက်လို့ မလိုက်နာဘူးဆိုတဲ့သူက အများကြီးပိုဆိုးသွားပြန်ပါတယ်။ ဥပဒေဆိုတာ ကိုယ့်အကြိုက်ကိုချည်း ပြဋ္ဌာန်းထားတာမျိုးမဟုတ်ဘဲ အားလုံးအတွက် အကောင်းဆုံးအခြေအနေတစ်ခု ဖန်တီးနိုင်အောင် ချင့်ချိန်ပြဋ္ဌာန်းထားတာဖြစ်တယ် ဆိုတဲ့အချက်ကို သတိချပ်ဖို့လိုပါတယ်။

တည်ဆဲဥပဒေတွေကို လိုက်နာရမှာကတော့ နိုင်ငံသားအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ စာမေးပွဲမေးခွန်းလွှာတစ်ခုနဲ့ တင်စားရမယ်ဆိုရင်တော့ ဥပဒေတွေဆိုတာ “အောက်ပါတို့အနက် နှစ်သက်ရာ ဘယ်နှပုဒ်ကို ဖြေဆိုပါ” ဆိုတဲ့ မေးခွန်းလွှာမျိုးမဟုတ်ပါဘူး။ “မေးခွန်းအားလုံး ဖြေဆိုပါ” ဆိုတဲ့ မေးခွန်းလွှာမျိုး ဖြစ်ပါတယ်။ “မေးခွန်းအားလုံး ဖြေဆိုပါ” လို့ ရေးထားပါလျက်နဲ့ မကြိုက်တဲ့မေးခွန်းမှန်သမျှ မဖြေဘဲချန်ထားခဲ့ရင်တော့ အောင်မှတ်တောင်ရဖို့ မသေချာပါဘူး။ 

တရားဥပဒေစိုးမိုးရေးကို လူတိုင်းလိုလားကြပါတယ်။

ဟိုဥပဒေကိုမကြိုက်လို့ မလိုက်နာပါရစေနဲ့၊ ဒီဥပဒေကိုမကြိုက်လို့ မလိုက်နာပါရစေနဲ့လို့ တစ်ယောက်ယောက်က၊ တစ်ဖွဲ့ဖွဲ့က ပြောဆိုလာရင် လက်ခံသင့်သလား။ ဒီလို လက်ခံနိုင်ခွင့်ကို မူရင်းဥပဒေမှာ ပေးထားသလား။ ခြွင်းချက်မပြုနိုင်တဲ့ကိစ္စကို ခြွင်းချက်ပြုလိုက်မိရင်ကော မူရင်းဥပဒေကို ကျော်လွန်ဆောင်ရွက်ရာရောက်တဲ့အတွက် အပြစ်ကင်းပါ့မလား။ မူရင်းပြဋ္ဌာန်းချက်မှာ ခြွင်းချက်ပြုမထားဘဲနဲ့ ဥပဒေကို တစ်ပြေးညီ အာဏာမသက်ရောက်စေဘဲ ဟိုနားတစ်မျိုး၊ ဒီနားတစ်ဖုံ လုပ်လိုက်ရင်ကော ရေရှည်အတွက် ကောင်းနိုင်ပါ့မလား။ တည်ဆဲဥပဒေမှန်သမျှ နိုင်ငံသားတိုင်း လိုက်နာရမယ်ဆိုတဲ့မူမှာ အားနည်းချက်ရှိနေတယ်လို့ ထင်မြင်မိသလား။ မေးခွန်းအားလုံးဖြေဆိုပါလို့။

သိုက်စိုးထွန်း (နတ်ရွာ)