News

POST TYPE

OPINION

သုံးတတ်လျှင် ဆေး မသုံးတတ်လျှင် ဘေး
22-Aug-2019



လူ့ဘောင်လောက လူတို့နေရာ လူ့ကမ္ဘာတွင် လူသားတို့ ဖြစ်တည်လာသည်မှစ၍ မိမိတို့ဘဝ ရှင်သန်ရပ်တည်ရေးအတွက် ရှာဖွေလေ့လာစူးစမ်းမှုများ၊ တီထွင်ဖန်တီးမှုများ လုပ်ဆောင်လာကြသည်မှာ ယနေ့တိုင် ဆုံးခန်းတိုင်သို့ မရောက်ရှိသေးပေ။ လူသားတို့သည် မိမိတို့အသက်ရှင်ရေးအတွက် အစားအသောက်အဖြစ် သားကောင်များကို ပစ်ခတ်ဖမ်းဆီးရန်နှင့် မိမိတို့အဖွဲ့အစည်း၏လုံခြုံရေးအတွက် ရန်သူများကိုကာကွယ်ရန် ဓား၊ လှံ၊ လက်နက် စသည်တို့ကို တီထွင်ဖန်တီး ထုတ်လုပ်ခဲ့ကြသည်။ လူသားတို့၏ လူနေမှုဘဝကို အပြောင်းအလဲနိုင်ဆုံးနှင့် အထိရောက်ဆုံးသောရှာဖွေတွေ့ရှိမှုမှာ “မီး”ကို တွေ့ရှိခြင်းပင်ဖြစ်သည်။

“မီး”သည် လူသားတို့အတွက် များစွာအကျိုးပြုခဲ့သလို “မီး” ကို မှန်မှန်ကန်ကန်အသုံးမပြုခြင်း၊ ရိုရိုသေသေ အသုံးမပြုခြင်းတို့ကြောင့် လူ့သမိုင်းတစ်လျှောက်တွင် ကြီးစွာသော ဆုံးရှုံးနစ်နာမှုများကြုံတွေ့ခဲ့ကြရသည်။ လက်နက်များကို တီထွင်ဖန်တီးကြရာတွင်လည်း ဓား၊ လှံ၊ သေနတ်၊ လက်နက် စသည်မှ လူအမြောက်အမြားကို သေကျေပျက်စီးစေနိုင်သောလက်နက်များကို ထုတ်လုပ်လာခဲ့ကြသည်။ လူမှုဘဝကို အထူးပြောင်းလဲစေနိုင်သော အဏုမြူကို လူသတ်လက်နက်အဖြစ် တလွဲအသုံးပြုရရာမှ လူ့အသက်ပေါင်းများစွာကို သေကျေပျက်စီးစေခဲ့သည်မှာ ယနေ့တိုင် မေ့ပျောက်မရနိုင်သော အဖြစ်ဆိုးကြီးတစ်ခုဖြစ်သည်။

ထို့ကြောင့် လူ့သမိုင်းကို ပြန်ကြည့်လျှင် လူသားတို့အတွက် အသုံးဝင်/ အကျိုးပြုသော တီထွင်ဖန်တီးမှုများကို တလွဲအသုံးပြုကြရာမှ လူသားတို့၏ အကျိုးစီးပွားကို ပျက်စီးစေသောအဖြစ်သို့ ရောက်ရသည်မှာ ရင်နာဖွယ်ရာပင် ဖြစ်ပါသည်။ တီထွင်ဖန်တီးခဲ့သူများသည် လူသားတို့၏အကျိုးစီးပွားအတွက်သာလျှင် စူးစမ်းရှာဖွေ ဖော်ထုတ်တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး မည်သူကမျှ လူသားတွေ ဒုက္ခရောက်အောင်၊ လူသားမျိုးနွယ်ကြီး ပျက်စီးပျောက်ဆုံးအောင် တီထွင်ဖန်တီးထုတ်လုပ်ခဲ့ကြခြင်း မဟုတ်ပါ။

ဆိုရလျှင် အသိပညာရှင်၊ အတတ်ပညာရှင်တို့က ဖန်တီးတီထွင် ထုတ်လုပ်ခဲ့ကြသော နည်းပညာသုံး တီထွင်ဖန်တီးမှုများအားလုံးသည် လူသားတို့အတွက် အကျိုးပြုခြင်း၊ ပျက်စီးစေခြင်းဆိုသည်မှာ အသုံးပြုသူ၏အပေါ်တွင်သာ အဓိကတည်မှီနေခြင်းဖြစ်ပါသည်။ ဆိုရလျှင်တော့ “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဖြစ်ပါသည်။

၂၀ ရာစုနောက်ပိုင်းမှစ၍ တီထွင်ဖန်တီးလာသော နည်းပညာသုံး ပစ္စည်းများဖြစ်သည့် ရုပ်သံပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ကွန်ပျူတာ၊ စက်ရုပ် စသည်တို့အပြင် ယင်းတို့မှတစ်ဆင့် လူသားချင်း ဆက်သွယ်အသုံးပြုခြင်း၊ ရှာဖွေခြင်း၊ ဖတ်ရှုခြင်း စသည်တို့ပြုနိုင်သည့် အင်တာနက်များ၊ ဝက်ဘ်ဆိုက်များ စသည်တို့သည် နည်းပညာလောက၏ အမြင့်မားဆုံး တီထွင်ဖန်တီးမှုများဖြစ်ပါသည်။ ထိုမှတစ်ဖန် အချင်းချင်း တွေ့ဆုံနှုတ်ဆက်စကားပြောနိုင်ခြင်း၊ ဓာတ်ပုံနှင့်တကွ လှုပ်ရှားမှုများကို အပြန်အလှန်ပေးပို့နိုင်ခြင်း၊ အများမြင်သာအောင် ပြသနိုင်သည့် ဆိုရှယ်မီဒီယာခေါ် လူမှုကွန်ရက်များပေါ်လာသည့်အခါ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေပါတော့သည်။

ယခုအခါ ကမ္ဘာပေါ်တွင် လူသုံးများသည့် လူမှုကွန်ရက် လေးငါးခုမကရှိပါသည်။ အမေရိကန်နှင့် အနောက်နိုင်ငံအချို့က Twitter  ခေါ် လူမှုကွန်ရက်ကို အသုံးများသလို တရုတ်နှင့်ရုရှားတို့ကလည်း သီးခြား လူမှုကွန်ရက်များဖြစ်သည့် Waibo နှင် VK တို့ကို ဖန်တီးလုပ်ဆောင်လာကြသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကမူ Facebook ဆိုသည့် လူမှုကွန်ရက်ကို အများဆုံးအသုံးပြုကြသည်။ 

မြန်မာတို့၏ မျက်နှာစာအုပ်

ငယ်ငယ်တုန်းက လူကြီးတွေပြောစကား ကြားဖူးခဲ့သည်။ “ဒီ ကောင်လေးက စာအုပ်နဲ့ မျက်နှာမခွာဘူး” ဟူသောဆိုစကား။ ထို့ကြောင့်ပင် Mark Zuberkerberg က သူ၏ လူမှုကွန်ရက်အမည်ကို Facebook ဟူ၍ အမည်ပေးခဲ့ခြင်းလားမသိ။ ယခုအခါ မြန်မာအပါအဝင် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသောသူတို့သည် Facebook ခေါ် လူမှုကွန်ရက်နှင့် မျက်နှာ မခွာနိုင်အောင် စွဲလမ်းကြီးစွာ ကြည့်ရှုနေကြသည်။ ၂၀၀၄ ခုနှစ်က အသက် ၂၄ နှစ်အရွယ် ဟားဘတ်တက္ကသိုလ် ကျောင်းသားလေး Mark Zuberkerberg နှင့် သူငယ်ချင်းတစ်စု အစပျိုးလုပ်ဆောင်ခဲ့သည့် Facebook ခေါ် လူမှုကွန်ရက်သည် ၂၀၀၈ ခုနှစ်တွင် အများအသုံးပြု နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ ၂၀၁၀ မှ ၂၁၁၂ ခုနှစ် အတွင်း စတင်အသုံးပြုခဲ့ ကြကာ သမ္မတဦးသိန်းစိန် လက်ထက်တွင် လက်ကိုင်ဖုန်းများ ပေါပေါများများအသုံးပြုခွင့်ရရှိရာမှ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး အသုံးပြုလာနိုင်ခဲ့ကြသည်။ ဆိုရလျှင် မျက်နှာနှင့်စာအုပ်မခွာနိုင်သော ခေတ်တစ်ခေတ်မှသည် မျက်နှာနှင့် လက်ကိုင်ဖုန်း မခွာနိုင်သော ခေတ်တစ်ခေတ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။

သုံးတတ်လျှင်ဆေး 

Facebook ကို စတင်အသုံးပြုစက မသုံးတတ်သုံးတတ်ဖြင့်သုံးရင်း မိတ်ဆွေအသစ်များ တိုးတက်ရရှိလာခြင်း၊ နှစ်ပေါင်းများစွာက ကွဲကွာနေသောတပည့်ဟောင်း၊ ဆရာဟောင်းများ၊ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံရခြင်း၊ နယ်ဝေးမြေခြား တိုင်းတစ်ပါးသို့ရောက်ရှိ ကွဲကွာနေသော ဆွေမျိုးဉာတိများနှင့် ပြန်လည်တွေ့ဆုံရခြင်းစသည် တို့ကြောင့် ဝမ်းသာအားရ ပျော်ရွှင်ကြရသည်။ တစ်ချိန်က နိုင်ငံရပ်ခြားသို့ တယ်လီဖုန်းဆက်လိုလျှင် အိမ်ကခေါ်ဆိုမရ၍ အခြားတစ်နေရာသို့သွား ရောက်ခေါ်ရသည့် အခြေအနေမှ၊ ထိုင်ရာမထ ပြောနိုင်ဆိုနိုင်ပြီး ဓာတ်ပုံများ အပြန်အလှန်ပေးပို့နိုင်သည့်အတွက် Facebook ဆိုသည်မှာ ငယ်စဉ်က ပုံပြင်ထဲတွင်သာကြားဖူးသည့် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတို့ သုံးသည့် ပြဒါးရှင်လုံးသဖွယ် ဖြစ်ခဲ့ရပါသည်။

ထိုမျှသာမက ဗဟုသုတရှာမှီးလိုသူတို့အတွက်လည်း Facebook မှ ပြန်လည်မျှဝေကြသည့် ကျန်းမာရေး ဓာတ်စာကအစ၊ ဟင်းချက်နည်း အမျိုးမျိုးကိုလည်း လေ့လာ၍ရသည်။ ဘုရား၊ တရားကို ယုံကြည်ကိုးကွယ်သူတို့အတွက်လည်း ဘုရားရှိခိုးအမျိုးမျိုးအပြင်၊ ပရိတ်ကြီး၊ မဟာပဋ္ဌာန်းစသည်တို့အပြင် ဆရာတော်ကြီးများ၏ အတ္ထုပ္ပတ္တိများကိုလည်း ကြည်ညို၍ရသည်။ ထိုမှတစ်ဖန် ခရီးသွားဝါသနာပါသူတို့အတွက်လည်း ဘုရားစုံဖူးမလား၊ ပင်လယ်ကမ်းခြေ အပန်းဖြေသွားမလား၊ တောင်ပေါ်ဒေသသွားမလား ခရီးသွားလမ်းညွှန်နှင့် ဒေသန္တရဗဟုသုတအထွေထွေကို ဓာတ်ပုံများနှင့်တကွခံစား၍ရသည်။

စာပေဗဟုတသုရှာဖွေလိုသူ လူငယ်၊ လူကြီးများအတွက်လည်း ဥပဒေ အပါအဝင် ပညာရပ်မျိုးစုံ ဖတ်စရာအစုံစုံကို အညွှန်းနှင့်တကွ တင်ပေးကြသလိုအချို့စာအုပ်များကို အစအဆုံးတင်ပေးကြသည်လည်းရှိသည်။ အင်္ဂလိပ်စာ လေ့လာလိုသူ ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း သင်ခန်းစာများ အပြည့်အစုံတင်ပြသူများရှိကြသည်။ ဆိုရလျှင်တော့ Facebook ဆိုသည့် လူမှုကွန်ရက်စာမျက်နှာကြီးသည် ဗဟုသုတ ဟင်းလေးအိုးကြီးသဖွယ် မိမိကြိုက်သည်ကို ဖတ်ရှုလေ့လာ၍ မိမိမကြိုက်သည်ကို ကျော်လွှားသွားခြင်းဖြင့်သုံးတတ်လျှင် ဆေးပင်ဖြစ်ပါသည်။

မသုံးတတ်လျှင်ဘေး 

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို မည်သည့်နည်းပညာပစ္စည်း မဆို သုံးတတ်လျှင်ဆေးဖြစ်သလို၊ မသုံးတတ်လျှင် ဘေးဖြစ်စေသည်မှာ Facebook ခေါ် လူမှုကွန်ရက်တွင် ပို၍ သိသာပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝါးများ၊ အစားအသောက်များနှင့်ပတ်သက်၍ မည်သည့်ဆေးကို စွဲ၍ မသောက်သုံးသင့်ကြောင်း၊ မည်သည့်အစားအစာကို ပိုမိုလွန်ကဲ၍ မစားသုံးသင့်ကြောင်း၊ မည်သည့်အစားအစာနှင့် မည်သည့် အစားအစာတို့ မတည့်ကြောင်း၊ အဆိပ်ဖြစ်စေကြောင်း စသည်တို့ကို တတ်သိနားလည်သူတို့က ရေးသားပြောဆိုကြသလို တစ်ဆင့်စကား တစ်ဆင့်နားဖြင့်လည်း ကြားဖူးနားဝရှိထားကြ၍ဖြစ်သည်။

သို့ရာတွင် လူမှုကွန်ရက်များနှင့်ပတ်သက်၍မူ မည်သည့်အကြောင်းအရာ၊ မည်သည့်သတင်းအချက်အလက်ကို မကြည့်ပါနှင့်ဟူ၍ တိတိ ကျကျ ပြောဆိုဆုံးမစကားပြောကြားထားသူများ မရှိကြ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Facebook တင်ကြသော သတင်းအချက်အလက် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အချို့သောကိစ္စများကို ကြိုက်နှစ်သက်သဘောကျသူများရှိသလို အချို့က ရှက်ဖွယ်ရာ၊ စက်ဆုပ် ရွံရှာဖွယ်ရာအဖြစ် ခံယူထားကြ၍ဖြစ်သည်။ သာမန်အားဖြင့် ကလေး၊ သူငယ်များ မကြည့်သင့်သောအရာကို လူကြီးများက ထိန်းကျောင်း ကြပ်မတ်၍ရသော်လည်း လူငယ်များနှင့် လူကြီးများအတွက်မူ ထိန်းကျောင်း ကြပ်မတ်ရန်ခက်ခဲလှပါသည်။

လူငယ်နှင့် လူကြီးများအတွက်မူ မိမိ၏အတွေ့အကြုံ၊ မိမိ၏အသိတရားဖြင့်သာ ချင့်ချိန်ယုံကြည်ကြဖို့နှင့် လိုက်နာဆောင်ရွက်ခြင်း မပြုကြဖို့အရေးကြီးပါသည်။ ယနေ့ခေတ်တွင် အများဆုံးကြုံတွေ့နေကြရသည်မှာ သတင်းမှားများပင်ဖြစ်ပါသည်။ သတင်းမှားတင်ကြသူများသည် ရည်ရွယ်ချက်အမျိုးမျိုးရှိကြသည်။ အချို့က အများပြည်သူ ထိတ်လန့် ကြောက်ရွံ့စေရန် အပျော်သက်သက် ရည်ရွယ်ချက်မဲ့စွာ တင်ကြသော်လည်း အချို့က ထိုကဲ့သို့ အထိတ်တလန့်ဖြစ်ကြခြင်းဖြင့် တစ်ဖက်လူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် ကြံရွယ်သလို မိမိတို့အတွက် အကျိုးစီးပွားဖြစ်စေရန် ရည်ရွယ်ကြသည်။

အချို့ကလည်း မိမိလိုလားသောပါတီ/အဖွဲ့အစည်းနာမည်ကောင်းရရန်၊ ပြည်သူ့ထောက်ခံမှုရရှိစေရန်နှင့် မိမိမလိုလားသော ပါတီ/ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျဆင်းစေရန်၊ ပြည်သူလူထု၏ထောက်ခံမှု ကျဆင်းစေရန် ရည်ရွယ်ချက်ထားရှိကြသည်။ ထို့ကြောင့် လူမှုကွန်ရက် အသုံးပြုသူများသည် မိမိဖတ်ရှုသောသတင်းအချက်အလက်နှင့် ပတ်သက်၍ သတင်း၏တိကျခိုင်မာမှု၊ ယုတ္တိရှိမှု၊ ဖြစ်နိုင်ခြေရှိမှု စသည်တို့ကို မိမိ၏ အသိဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ်၍သာလျှင် Like ပေးခြင်း၊ မျှဝေခြင်း စသည်တို့ကိုပြုလုပ်သင့်သည်။

သတင်းအချက်အလက်တစ်ခုကို မှားသည်၊ မှန်သည် ဆုံးဖြတ်ရန် ခက်သောအခါမျိုးတွင် ဤသတင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်အကျိုးရှိသောသတင်း ဟုတ်၊ မဟုတ် စသည့်ပေတံဖြင့် တိုင်းတာသင့်သည်။ ထို့အပြင် သတင်းအချက်အလက်တစ်ခုသည် နိုင်ငံနှင့် လူမျိုးအတွက်ထိခိုက်စေနိုင်ခြင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်ခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲဖွယ်ရာ ဖြစ်ခြင်း၊ လူမျိုးတစ်မျိုး၏ ကိုးကွယ်ရာဘာသာကို ထိခိုက်စေနိုင်ခြင်း စသည်မျိုးရှိပါက Like ပေးခြင်း၊ မျှဝေခြင်းတို့ကို ရှောင်ရှားသင့်ပါသည်။ 

ထို့အပြင် ရေးသားတင်ပြသောသူတို့သည်လည်း မိမိမလိုလားသော အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်အကြံဖြင့် မမှန်မကန် လုပ်ကြံဖန်တီး၍ရေးသားခြင်းဖြစ်သော်လည်း ထိုအဖွဲ့အစည်း၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေခြင်းထက် နိုင်ငံ၏ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေခြင်းမျိုး၊ ပြည်သူနှင့်အစိုးရ၊ ပြည်သူနှင့်တပ်မတော်၊ တပ်မတော်နှင့် အစိုးရ၊ ပါတီအချင်းချင်း၊ တိုင်းရင်းသား လူမျိုးအချင်းချင်း အငြင်းပွားဖွယ်ရာ၊ သံသယဖြစ်ဖွယ်ရာ၊ မုန်းတီးဖွယ်ရာအခြေအနေမျိုးကို ဖန်တီး ဖြစ်ပေါ်စေသည်ဆိုပါက ထိုသူသည် နိုင်ငံနှင့်လူမျိုးအပေါ်တွင် သစ္စာဖောက်သူ၊ နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း ကြံရွယ်သူအဖြစ် သတ်မှတ်ရမည်သာဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရသော် လူမှုကွန်ရက်ဟူသည့် Facebook သည် မသုံးတတ်လျှင် တစ်ဦးတစ်ယောက် တစ်ဖွဲ့ထက် နိုင်ငံနှင့်လူမျိုးကိုပါ ဘေးဒုက္ခအန္တရာယ်ကျရောက်စေနိုင်ပြီး ထိခိုက်ပျက်စီးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

သိန်းထက်အောင်