News

POST TYPE

OPINION

ကိုယ်မှန်တိုင်း ဆဲဆိုကြရောလား(Daily, Vol-7/No-114)
21-Aug-2019
ယနေ့ခေတ် ကမ္ဘာ့ခေါင်းဆောင်များတွင် စကားပြောမဆင်ခြင်နိုင်သည့်ပုဂ္ဂိုလ်ကို ပြောပါဟုဆိုလျှင် သမ္မတဒေါ်နယ်ထရမ့် ထိပ်ဆုံးကပါဝင်မည်ဟု ထင်ပါသည်။ သူပြောလိုက်သည့် စကားတိုင်း အနှောင့်အသွားလွတ်သည်က ခပ်ရှားရှားပင်။ အမေရိကန်ပြည်ထောင်စုထဲသို့ ရွှေ့ပြောင်းအခြေချဝင်ရောက်လာမှုနှင့်ပတ်သက်၍ ပြောစရာရှိလာပြန်လျှင်လည်း လူမျိုးရေးကိစ္စများနှင့် ငြိနေတတ်သည်။

ပြီးခဲ့သည့် နှစ်လလောက်ကလည်း ကွန်ဂရက်လွှတ်တော်ထဲက လူမည်း အမျိုးသမီးအမတ်များကို လူမျိုးရေးခွဲခြားသည့်ပုံစံမျိုး မှတ်ချက်ပေးမိ၍ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။ သူသည် Twitter မှတစ်ဆင့် သူပြောချင်ရာပြောလိုက်၊ အခြေအနေမဟန်လျှင် တစ်မျိုးပြောင်းပြောလိုက်နှင့် တစ်နေ့တစ်မျိုးမရိုးနိုင်သည့် သမ္မတတစ်ဦးဟု ဆိုလျှင်လည်းရသည်။

ထားတော့၊ ထို့ထက်ပို၍စိတ်ဝင်စားစရာ ကောင်းလာသည်မှာ သမ္မတထရမ့်ကဲ့သို့သော ခေါင်းဆောင်များချည်းသက်သက်သာမဟုတ်၊ ဆိုရှယ်မီဒီယာခေတ်ကြီးထဲတွင် လူအတော်များများ အပြောအဆို ကြမ်းတမ်းလာသည့်ကိစ္စပင်ဖြစ်ပေသည်။

တစ်နေ့ကလည်း မန်ချက်စတာယူနိုက်တက် (မန်ယူ) ဘောလုံးအသင်းမှ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာ ပင်နယ်တီကန်သွင်းရာ လွဲချော်ခဲ့သောကြောင့် ဆိုရှယ်မီဒီယာတွင် ၎င်းကို လူမျိုးရေးနှင့် အသားအရောင်ခွဲခြားဆက်ဆံသည့် နောက်ပြောင်စော်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်ခဲ့ပေသည်။ ဘောလုံးလောကမှ အထင်ကရအားကစားသမားများက ဆိုရှယ်မီဒီယာကို ဝိုင်းဝန်းကန့်ကွက်ကြရန်အထိ လုပ်လာကြရသည်ကိုတွေ့ရပေသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၊ တပ်မတော် ခေါင်းဆောင်တို့၊ တိုင်းရင်းသားခေါင်းဆောင်တို့နှင့် ပတ်သက်သောသတင်းများ၊ ဓာတ်ပုံများဆိုလျှင် ဆိုးဆိုးရွားရွား ဆဲဆိုနေသော ကွန့်မန့်များ မြင်မကောင်းလောက်အောင် နေ့စဉ်နှင့်အမျှမြင်နေရသည်မှာ စိတ်မချမ်းမြေ့စရာပင်။

မမှန်ကန်သည့် ဓာတ်ပုံမျိုးစုံဖြင့် Profile ပုံတင်ထားသော အကောင့်တုများကို ကိုင်တွယ်အသုံးပြုကာ ယင်းသို့ ပက်ပက်စက်စက် ဆဲဆိုနေသူများအနေနှင့် မိမိတို့ဆဲနေသောသူများသည် မိမိ၏အမေအရွယ်၊ အဖေအရွယ်၊ ဦးလေးနှင့် အဒေါ်အရွယ်များဖြစ်သည်ကို သတိပြုသင့်ပေသည်။ မိမိ၏ မိဘအရင်းများဖြစ်ခဲ့လျှင် မည်သို့ခံစားရမည်ဆိုသောအချက်ကိုလည်း ကိုယ်ချင်းစာတရားဖြင့် စဉ်းစားကြည့်သင့်ပေသည်။

မြန်မာစကားပုံများစွာရှိသည့်အနက် “စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ”ဆိုသည်နှင့် “ကြမ်းကျွံနုတ်ရသော်လည်း နှုတ်ကျွံက နုတ်မရ”ဆိုသည့် ဆုံးမစကားဆန်သော စကားပုံမှာ ခေတ်ကာလတွေမည်သို့ပင်ပြောင်းလဲသွားစေကာမူ လူတိုင်းအတွက် အသုံးဝင်နေဆဲဖြစ်လိမ့်မည်ဟု ထင်သည်။ ပို့စ်ရေး၊ ကွန့်မန့်ရေးပြီး ပြန်ဖျက်ချ၍ရသည်၊ သို့အတွက်ကြောင့် လူမှုကွန်ရက်ပေါ်တွင် နှုတ်ကျွံလည်း နုတ်၍ရသည်ဟု အကွန့်တက်နိုင်သော်လည်း တစ်ဖက်တွင် Screenshot လုပ်သူတစ်ဦးဦးက အမြဲတမ်းဗွေဆော်ဦး Screenshot လုပ်နိုင်သည်ကို အထူး သတိချပ်သင့်ပေသည်။

ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ထူထောင်သည်ဆိုရာ၌ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုသည်မှာ မဖြစ်မနေအလေးထားရမည့် နံပါတ် ၁ ကိစ္စဖြစ်သော်လည်း လွတ်လပ်မှုကိုအကြောင်းပြု၍ တာဝန်မဲ့သော၊ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာကျဆင်းစေနိုင်သော၊ တိုင်းရင်းသားလူမျိုးစုများအကြား အမုန်းမီးတောက်လောင်စေနိုင်သော အမုန်းတရားများပါသည့် အကြောင်းအရာ မပြန့်ပွားစေရန် ပြည်သူတစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိကြောင်း မေတ္တာရပ်ခံလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၁-၈-၂၀၁၉)