News

POST TYPE

OPINION

ကိုယ်ကျင့်သိက္ခာနှင့် အရှက်တရား
21-Aug-2019

လူတစ်ယောက်၌ ကိုယ်ကျင့်သိက္ခာသည် အရေးအကြီးဆုံးဖြစ်သည်။ အထူးသဖြင့် လူငယ်တစ်ယောက်အတွက် ကိုယ်ကျင့်သိက္ခာမရှိလျှင် မည်မျှပင် ပညာတတ်သော်လည်း အထက်သို့ ရောက်မည်မဟုတ်သကဲ့သို့ လူကြီးတစ်ယောက်အတွက် အကျင့်သိက္ခာမရှိလျှင် ယုံကြည်ထိုက်သူအဖြစ်သို့ ရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ကိုယ်ကျင့်သိက္ခာသည် လူတိုင်းအတွက် အသက်အရွယ်မရွေး နေရာဒေသမရွေး အချိန်မရွေး အရေးကြီးလှပေသည်။

ထိုကိုယ်ကျင့်သိက္ခာ၌ လူငယ်ကိုယ်ကျင့်သိက္ခာနှင့် လူကြီးများ၏ ကိုယ်ကျင့်သိက္ခာဟူ၍ နှစ်ပိုင်းထပ်၍ ခွဲခြားနိုင်ပါသည်။ လူငယ်များ၏ ကိုယ်ကျင့်သိက္ခာတွင် ရိုးသားမှုကိုအခြေခံပြီး လူကြီးများ၏ ကိုယ်ကျင့်သိက္ခာတွင် သမာသမတ်ရှိမှုတွင် ပို၍အခြေခံသည်။ ရိုးသားမှုနှင့် သမာသမတ်ကျခြင်းသည် တူမယောင်နှင့် ခြားနားလေသည်။ ရိုးသားမှုတွင် မိမိအတွက် ရိုးသားခြင်းဖြစ်၍ သမာသမတ်ကျခြင်းတွင် အများအတွက် ပို၍အခြေခံသည်။ ဥပမာပြရလျှင် လူငယ်များ၏ရိုးသားမှုတွင် အောင်မြင်မှု၏ အဓွန့်ရှည်မှုတွင် မူတည်ပါသည်။ ကျောင်းသားတစ်ယောက်သည် အတန်းစဉ်တိုင်း ရိုးသားမှုဖြင့် စာမေးပွဲဖြေမှသာလျှင် ခက်ခဲသည့် အတန်းကြီးများတွင် အခက်အခဲမရှိ ဖြေနိုင်ပြီးလျှင် ထူးချွန်ထက်မြက်လာနိုင်ပေသည်။ ထို့အတူ လူကြီးများတွင်လည်း သူတို့၏ သမာသမတ်ကျမှုအပေါ် မူတည်ပြီး မိသားစုသွေးစည်းမှုကိုဖြစ်စေပြီး တရားသူကြီး၏ သမာသမတ်ကျမှုသည် အပြစ်မရှိသူကို ချမ်းသာရာရစေပါသည်။ ရပ်ကွက်လူကြီး၏ သမာသမတ်ကျမှုသည် ရပ်ကွက်တွင်း အေးချမ်းမှုကိုဖြစ်စေပြီး နိုင်ငံအကြီးအကဲ၏ သမာသမတ်ကျမှုသည် တိုင်းပြည်လုံး၏ အေးချမ်းတည်ငြိမ်မှုကို ဖြစ်စေပါသည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရန် တစ်နိုင်ငံလုံးရှိ လူအားလုံး၏ ကိုယ်ကျင့်တရားပေါ်တွင် အလုံးစုံတည်မှီပြန်သည်။ ကိုယ်ကျင့်တရားဟူသည် လူတစ်ယောက်၌ ကျင့်ရမည့် ကောင်းသည့်ကျင့်ဝတ်များ အားလုံးပါဝင်သည်။ လမ်းဘေး၌ စနစ်တကျ အမှိုက်ပစ်ခြင်းမှသည် နိုင်ငံပိုင်ပစ္စည်းများကို ရိုသေစွာ ကိုင်တွယ်အသုံးပြုခြင်းအထိသည် ကိုယ်ကျင့်သိက္ခာပေါ်၌ မူတည်သည်။ ကိုယ်ကျင့်သိက္ခာရှိသည့် လူငယ်များကြောင့် တိုင်းပြည်၏ လက်ရှိအနေအထား ထွန်းလင်းတောက်ပပြီး နောက်အချိန်တွင်လည်း တိုးတက်ခေတ်မီသည့် ခေတ်မီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာမည်ဖြစ်သကဲ့သို့ ကိုယ်ကျင့်သိက္ခာထိန်းသည့် နိုင်ငံအကြီးအကဲများကြောင့် နိုင်ငံ၏ဂုဏ်လည်း ကြီးမြင့်ရမည်သာဖြစ်သည်။ ယခင်က ကိုယ်ကျင့်သိက္ခာကြီးမားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ၏ ခေါင်းဆောင်ကောင်းကြောင့် မြန်မာပြည် သူ့ကျွန်ဘဝ လွတ်မြောက်ခဲ့သည့်သာဓကလည်း အထင်အရှား ရှိခဲ့ပေသည်။

ယနေ့ခေတ်တွင်လည်း ကိုယ်ကျင့်သိက္ခာ အမြင့်ဆုံးအနေအထားဖြင့် ကမ္ဘာတွင် ထင်ပေါ်ကျော်ကြားသည့် လက်ရှိအစိုးရ၏ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် အထင်အရှားပင်။ ကိုယ်ကျင့်သိက္ခာလည်း ပြည့်စုံပြီး သိက္ခာတရားများလည်း လုံလောက်စွာရှိသည့်အတွက် အတိုက်အခံများအပေါ် ဟန့်တားကာဆီးထားသည့် ပိတ်ဆို့မှုများကို ကျော်လွှားကာ ယနေ့တော့ဖြင့် လူထု၏စိတ်သဘောထားနှင့် ထပ်တူကျသည့် နိုင်ငံတော်၏အတိုင်ပင်ခံပင် ဖြစ်၍နေပေသည်။ သူမ၏ကိုယ်ကျင့်သည် ရဲရင့်မှု၊ မဟုတ်မှန်သည်ကို မလုပ်မှုတို့ဖြစ်ပြီး သိက္ခာသည် ပညာနှင့် အမှန်တရားကိုမြတ်နိုးပြီး ဟုတ်မှန်သည်များကို ရဲရဲဝံ့ဝံ့ပြောဆို လုပ်ကိုင်ရဲခြင်းပင်ဖြစ်သည်။ ထိုသို့သော ကိုယ်ကျင့်သိက္ခာများဖြင့် ပြည့်စုံမှုများကြောင့် သူမအား ချစ်ခင်သူ၊ အားကိုးထောက်ခံသူများ ပြည်တွင်း၌ များပြားလာသကဲ့သို့ ပြည်ပနိုင်ငံများကလည်း သူမအား လေးစားချစ်ခင်ခဲ့ကြရသည်။

အမှန်စင်စစ် ကိုယ်ကျင့်သိက္ခာသည် လူ့ဘောင်လောကကြီးတစ်ခုလုံးအတွက် ထားရှိရမည့် အရေးအကြီးဆုံးအရာဖြစ်ပြီး လေးစားတန်ဖိုးထားရမည့်အရာလည်းဖြစ်သည်။ လူသော်လည်းကောင်း၊ ရဟန်းသော်လည်းကောင်း သိက္ခာတရားသည် အရေးကြီးလှပေသည်။ ကိုယ်ကျင့်သိက္ခာမရှိလျှင် သီလတရားသည်လည်း ဖြစ်တည်လိမ့်မည်မဟုတ်။ ထို့ပြင် သိက္ခာတရား မဖြစ်တည်လျှင် ထိုသူသည်လည်း တန်ဖိုးရှိသူဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤသူသည်ကား အခြေခံအားဖြင့် သူ၏မိသားစုနှင့် ပတ်ဝန်းကျင်မှသည် နိုင်ငံနှင့်လူမျိုးအတွက် အသုံးဝင်သူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ်ကျင့်နှင့်သိက္ခာသည် ဒွန်တွဲ၍ အမြဲတည်ရှိနေသည်။ သိက္ခာရှိအောင်၊ ကိုယ်ကျင့်တရားနှင့် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ရမည်ဖြစ်သည်။ သို့သော် လူဟူသည် ခံစားမှု၏နောက်သို့ လိုက်ပါတတ်ပြီး ဖြစ်သင့်သည်ထက် ဖြစ်ချင်သည့်ဘက်သို့ ပို၍ဦးစားပေးတတ်ကြသည် မှန်သော်လည်း ဘဝတိုလေးတွင် သမိုင်းကောင်းဖြစ်ရန် ကိုယ်ကျင့်သိက္ခာတရားကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ စောင့်စည်းသင့်လှသည်။ မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် ခံစားမှုနောက် ဦးစားပေးကာ ကိုယ်ကျင့်သိက္ခာများ ဖျက်ဆီးခဲ့၍ သမိုင်းမလှကြသူများစွာ ရှိခဲ့ကြသည်။ ထိုသူများသည် လက်ရှိအချိန်တွင်လည်း ကိုယ်ကျင့်သိက္ခာမပြည့်စုံ၍ လူအများ၏ ရွံရှာမုန်းတီးခြင်းကိုခံရပြီး အသက်ရှင်လျက် နာမည်သေဆုံးနေကြသူများ ဖြစ်နေရုံမျှမက သေလွန်ပြီးချိန်၌လည်း သူ၏သမိုင်းသည် အကျည်းတန်နေမည်သာဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့်သိက္ခာ ကောင်းအောင်ထိန်းရန် အထူးအရေးကြီးလှသည်။

ထို့ပြင် လူ့တန်ဖိုးဖြစ်ရန် ကိုယ်ကျင့်သိက္ခာသည် အရေးကြီးသကဲ့သို့ အရှက်တရားသည်လည်း အရေးကြီးပြန်သည်။ လူများစွာတို့၏ ဦးနှောက်ထဲ၌ အရှက်တရားဟူသည် မကောင်းသည့်အလုပ်များ လုပ်ကိုင်ခြင်းဟူ၍ ယေဘုယျ သတ်မှတ်တတ်ကြသည်။ အမှန်စင်စစ် မကောင်းသည့်အလုပ်လုပ်ခြင်းသည် အရှက်တရားဖြစ်သော်လည်း ထိုထက်ပို၍ ရှက်ရမည့်အရာများလည်း လောကထဲတွင် များစွာ ရှိနေပါသေးသည်။ ထိုအရှက်တရားတွင်လည်း နှစ်မျိုးနှစ်စား ရှိပြန်သည်။ လူငယ်များအတွက် အရှက်တရားနှင့် လူကြီးများအတွက် အရှက်တရားဖြစ်သည်။ ထိုနှစ်မျိုးလုံးသည် အရေးကြီးလှသည်။

လူငယ်များအတွက် အရှက်တရားဟူသည် ကိုယ်ကျင့်သိက္ခာဖြစ်သကဲ့သို့ ပညာမတတ်ခြင်းလည်း အရှက်တရားထဲ၌ အဓိက ပါဝင်သည်။ ပညာမတတ်ခြင်းကြောင့် လောကအလယ် ဝင့်ထည်စွာ နေထိုင်နိုင်မည်မဟုတ်ပေ။ ယနေ့ခေတ်သည် ပညာတတ်များ ရှေ့ဆောင်ဦးရွက် နေရာရနေချိန်၌ ပညာကို ကောင်းစွာမလေ့လာဘဲ အချိန်ဖြုန်းနေကြလျှင် တတ်ရမည့်အချိန်၌ ပညာတတ်တစ်ယောက်အဖြစ် ဝင့်ထည်စွာ နေခွင့်ရလိမ့်မည်မဟုတ်ပေ။ ဤသည်ကား အရှက်တရားပင်ဖြစ်သည်။ ပညာရဲရင့် ပွဲလယ်တင့် ဟူသောစကားအတိုင်း ပညာမတတ်၍ ပွဲအလယ်၌ ဝင့်ထည်စွာ မနေနိုင်ခြင်းနှင့် တတ်သင့်သည့် အတတ်ပညာများ မတတ်ခြင်းသည် ရှက်ရွံ့ရမည့် အနေအထားပင်ဖြစ်သည်။ ယနေ့ခေတ်တွင် ပညာတတ်များသည် သူတို့ နိုင်ငံအတွက် ရှေ့ဆုံးမှ တက်ကြွစွာ လုပ်ဆောင်နေချိန်၌ မိမိသည် ပညာမတတ်၍ လူမသိသူမသိ အများ၏နောက်၌ ငြိမ်ကုပ်စွာနေရခြင်းသည် မဖြစ်သင့်တော့ပေ။ လွန်စွာရှက်ဖွယ်ကောင်းလှပေသည်။

အမှန်စင်စစ် လူငယ်တစ်ယောက်အတွက် အခြားကိုယ်ကျင့်တရားများဖြစ်သည့် ကိုယ်ကျင့်တရားများ မပြည့်စုံသေးလျှင် ပညာသိစိတ်ဖြင့်ထိန်းသိမ်းကာ နေနိုင်သော်လည်း ပညာသင်ချိန်၌ မသင်ခဲ့မိလျှင်မူ ပြန်လည်ပြင်ဆင်ခွင့်ရတော့မည် မဟုတ်တော့ပေ။ ထိုသို့ပညာကို အကောင်းမွန်ဆုံး မသင်ခဲ့ရသော လူငယ်များသည် နိုင်ငံ၏တာဝန်များ ထမ်းဆောင်ချိန်၌လည်း အခြားသောနိုင်ငံများ၏ လူငယ်ခေါင်းဆောင်များနှင့် ဆက်ဆံရာတွင် ရှက်ရွံ့နေရမည်သာ။ ဦးခေါင်းငုံ့နေရမည်သာ။ နှုတ်ဆိတ်နေရမည်သာ။ လက်ရှိမြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ပညာမတတ်သော ခေါင်းဆောင်များ၏ ပညာရေးကို ဦးစားမပေးခြင်းကြောင့် လက်ရှိအချိန်တွင် ပညာမတတ်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ ကမ္ဘာ့အလယ်တွင် အောက်ကျနောက်ကျဖြစ်နေကြရသည်။ ကမ္ဘာ၏ မည်သည့်နိုင်ငံတွင်မဆို မြန်မာလူမျိုးအတော်များများသည် မျက်နှာငယ်ကြရသည်။ ဤသည်မှာ ပညာမတတ်ခြင်း၏ ဆိုးကျိုးများပင် ဖြစ်သည်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာချင်းတူပါလျက်နှင့် အဆင့်အတန်းခွဲခြားကာ နေရသည်မှာ လွန်စွာရှက်စရာကောင်းလှပေသည်။

ထို့ကြောင့် လူငယ်များအတွက် အရှက်တရားဟူသည် ပညာမဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့အရှက်တရားကင်းစေရန် ပညာကို မဖြစ်မနေ ကြိုးစားကာ သင်ကြရမည်။ ပညာဟူသည်၌လည်း အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်မျိုးလုံးပါဝင်ပေသည်။ အသိပညာတွင် လုပ်သင့်သည်၊ မလုပ်သင့်သည်မှစ၍ မှန်မှားများ သေချာစွာ ဝေဖန်ပိုင်းခြားနိုင်သည့်အရာများဖြစ်သည်။ ထိုအသိဉာဏ်ပညာများကိုရစေရန် စာဖတ်ကြရမည်။ အတွေ့အကြုံ နုနယ်သေးသည့်အချိန်၌ အသိပညာကိုရစေသည်မှာ စာအုပ်များပင် အဓိကဖြစ်သည်။ စာအုပ်များသည် မှန်မှားကို သေချာကွဲပြားစွာ သိစေနိုင်သည့်အသိကို အဓိကပေးသည်။ လက်တွေ့မမှားရဘဲ တခြားသူများ၏ အမှားများမှ အကောင်းမွန်ဆုံး သင်ခန်းစာကိုပေးသည်။ မတွေးမိသေးသည့် အတွေးကောင်းများကိုပေးသည်။ မရောက်ဖူးသည့် ကမ္ဘာသစ်သို့ ရောက်အောင်ပို့ပေးသည်။

ထို့ပြင် စာဖတ်ခြင်းသည် ဖတ်ပြီးသည့်စာအပေါ် ဆင်ခြင်သုံးသပ်ကာ ယခင်က မတွေးဖူးခဲ့သည့် အတွေးများ တွေးမိပြီး အတွေးမှားလျှင် ပြင်ချင်စိတ်များလည်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့်လည်း ရှေးက ကျွန်များစွာကို ပိုင်ဆိုင်သည့် သခင်များသည် သူတို့ပိုင်ဆိုင်သည့်ကျွန်များကို စာလုံးဝဖတ်ခွင့်မပေး။ စာသည် ဖတ်ပြီး ပျောက်ကွယ်သွားသည်မဟုတ်။ ဖတ်ပြီးသည့်စာကို ဦးနှောက်က ပြန်လှန်စဉ်းစားတွေးတောဆင်ခြင်လိမ့်မည်။ ထိုအခါ ကျွန်တို့အား အချိန်ကြာရှည်စွာ ထိန်းချုပ်နိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်များအား စာလုံးဝဖတ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။ သူတို့အိမ်၌ကား အခန်းပြည့်စာအုပ်စင်များထား၍ ဆွေစဉ်မျိုးဆက် စာဖတ်ကြသည်။ ထိုအချိန်ကတည်းကမှ စာဖတ်ခြင်း၏ တန်ဖိုးကြီးမားမှုကို သိခဲ့လျှင် ယနေ့ခေတ်ကဲ့သို့ ပညာရေးများ ပြိုင်ဆိုင်မှုကြီးမားချိန်၌ ဆိုဖွယ်ရာမရှိတော့ပြီ။

သို့သော် အချို့သောသူများသည် အကျင့်စာရိတ္တကောင်းခြင်းနှင့် စိတ်ထားကောင်းခြင်းတို့သည် ပို၍အရေးကြီးသည်ဟု ထင်မှတ်မှားတတ်ကြသေးသည်။ အမှန်စင်စစ် အကျင့်စာရိတ္တကောင်းမွန်ခြင်းနှင့် စိတ်ထားကောင်းခြင်း၊ ရိုးသားခြင်းတို့သည် ပညာဖြင့်တွဲဖက်၍ အသုံးပြုမှသာလျှင် ပို၍ တန်ဖိုးရှိပါသည်။ အသိဉာဏ်ပညာမရှိဘဲ အကျင့်စာရိတ္တနှင့် စိတ်ထားကောင်းမှုများသည် နှလုံးသားလှ၍ လူမိုက်ဖြစ်ရန် တာစူနေပါသည်။ ဆင်ခြင်စဉ်းစားမှုမပါပဲလုပ်သည့် စေတနာအလုပ်များသည် တန်ဖိုးရှိသည့်အလုပ်များ ဖြစ်မလာရုံမျှမက အမှားများပင် ဖြစ်တတ်ပါသေးသည်။ အသိဉာဏ်ပညာဖြစ်တည်လျှင် ရန်သူပင်ဖြစ်လင့်တကား မိမိနှင့် တခြားတစ်ဖက်ကို ထိခိုက်မှုမဖြစ်စေသည့်လုပ်ရပ်များ လုပ်ကိုင်လာနိုင်ပေမည်။ ထို့ကြောင့် ပညာရှိတစ်ဦးက “အသိဉာဏ်ပညာမရှိသော မိတ်ဆွေအယောက်တစ်ရာနှင့်စာလျှင် ဉာဏ်ပညာရှိသည့် ရန်သူတစ်ယောက်ကို ပို၍အလိုရှိသည်”ဟု ပြောဖူးခဲ့သည်။ ဤအခြင်းအရာကိုကြည့်လျှင် အကျင့်စာရိတ္တကောင်းခြင်းနှင့် စိတ်ထားကောင်းခြင်းတို့သည် အသိဉာဏ်ပညာ၌ မူတည်နေကြောင်း ထင်ရှားလှပေသည်။

အသိဉာဏ်ပညာဖြင့်ပြည့်စုံလျှင် လုပ်သင့်သည့်အလုပ်များသာလုပ်ခြင်း၊ နောင်တရဖွယ်များ ရှောင်ရှားခြင်းဖြင့် အကျင့်စာရိတ္တကောင်းသူ စိတ်ထားကောင်းသူ ဖြစ်လာပေမည်။ ထိုသို့သောသူ၏ လုပ်ရပ်များသည် အရှက်တရားဖြစ်စေမည့် အလုပ်များ လုံးဝ ဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုအခါ ကိုယ်ကျင့်သိက္ခာသည်လည်း ထိန်းပြီးသားဖြစ်၍ အရှက်တရားများသည်လည်း ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ကြောင်း ရေးသားလိုက်ရပေသည်။

မောင်မြင့်ဝင်း