News

POST TYPE

OPINION

ရှမ်းမြောက်အရေးမှာ တရုတ်သြဇာပါနေသလား
21-Aug-2019

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ခိုက်မှုတွေဟာ အခုဆိုရင် လေးရက်မြောက်နေ့ ဖြစ်လာသလို တိုက်ပွဲဖြစ်တဲ့ဧရိယာတွေ ပိုမိုကျယ်ပြန့်လာပြီး ဖျက်ဆီးခံရတဲ့ တံတားအရေအတွက်နဲ့ သေဆုံးခဲ့ရတဲ့သူတွေ အင်အားလည်း ပိုမိုများပြားလာနေတဲ့သတင်းတွေ ဖတ်ရပါတယ်။ ဖျက်ဆီးခံရတဲ့တံတားများကြောင့် မြန်မာ - တရုတ် ကုန်သွယ်ရေးဟာ သုံးလေးရက်အထိ ရပ်တန့်သွားပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ တစ်ရက်ကို ဒေါ်လာ ၁၆ သန်းခွဲခန့် ရှိနေတယ်လို့ဆိုပါတယ်။ ဒီမန္တလေး-လားရှိုး-မူဆယ်လမ်းကြောင်းကို အသုံးပြုပြီး ကုန်သွယ်တဲ့ပမာဏအနေနဲ့ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရှိနေကြောင်းနဲ့ ဒီနေ့အချိန်အခါမှာတော့ အဓိက ကုန်သွယ်ရေးနယ်စပ်စခန်းဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့လုပ်ငန်းများ လုံးဝ ရပ်တန့်နေတယ်လို့သိရသလို ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း နယ်စပ်ဂိတ်ပေါက်ကနေပြီး တရုတ်ဘက်ကို ထွက်ခွာနေကြတဲ့ ဒေသခံအရေအတွက် အတော်များလာနေတာလည်း တွေ့ရပါတယ်။ ယခုရက်ပိုင်းမှာတော့ ဖျက်ဆီးခံထားရတဲ့ တံတားတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးအရေးပေါ် ဘေလီသံဘောင်တွေထိုးပြီး ပြန်လည်ပြုပြင်နေသလို ဩဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းဆိုရင်တော့ ပြန်လည်သွားလာနိုင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းတွေမှာ တွေ့နေရပါတယ်။

ဒီမြောက်ပိုင်းဒေသမှာ ယခု ဖြစ်နေတဲ့ဖြစ်စဉ်တွေကိုလေ့လာကြည့်ရင် လွန်ခဲ့တဲ့ သုံးနှစ်ကလည်း အလားတူဖြစ်စဉ်မျိုးတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ အခုလောက်ထိတော့ စစ်နယ်ဝန်း မကျယ်ပြန့်ခဲ့သလို အတွင်းပိုင်းဒေသထဲမှာ အခုလို နှောင့်ယှက်ပစ်ခတ်တာ၊ တိုက်ခိုက်တာ၊ ဖျက်ဆီးတာတွေ မရှိခဲ့ပါဘူး။ သာမန်ထိတွေ့တိုက်ခိုက်မှုတွေအနေနဲ့သာ ဖြစ်ပေါ်ခဲ့ပြီးတဲ့အဆုံး နောက်ဆုံးမှာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို စတင်ပစ်ခတ်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာပဲရှိခဲ့တာ အားလုံးလည်းသိကြပြီးမှာပါ။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲတွေဟာ အခုလိုဖြစ်စဉ်နဲ့မတူဘဲ နယ်စပ်တစ်ဝိုက်မှာသာ ဖြစ်ပွားခဲ့ပြီး တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းကလည်း အခိုက်အတန့်ခဏသာ ရပ်တန့်ခဲ့ဖူးပါတယ်။ ဒီနေ့အချိန်ကာလလို ဆက်သွယ်ရေးလမ်းကြောင်း အတွင်းပိုင်းအထိ ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးတာမျိုး၊ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားတာမျိုးဆိုတာ မဖြစ်ခဲ့ဖူးတဲ့အခြေအနေပါ။

ဒီအတွက် ယခုနိုင်ငံရဲ့မြောက်ပိုင်း တရုတ်ထွက်ပေါက်ဖြစ်တဲ့ အဓိကလမ်းကြောင်းမှာ ဖျက်ဆီးပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတဲ့ အခြေခံ အကြောင်းတရားကို ရှာဖွေကြည့်တဲ့အခါ တရုတ်ရဲ့ ဩဇာပါနေနိုင်မယ်ဆိုတာ တွေးကြည့်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့အနောက် ထွက်ပေါက် ပိုးလမ်းမစီမံကိန်းပါ ရေခါးပတ်အတွင်းမှာဆိုရင် တရုတ်အနေနဲ့ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးဖို့အတွက် မြန်မာပြည်ကိုဖြတ် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ကားလမ်းဖောက်ထားတာအပြင် ဓာတ်ငွေ့လည်း ပို့လွှတ်နေတာအပြင် ရခိုင်ဒေသမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အခြေတည်ထားပြီးဖြစ်နေပါပြီ။ တရုတ်တို့အနေနဲ့ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ မော်လ်ဒိုက်၊ ပါကစ္စတန်တို့မှာလည်း ဆိပ်ကမ်းတွေ တည်ဆောက်ပြီး အနောက်ဘက်ထွက်ပေါက်ကို လမ်းကြောင်းချထားခဲ့ပြီးတဲ့ အခြေအနေပါ။ ဒီအနေအထားမှာကြားကဝင်ပြီး ဖျက်မြင်းဖြစ်လာတာက အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒစီမံကိန်းဖြစ်ပြီး အိန္ဒိယအနေနဲ့လည်း လက်ရှိကာလမှာ မြန်မာကိုချဉ်းကပ်လာပြီး ကုလားတန်မြစ်ဝှမ်းစီမံကိန်းကိုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်ကို တန်ပြန်ယှဉ်ပြိုင်ဖို့အတွက် အက်ဒမန်ကျွန်းအနားမှာ သူ့ရဲ့ရေတပ်ကိုအထိုင်ချပြီး မြန်မာ့ရေတပ်နဲ့ပါ အဆင်ပြေအောင် လုပ်ဆောင်လာခဲ့သလို အိန္ဒိယကနေ မြန်မာ့တပ်မတော်ကို ပထမအကြိမ် တော်ပီဒိုတွေရောင်းချပေးပြီး ဒုတိယအကြိမ်မှာ ရေငုပ်သင်္ဘောရောင်းချပေးမယ့်အထိပါ ကူညီခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့လည်း ရုရှားနဲ့ပါ အဆင်ပြေပြီး စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲတွေအထိ ခြေဆန့်ရင်း ရုရှားနိုင်ငံကထုတ်တဲ့ လေယာဉ်တွေကို ဝယ်ယူခဲ့တာ၊ နောက်ဆက်လက်ပြီး တပ်ချုပ်ကပါ သွားရောက်ပြီး လေယာဉ် တည်ဆောက်မှုနည်းစနစ်တွေကို လေ့လာဆန်းစစ်နေချိန်နဲ့ အချိန်ကိုက်ပဲ။ ဒီအခြေအနေကို မနှစ်မြို့နိုင်တော့တဲ့ တရုတ်တို့အနေနဲ့ ဒီရက်ပိုင်းမှာ သူ့ကုန်သွယ်ရေးလမ်းတစ်စကိုပါ အထိခိုက်ခံရင်း သူ့ဩဇာကို လှစ်ဟလိုက်တယ်လို့ တွေးဆယူစရာရှိလာပါတယ်။

ဒီလို ဘာလို့ပြောနိုင်သလဲဆိုတာကို လေ့လာကြည့်တဲ့အခါ တရုတ်ဟာ အရင်ကတည်းကလည်း သူ့ရဲ့ရေလမ်းခါးပတ်ပိုးလမ်းမမှာ ဝင်ပါလာတဲ့ အိန္ဒိယကိုဟန့်တားနိုင်ဖို့ရာ ကုလားတန်မြစ်ဝှမ်းစီမံကိန်းရှိရာ ဒေသတစ်ခွင်ကို သူရဲ့လက်ဝေခံ KIA အောက်က AA ကိုလွှတ်ပြီး ကစားစေခဲ့တာ၊ တည်ဆောက်ရေးပစ္စည်းတွေနဲ့ တံတားသံဘောင်တွေ ဖျက်ဆီးစေခဲ့တာတွေအပြင် လုပ်ငန်းတွေရပ်တန့်သွားအောင် အိန္ဒိယနဲ့ ပေါင်းလုပ်နေတဲ့ကုမ္ပဏီကလူတွေကိုဖမ်းပြီး လမ်းကြောင်းကို ပိတ်ဆို့စတာမျိုးတွေ ဖန်တီးခဲ့တယ်လို့ တွေးဆစရာအဖြစ်တွေ ရှိနေခဲ့ပြီးဖြစ်ပါတယ်။

AA တို့အနေနဲ့လည်း KIA ကတစ်ဆင့် တရုတ်ဩဇာအောက်မှာ အဲဒီကမှတစ်ဆင့် နယ်မြေမတည်ငြိမ်အောင်လုပ်သလို အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ဖို့ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးလုပ်နေတဲ့ ရဲစခန်းတွေကို ရွေးတိုက်စေခဲ့တယ်။ ပထမတစ်ကြိမ် ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ ARSA နည်းလမ်း အတိုင်းစစ်စခန်းတွေကို ဝင်တိုက်တာမဟုတ်ဘဲ ရဲစခန်းတွေကို ဝင်တိုက်ပြီး တရားဥပဒေစိုးမိုးမှုမဲ့အောင်လုပ်စေခဲ့တယ်။ အချုပ်ဆိုရရင် မြောက်ပိုင်း “ဝ”အဖွဲ့ဆိုတာ တရုတ်ရဲ့လက်ဝေခံလက်နက်ကိုင်တွေဆိုတာ အားလုံးသိပြီးသားဖြစ်သလို သူတို့ရဲ့ရပ်တည်နိုင်စွမ်းဟာ တရုတ်ကို လုံးဝအားထားနေရတယ်ဆိုတာ ငြင်းမရနိုင်တဲ့အချက်ပါ။ မြောက်ပိုင်း “ဝ”အဖွဲ့အနေနဲ့လည်း ယခင်လပိုင်းလောက်မှာ ကျင်းပခဲ့တဲ့ “ဝ”တပ်ဖွဲ့ရဲ့ နှစ်သုံးဆယ်ပြည့် အခမ်းအနားမှာ ပန်ဆမ်းရဲ့တိုးတက်မှု၊ သူတို့ရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရအောင် တည်ဆောက်ထားမှု လက်ရှိအစိုးရနဲ့ တပ်မတော်နဲ့ ဆက်ဆံနေမှု အနေအအထားတွေကို အားကျကြမှာအမှန်ပဲ။

ဒီအတွက် သူတို့လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်စီးပွားရေးအစရှိသဖြင့် စစ်ဘုရင်ဖြစ်လိုတဲ့ဆန္ဒတွေ ဖြစ်ပေါ်ကြမှာအမှန်မို့ ဒီလိုဖြစ်ဖို့ဆိုရင် တစ်ဖက်က တရုတ်ကြီးရဲ့ စစ်လက်နက်အထောက်အပံ့ရမှဖြစ်မယ်။ ဝတ်စုံတွေ၊ နေစရာတွေရမှဖြစ်မယ်။ စားသောက်ရေးနဲ့ သူတို့နောက်လိုက်တွေကို ပေးကမ်းရေးအတွက်ကတော့ ဆက်ကြေးကောက် မူးယစ်ဆေးထုတ်လုပ် အရောင်းအဝယ်လုပ် သစ်ခိုးထုတ် သယံဇာတ ကျောက်မျက်ခိုးထုတ်စတဲ့ ဖြတ်လမ်းနည်းနဲ့ အချိန်တိုအတွင်း တည်ဆောက်လိုကြတယ်။

ဒီအတွက် လူသူအင်အားစုစည်းတယ်၊ နယ်မြေစိုးမိုးဖို့ ကြိုးစားကြတယ်၊ အခြေခံနယ်မြေတိုးပြီး ခြေကုပ်ယူချဲ့ထွင်ကြတယ်။ ဒီကာလမှာပဲ တပ်မတော်က သူတို့ရဲ့ပင်မမူးယစ်ထုတ်စခန်းတွေနဲ့ သယ်ဆောင်ရာလမ်းတွေက ဖမ်းတယ်။ ဒီအခါ သူတို့အခက်ပွေကြချိန် တရုတ်ကလည်း သူ့ပါဝါအတွက် မီးစိမ်းပြချိန်နဲ့ ဒီအခါတပ်မတော်နဲ့ ထိပ်တိုက်တွေ့ကြရတယ်။

တစ်ဖက်မှာလည်း အထက်မှာဆိုခဲ့သလို တရုတ်ရဲ့ ဩဇာအောက်မှာ တရုတ်ရဲ့နိုင်ငံရေးကစားမှုမှာလည်း လိုက်နာလုပ်ဆောင်ပေးရတယ်။ စစ်ကစားပေးရတယ်။ အစိုးရနဲ့ တပ်မတော်ကို အကျပ်ရိုက်အောင်၊ နိုင်ငံရေးသိက္ခာကျအောင်၊ လူထုထောက်ခံမှုကျဆင်းအောင်၊ တရုတ်တို့အနေနဲ့လည်း သူတို့နဲ့ အဆင်ပြေအောင်နေပြီး လိုက်လျောဆက်ဆံနေမှ ငြိမ်းချမ်းရေးရနိုင်မယ်၊ နိုင်ငံရေးတည်ငြိမ်မယ်၊ နိုင်ငံတိုးတက်မယ်ဆိုတဲ့ သဘောမျိုးကို ဦးတည်ပြီးသွားစေလိုတဲ့ဆန္ဒရှိပုံပေါ်ပါတယ်။

ယခုလက်ရှိအနေအထားမှာတော့ တရုတ်ဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား၊ ကုန်စည်စီးဆင်းမှု၊ တရားဥပဒေစိုးမိုးမှု၊ တပ်မတော်ရဲ့ နယ်မြေတည်ငြိမ်ရေးတို့ကို နှောင့်ယှက်စေလိုတဲ့သဘောနဲ့ ခိုင်းစေခြင်းလားသုံးသပ်ကြည့်ရပါမယ်။ ယခုလက်ရှိ ရခိုင်၊ ချင်းပြည်နယ် ပလက်ဝခွင်နဲ့ ရခိုင်ခွင်တွေမှာ AA ရဲ့စစ်ရေးဖြန့်ကြက်မှုရှိတယ်၊ လှုပ်ရှားမှုများတယ်ဆိုပေမယ့် ဒါဟာအစိုးရနဲ့ တပ်မတော်အနေနဲ့တော့ ဒါဟာကိုယ့်တိုင်း ရင်းသားအရေးလို့ ခံယူထားပုံပေါ်တယ်။ အုံလိုက်ကျင်းလိုက်ရှိနေတဲ့ AA ကို ခေတ်မီထောက်လှမ်းရေးယာဉ်နဲ့ နည်းပညာတွေအရ တွေ့ရပေမယ့်လည်း ချေမှုန်းဖို့ ညှာတာခဲ့ပုံပေါ်တာ ပြောကြားချက်တွေအရ သုံးသပ်ကြည့်မိရင်မြင်နိုင်ပါတယ်။ လက်ရှိအနေအထားမှာတော့ အစိုးရအနေနဲ့လည်း သံတမန်ရေးအရ နိုင်ငံရေးအသာစီးရအောင် နိုင်ငံကြီးတွေကြား ကစားနေရသလို တိုင်းရင်းသားတွေနဲ့လည်း တစ်ဖက်ကတွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းတည်ဆောက်နေချိန်မှာ တပ်မတော်အနေနဲ့လည်း အဘက်ဘက်က ရင်ဆိုင်နိုင်ဖွယ်ရာ ရှိလာနိုင်တဲ့ ရန်တွေအတွက် ခေတ်မီတဲ့စစ်သုံးယာဉ်မျိုးစုံ၊ လက်နက်တွေသုံးပြီး ပြင်ဆင်ထားရတဲ့အချိန်ကာလမျိုးမှာ တရုတ်တို့အနေနဲ့ အမြင်ကြည်လင်နိုင်ပုံမပေါ်ဘဲ ဒီအတွက်ပဲ ဒီလမ်းကို သူတို့ထွင်ထားပေးတာလို့ မြင်စရာရှိလာပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

သန်းဖြိုးနိုင်