News

POST TYPE

OPINION

ပြိုင်တူတွန်းရမယ့်အရွေ့ ဆင်တုပ်ကွေးအမှတ်တရ
20-Aug-2019



၎ - ၇ - ၂၀၁၉ ရက်နေ့ ညနေ ၅ နာရီလောက် မိတ်ဆွေတစ်ဦး၏ Facebook စာမျက်နှာပေါ်မှာ ရေးတင်ထားသည့် ရောဂါတစ်ခုအကြောင်းကို ဖတ်မိလိုက်သည်။ လူတစ်ယောက်၏ကျောပြင်နှင့် ခြေတစ်စုံ၏ပုံများ ဖော်ပြထားပြီး ကျောပြင်တွင် လည်းကောင်း၊ ခြေထောက် ခြေသလုံးသားတွင်လည်းကောင်း အင်ပျဉ်ဖြစ်နေသကဲ့ မိတ်ဖုနီနီရဲရဲတွေ အပျဉ်လိုက်ပေါ်ထွက်နေပုံကို အနီးကပ် ရိုက်ပြထားသည်။ ရောဂါအမည်ကိုလည်း ဖော်ပြထားသည်။ မိုးကောင်းမှာ “ဆင်တုပ်ကွေး” ရောဂါဖြစ်ပွားနေပြီး တစ်ဦးမှတစ်ဦးသို့ ကူးစက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလုပ် သင့်လုပ်ထိုက်တာကို လုပ်ဆောင်သင့်ပြီဖြစ်ကြောင်းလည်း တင်ပြထားရာ ကျွန်တော့် တစ်သက်နှင့်တစ်ကိုယ် ဤရောဂါကိုမကြားဖူး၊ မသိဖူးခဲ့။

ဖြစ်စမှာ အဖျားက (၁၀၃ံ- ၁၀၄ံ)၊ ပြီးလျှင် တစ်ကိုယ်လုံးကိုက်ခဲ နာကျင်မည်။ ပြီးလျှင် အင်ပျဉ်လို အဖုနီနီရဲရဲများ အပျဉ်လိုက်ထွက်ပြီး ယားသည့် ဝေဒနာကိုခံစားရမည် စသဖြင့် ဖော်ပြထားရာ အပေါ်ယံလောက်သာ ဖတ်မိလိုက်သည်။ H1N1 တုပ်ကွေးရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါလောက်သာ ကြားဖူးရာ အမှုမဲ့အမှတ်မဲ့သဘောထား လိုက်သည်။ ရန်ကုန်မြို့မှာဖြစ်ပွားနေပြီး အသေအပျောက်ရှိနေသော တုပ်ကွေးရောဂါမျိုး မဟုတ်သဖြင့်လည်း ပေါ့ပေါ့သာတွေးမိလိုက်သည်။အရေးသိပ်မကြီးဟု။

နောက်နေ့ နံနက် ၃ နာရီဝန်းကျင်မှာ ကျွန်တော့်တစ်ကိုယ်လုံး ချမ်းတုန်ကာ အပြင်းဖျားလာသည်။ ကိုယ်အပူက တော်တော်များမည်။ ဦးခေါင်းတစ်ခုလုံး နာကျင်အုံခဲလာသည်။ တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲ လာပြီး အင်အားချည့်နဲ့စွာ မလှုပ်ချင်မရှားချင်အောင် ဖြစ်မိနေခဲ့သည်။

မနက်မိုးလင်းတော့ လမ်းကိုမနည်းလျှောက်ရသည်။ ပြနေကျ အပြင် ဆေးခန်းကိုရောက်သွားတော့ ဆေးခန်းမှ မကြုံစဖူး လူနာတွေအုံနှင့်ကျင်း နှင့်ရောက်နေသည်။ တန်းစီမစောင့်ချင်တာကြောင့် နောက်ထပ်ဆေးခန်း ကိုပြောင်းပြသည်။ အဆိုပါဆေးခန်းမှာလည်း လူနာတွေကြိတ်ကြိတ်တိုး နေသည်။ မထူးတော့သည်မို့ တန်းစီပြီး ဆရာဝန်နှင့်တွေ့သည်။ တင်ပါး ဆေးတစ်လုံးထိုးပေးပြီး ဆေးသုံးလုံး တစ်စုံ သုံးကြိမ်အတွက် ပေးလိုက်သည်။ အသားဆေးထိုးတော့ နည်းနည်းနာမည်၊ တုပ်ကွေးဖြစ်တာပါဆိုပြီး ဘာမှသိပ်မပြော။ ရောက်နေသည့်လူနာများကိုကြည့်လိုက်တော့ ကျွန်တော့် လိုလက္ခဏာမျိုးကများသည်။ ကလေးငယ်တွေပါသည်။ အသက်အရွယ်ကြီး သူတွေပါသည်။ အချို့က ကျွန်တော်ဖြစ်တာ သုံးရက်ရှိပြီဟုဆိုသည်။ လမ်းလျှောက်ပုံက ထော့နဲ့နဲ့ပုံစံ။ နောက်တစ်ဦးကတော့ မျက်ခွံတွေမို့ပြီး နီရဲနေသည်။ လည်ပင်းနှင့်ကုပ်ပိုးပေါ်မှာ အဖုအပိမ့်တွေမြင်ရပြီး မကြာခဏ လှမ်းကုတ်နေသည်။ ကလေးငယ်များက အပူအားကြီးစွာ မိခင်ရင်ခွင်မှာ မှိန်းနေသည်။

ကျွန်တော် ဖျားရက် ၃ ရက်မြောက်မှာ ကျွန်တော့်ဇနီး စဖျားသည်။ ပထမရက်တွင် ဆေးခန်းသွား ဆေးထိုးနိုင်သော်လည်း နောက်ရက်မှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့သလို ဆေးခန်းသွားရန် ကားပေါ်ကိုပင်တက်နိုင်ခြင်း မရှိတော့။ ဆေးဆိုင်ကိုပြေး၊ ဆေးဆိုင်ကစပ်ပေးသည့် ဆေးကို တစ်ရက် သုံးကြိမ်စားပြီး အဖျားအကိုက်ဝေဒနာကို ကုရတော့သည်။ နောက်ရက်တွေမှာလည်း ဆေးခန်းမှာ အချိန်ကြာမြင့်စွာ မတန်းစီနိုင်တော့သဖြင့် ကျွန်တော်လည်း ဆေးဆိုင်ကစပ်ပေးသည့် စပ်ဆေးများ ဖြင့်သာ စခန်းသွားရတော့သည်။

ကိုယ်ဖြစ်လာတော့မှ “ဆင်တုပ်ကွေး” ဆိုတာကို Internet, Facebook စာမျက်နှာတွေမှာ ရှာဖွေလှန်လှောရသည်။ တကယ်တော့ “ဆင်တုပ်ကွေး” ရောဂါက အရင်တစ်ချိန်ကတည်းက တနင်္သာရီတိုင်းမှာ ကြုံတွေ့ခဲ့ပြီးဖြစ်သည်ကို တွေ့ရသည်။ Aung Medical Facebook Page တွင် ဖော်ပြထားချက်က ပြည့်စုံပြီး ခိုင်လုံမှုရှိသည်ဟု ယူဆမိသည်။ ဆင်တုပ်ကွေးကို အင်္ဂလိပ်လို chikungunya ခေါ်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။ chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယားနိုင်ငံ လူမျိုးစု ဘာသာစကားမှ စတင်မြစ်ဖျားခံခဲ့ပြီး (တွန့်လိမ်ကောက်ကွေးခြင်း) လို့ အဓိပ္ပာယ်ရပြီး ရောဂါခံစားရသူများ နာကျင်ကိုက်ခဲ၍နေခြင်းကို ဆိုလိုထားသည်။ ဆက်လက်ဖော်ပြချက်များမှာ -

ရောဂါပိုး သယ်ဆောင်ထားသောခြင် ကိုက်ခံရ၍ဖြစ်ပွားကာ ခြင်ကိုက်ခံရပြီး ၃ ရက်မှ ၅ ရက်တွင် လက္ခဏာ စတင်ခံစားရသည်။ ဖြစ်ပွားစေသည့် ခြင်အမျိုးအစား (Aedes aegypti & Aedes albopictus) က သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်အမျိုးအစားနှင့် အတူတူဖြစ်သည်။

အဓိကလက္ခဏာများမှာ ဖျားပြီး အဆစ်အမြစ် လွန်စွာကိုက်ခဲခြင်း ဖြစ်သည်။ လူနာအများစု (၈၇ ရာခိုင်နှုန်း-၉၀ရာခိုင်နှုန်း)မှာ ကိုက်ခဲ ကြသည်။ ၎င်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ အရေပြားပေါ်တွင် အင်ပျဉ်ကဲ့သို့ ယားနာအကွက်ပေါ်ခြင်းများ ဖြစ်တတ်သည်။ များသောအားဖြင့် သေစေနိုင်သော ရောဂါမဟုတ်ပါ။ လူအများစုတွင် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူများတွင် အဆစ်နာကျင်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်သည်။ ရောဂါဖြစ်ပြီးသူများအနေနှင့် ခုခံစွမ်းအားရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။ သွေးလွန်တုပ်ကွေးနှင့်မတူကြောင်း၊ ၎င်းတွင် မျိုးကွဲ မရှိ။ မွေးကင်းစကလေးငယ်များ၊ အသက် ၆၅ နှစ်အထက်လူကြီးများ၊ သွေးတိုး ဆီးချို နှစ်ခုလုံးရောဂါအခံရှိသူများတွင် ပိုမိုခံစားရလေ့ရှိပါသည်။ ကူးစက်ပုံ ကူးစက်နည်းက ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်းရှိဗိုင်းရပ်စ် ပိုးသည် ၅၊ ၇ ရက် ရှိနေနိုင်ပြီး ထိုအချိန်အတွင်း ဖျားနာသူကို ကိုက်သောခြင်မှတစ်ဆင့် အခြားသူအား ကိုက်ခံရပါက ကူးစက်သွားခြင်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ဘဲ ခြင်ကိုက်ခံရခြင်းမှသာ ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကုသပုံမှာ အနားယူရမည်ဖြစ်ပြီး အရည်များများသောက်ခြင်း၊ အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက်အတိုင်းသောက်ခြင်းဖြင့် ကုသနိုင်သည်။ အက်စပရင်နှင့် အခြားအကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးရန်မသင့်ကြောင်းနှင့် ပထမတစ်ပတ်အတွင်း ခြင်ကိုက်မခံရအောင် ဂရုစိုက်ရမည်။ အခြားသူများ မကူးစက်နိုင်ရန်အတွက်ဖြစ်သည်ဟု ဆိုထားပါသည်။ ကာကွယ်နိုင်သည့် အဓိကနည်းလမ်းက အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်သည်။

ရောဂါရာဇဝင်အရ ပထမဆုံးသောလူကူးစက်ခြင်းကို ၁၉၅၀ မှာ အာဖရိကတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၆၀ တွင် ဘန်ကောက်၊ ၁၉၆၃ မှ ၁၉၇၃ တွင် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဆိုထားသည်။ ၂၀၀၄ မှာ ကင်ညာ နိုင်ငံမှတစ်ဆင့် နိုင်ငံတော်တော်များသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်ကတည်းက ရောဂါဖြစ်ပွားမှုရှိခဲ့ပြီး ၂၀၁၃ တွင် အမေရိ ကန်နိုင်ငံတွင်လည်း ရောဂါဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။ ကိုယ်ဝန် ဆောင်များ သတိထားရမည့်အချက်ကိုလည်း ဖော်ပြထားသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရောဂါကူးစက်ခံရပါက အခြားသူများကဲ့သို့ ဖျားခြင်း၊ ကိုက်ခဲခြင်းများ ခံစားရနိုင်သည်။ ကိုယ်ဝန်ပျက်နိုင်ခြေ အလွန်နည်းသည်။ သန္ဓေသားကို ကူးစက်နိုင်ခြင်းမရှိပါ။ သို့သော် မွေးဖွားချိန်တွင် ရောဂါပိုးဗိုင်းရပ်စ် များပြားနေချိန်ဖြစ်ပါက မွေးကင်းစကလေးအား ကူးစက်နိုင်သည်။ မွေးလာသောကလေးအား မိခင်နို့တိုက်ကျွေးခြင်းဖြင့် မကူးစက်နိုင်ဟု ဆိုပါသည်။

သတိပြုရမည့်အချက်များမှာ -

- သွေးလွန်တုပ်ကွေးရောဂါနှင့် ရောဂါလက္ခဏာဆင်တူသည်။ ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။

- ဆင်တုပ်ကွေးဖြစ်လျှင် အရေပြားမှာ အနီစက်တွေ ထွက်တတ်သည်။

- ရာသီတုပ်ကွေး (Seasonal Flu) မဟုတ်ခြင်းကြောင့် တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းက ဆင်တုပ်ကွေးကို မကာကွယ်ကြောင်း ဖော်ပြထားသည်။

- နောက်တစ်ချက်မှာ ဆင်တုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သဖြင့် ရောဂါပျောက်အောင်ကုသနိုင်သည့်ဆေး မရှိခြင်းပင်ဖြစ်သည်။

ဖော်ပြထားသည့်အချက်အလက်များအရဆိုလျှင် အဓိက အရေးအကြီးဆုံးမှာ ခြင်နှိမ်နင်းရေးပင်ဖြစ်သည်။

မိုးကောင်းမြို့ လက်ရှိအခြေအနေကား ခြင်နှိမ်နင်းရေးထက် ကုသရေးက ပိုအရေးကြီးနေပြီ။ တစ်အိမ်လျှင် တစ်ယောက်ဖြစ်ရာမှ မိသားစု ၃ ယောက်မှာ နှစ်ယောက်ဖျား၊ အချို့က အိမ်လုံးကျွတ်ဖျားနေကြသည့် အခြေအနေဖြစ်နေပြီ။ ဆေးခန်းအားလုံးမှာ လူနာတွေ အုံနှင့်ကျင်းနှင့် ရောက်နေသည်။ ဆေးခန်းတစ်ခါပြ တစ်ယောက်ကို လေးငါးထောင်၊ မိသားစု ၃ ယောက်ဆို တစ်သောင်းကျော်၊ နေ့စဉ်ဆေးခန်းပြဖို့မတတ်နိုင်၊ နီးစပ်ရာ ဆေးဆိုင်တွေသွား စပ်ဆေးတွေသောက် ဖြေရှင်းနေကြသည်။ စပ်ဆေးပင် မဝယ်သောက်နိုင်သူတွေက ရိုးရာဆေးမြီးတိုတွေနှင့် ကုသနေရသည့် အခြေအနေ။

ထိုအခြေအနေမှာ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေနှင့် အလှူရှင်တစ်စုတို့ မိုးကောင်းမြို့နယ် ဆရာဝန်ကြီးကို သွားရောက်တွေ့ဆုံကာ လက်ရှိအခြေအနေကို မည်သို့မည်ပုံ ဖြေရှင်းလို့ရနိုင်မလဲဆိုသောအချက်ကို ဆွေးနွေးတိုင်ပင်ဖြစ်သည်။

မြို့နယ်ဆရာဝန်ကြီးကတော့ ဝန်ထမ်းဖြစ်သည်နှင့်အညီ ရောဂါဖြစ်သူ၏သွေးကိုယူပြီး လေယာဉ်ဖြင့် ဓာတ်ခွဲခန်းကိုပို့၊ သွေးထဲမှာ ဆင်တုပ်ကွေးရောဂါပိုးတွေ့ရှိကြောင်း သွေးစစ်ချက်အဖြေကိုရမှသာ မိုးကောင်းတွင် ဆင်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားပြီဆိုသည့်အကြောင်းကို သတင်းထုတ်ပြန်ခွင့်ရရှိမည်ဟု ဆိုပါသည်။

(လူနာကိုးဦး၏ သွေးနမူနာကို ဓာတ်ခွဲခန်းသို့ လေယာဉ်ဖြင့်ပို့ ဆောင်ပြီး စစ်ဆေးရာ ၆ ဦးမှာ ဆင်တုပ်ကွေးရောဂါပိုးတွေ့ရှိကြောင်း အခမဲ့ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်မှာ အကြောင်းကြားစာ ရရှိသည်။)

အဓိကလုပ်ဆောင်ရမည့်အချက်မှာ အိမ်တိုင်းအိမ်တိုင်း “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ရမည်ဟု ဆိုလာသည်။

သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်လာ သည့်ခြင်မှာ “ခြင်ကျား”​  (Aedes aegypti နှင့် Aedes albopictus) အမျိုးအစားခြင်ဖြစ်ပြီး ရေကြည်ရေသန့်တွင် ပေါက်ပွားခြင်းဖြစ်ရာ မိမိတို့အိမ်ရှိရေစည်များ၊ ရေပုံးများ၊ ရေအိုးများကို ဖုံးအုပ်ထားခြင်း၊ စွန့်ပစ်ထားသည့်ရေအိုး၊ ရေခွက်၊ ရေပုံး၊ ရေသန့်ဘူးခွံများအတွင်းရှိ ကြာရှည် ခိုအောင်းနေသည့် ရေကြွင်းရေကျန်များကိုသွန်ပစ်ခြင်း၊ အိမ်မှာသုံးနေသည့်ရေပုံး၊ ရေအိုးအတွင်းရှိရေကို မကြာခဏလဲလှယ်ပေးခြင်း၊ ဘုရားစင်မှ ဘုရားပန်းအိုးများရှိရေများကို တစ်ရက်တစ်ခါ လဲလှယ်ပေးခြင်း၊ သောက်ရေကန်၊ သောက်ရေအိုး၊ ရေစည်ပိုင်း စသည့်သုံးရေများအတွင်း ခြင်ဖြစ် မည့်ပိုးလောက်လန်းများရှိမရှိ စစ်ဆေးပြီး ရေစစ်ဖြင့် ပိုးလောက်လန်းများကို စစ်ထုတ်ခြင်း စသည်တို့ကို အိမ်တိုင်းအိမ်တိုင်လုပ်ဆောင်ရမည် ဟုဆိုသည်။ ရေလဲလှယ်အသုံးပြုရန်ခက်ခဲသည့် ရေတွင်း၊ ရေကန်၊ ရေစည် များတွင် ပိုးလောက်လန်းသေစေနိုင်သည့် Abate အဘိတ်ဆေးမှုန့်ကို ခတ်ထားပေးရမည်ဟုဆိုသည်။ မိုးမကျမီ အိမ်တိုင်းသို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို စီမံချက်နှင့်လုပ် ဆောင်ခဲ့သော်လည်း ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ အများပြည်သူ ပူးပေါင်းပါဝင်မှုနည်းပါးခြင်းကြောင့် ထိရောက်မှုမရှိခဲ့ကြောင်းလည်း ရှင်းပြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကတစ်ဆင့် အဘိတ်ဆေးများ ကိုဝေငှခဲ့သော်လည်း အချို့အိမ်များက အသုံးမပြုဘဲပစ်ထားကြောင်း ရှင်းပြသည်။ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းအတွက်လည်း ငွေကြေးဘတ်ဂျက် မလုံလောက်ခြင်း၊ လုပ်သားအင်အား နည်းပါးခြင်းကြောင့် နေရာတိုင်းကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ရှင်းပြသည်။

ကျွန်တော့်အထင် ဖုံး၊ သွန်၊ လဲ၊ စစ်ကို နေရာတိုင်း၊ မြို့တိုင်း၊ အိမ်တိုင်း တစ်ပြိုင်နက်ဆောင်ရွက်နိုင်မှသာ ထိရောက်မည်ဟုထင်သည်။ မိုးကောင်း မှာလုပ်ပြီး မိုးညှင်းမလုပ်လျှင်၊ မြို့မှာလုပ်ပြီး ရွာမှာမလုပ်နိုင်လျှင်၊ ဈေးမှာ လုပ်နိုင်ပြီး ဘူတာများမှာမလုပ်နိုင်လျှင် နေ့စဉ်နေ့တိုင်း ထိတွေ့ဆက်ဆံ နေရသောနေရာများကတစ်ဆင့် ခြင်အကိုက်ခံရပြီး ရောဂါကူးစက်နေဦး မှာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ရောဂါကူးစက်ခံနေရသည့်လူနာများကို အခမဲ့ကုသရေးစီမံချက် စတင်ခဲ့ရပြီ။ ကုန်ကျမည့် ငွေကြေး၊ ဆေးဖိုးတို့က မိုးကောင်းမြို့မှ စေတနာရှင်မိသားစုများ၊ နယ်ဝေး ရောက်မိုးကောင်းသားများ၊ လုပ်ငန်းရှင်အလှူရှင်များက လှူဒါန်းကြသည်မို့ အခက်အခဲမရှိ။ ကုသရေးအတွက် ဆရာဝန်၊ သူနာပြု၊ ဆေးဝါး ကျွမ်းကျင်ပညာရှင်များမရလျှင် ဘာမှမတတ်နိုင်။ သို့သော်လည်း ပြည်နယ်အစိုးရကစီစဉ်ပေးသည့် ဆရာဝန်များနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူ များက ဝိုင်းဝန်းစီစဉ်ပေးကြသည်မို့ မိုးကောင်းမြို့သူမြို့သားများ ကံကောင်းကြသည်ဟုဆိုရမည်။ မိုးကောင်းဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုဆရာ၊ ဆရာမများက ဆေးရုံတာဝန်တစ်ဖက်နှင့် အလှည့်ကျ လာရောက်ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရသည်။ ထို့ပြင် မိုးကောင်းမြို့ ပြင်ပဆေးခန်းများက ဆရာဝန်များကလည်း သူတို့ ဆေးခန်းမှာ လူနာများပြည့်နေသည့်အကြားမှ လာရောက်ကုသပေးခြင်း အတွက်လည်း ကျေးဇူးတင်သည်။

NGO အဖွဲ့အစည်းများဖြစ်သည့် MDM အဖွဲ့၊ SARA အဖွဲ့မှ ဆရာဝန်များကလည်း ရုံးဆင်းချိန်လေးမှာ အပြေးအလွှားလာထိုင်ပေးသည်။ မန္တလေးသွေးလှူရှင်အသင်း၊ ဗြဟ္မစိုရ်အသင်း၊ ရန်ကုန်မြို့ Alliance Myanmar အဖွဲ့များမှ ဆရာဝန်များ၊ သူနာပြုများကလည်း အစအဆုံး လာရောက်ကူညီပေးခြင်းအတွက် အထူးကျေးဇူးတင်ရသည်။

အခမဲ့ကုသပေးသည့် ၂၂ ရက်တာကာလမှာ လူနာပေါင်း ၈၆၀၀ ကျော်ကို အခမဲ့ကုသပေးနိုင်ခဲ့သည်။ မွန်မြတ်သောလုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုကျန်ရစ်သည်။

တကယ်တော့ ဆင်တုပ်ကွေးရောဂါကိုပျောက်အောင် ကုသနိုင်သောဆေးမရှိ။ ရောဂါပိုးဝင်သည်နှင့် ကိုယ်လက်နာကျင်စွာကိုက်ခဲခြင်း၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း စသည့်ဝေဒနာများ ပူးတွဲခံစားရခြင်းဖြစ်သည်။ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပိုးဝင်ရောက်သည်နှင့် အဆိုပါ ပိုးကိုမသတ်နိုင်။ မူလခန္ဓာကိုယ်အတွင်းရှိ ခုခံအားက အဆိုပါဗိုင်းရပ်ပိုး ကို ပြန်လည်တိုက်ထုတ်ခြင်းကြောင့် လေးငါးရက် တစ်ပတ်ဝန်းကျင်အ ရောက်တွင် ရောဂါပိုးက ပြန်ထွက်သွားခြင်းဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ခုခံအားစနစ်နှင့် ဗိုင်းရပ်စ်ပိုးတို့ အပြန်အလှန်တိုက်ခိုက်ကြရင်း အရိုးအဆစ်များရှိ အရိုးနုများ၊ အသားနုများ ထိခိုက်ပျက်စီးရခြင်းကြောင့် မခံမရပ် နိုင်အောင် နာကျင်ခြင်းဝေဒနာကို ခံစားရခြင်းဖြစ်သည်။ အဆိုပါနာကျင် သည့်ဝေဒနာကိုမခံနိုင်သူက ဆေးခန်းသွားသည်။ အချို့က အကိုက်အခဲ ပျောက်ဆေးမျိုးစုံရောထားသည့် Para, Diclo, Dexa ,Ibuprofen စပ်ဆေးကို ဝယ်သောက်သည်။ တကယ်တော့ အဆိုပါအကိုက်အခဲပျောက် ဆေးများသောက်၊ ထိုးဆေးများထိုးလျှင် အစာအိမ်ရောင်ခြင်း၊ အစာအိမ်သွေးကြောတွေပေါက်ခြင်း၊ ကျောက်ကပ်၊ အသည်းတို့ကို ထိခိုက်နိုင်ရာ ဆရာဝန်များ ကချင့်ချိန်ပြီးမှ စားကြထိုးကြစေလိုကြောင်း ပြောဆို ညွှန်ကြားချိန်မှာ လူနာအမြောက်အမြား၏သွေးကြောတွေအတွင်းမှာ အဆိုပါဆေးတွေက အလုံးအရင်းနှင့် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ အချို့အိမ်လုံးကျွတ် ဖြစ်သူတွေရှိရာ တစ်နေ့လုပ်တစ်နေ့စားများအဖို့ ဝမ်းစာရေးအတွက် အနည်းဆုံး နှစ်ယောက်ပြန်နေကောင်းဖို့ လိုအပ်ခြင်းကြောင့် အမြန်ပျောက်ဖို့ အရေးကြီးသူတွေက ဘာဆေးကောင်းလဲမေး၊ ကောင်းတယ်ပြောသည့် ဆေးကို ဝယ်သောက်၊ ဆေးကိုလည်း နံနက်တစ်လုံး၊ ညတစ်လုံးထိုးပစ်ကြသည်။

ကျွန်တော်တို့ အခမဲ့ကုသရေးစခန်းဖွင့်တော့ တပ်မတော်နယ်လှည့် အဖွဲ့ကလည်း လာရောက်ကုပေးရာ အချို့က တပ်မတော်အဖွဲ့တွင် နံနက် ဆေးထိုး၊ ညနေပိုင်း ပရဟိတအဖွဲ့မှာ ထပ်ထိုးနှင့် ဆေးအတိုင်းအတာများပြီး နောက်ဆက်တွဲရောဂါများနှင့် ဆေးရုံကိုရောက်လာကြကြောင်း ဆရာဝန်ကြီးက ညည်းညူပြသည်။ ရောဂါဖြစ်သူတိုင်းကလည်း ဆေးထိုးမှ ပျောက်မည်အထင်နှင့် ဆေးမထိုးပေးသည့်ဆရာဝန်ဆို သိပ်မကြိုက်။ အကိုက်အခဲပျောက်ဆေးများသည် ရောဂါကို အရှင်းပျောက်စေသည် မဟုတ်။ အကိုက်အခဲကို ခေတ္တယာယီသာသက်သာစေသည်။ ဆေးအရှိန်ပြယ်သည်နှင့် ကိုက်တာခဲတာ ပြန်ဖြစ်မည်။ အကိုက်အခဲပျောက်ဆေးများကို လိုအပ်သလောက်သာ သောက်ပါဆိုသည့်ဆရာဝန်များက သတိပေးချိန်တွင် အကိုက်အခဲဝေဒနာအပြင် ဆေးပြင်းများ၏ဒဏ်များကြောင့် ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများ ထိခိုက်ပျက်စီးမည့်အခြေအနေဖြစ်ခဲ့ပြီ။ ဆင်တုပ်ကွေးရောဂါက သေဆုံးနိုင်သည့်ရောဂါမဟုတ်သော်လည်း အသက်အရွယ်ကြီးသူ၊ ကိုယ်ခံအားနည်းသူတို့မှာ ရက်ပေါင်းများစွာ (အနည်းဆုံး နှစ်လ သုံးလမှ အများဆုံး နှစ်နှစ် သုံးနှစ်အထိ) နာကျင်ကိုက်ခဲခြင်းဝေဒနာကို ခံစားရမည်။ အကိုက်အခဲဒဏ်ကိုမခံနိုင်သူက အကိုက်အခဲပျောက်ဆေးတွေ ရက်ရှည်စားရတော့မည်။ ဘေးထွက်ဆိုးကျိုးတွေ မည်မျှရှိနိုင်မလဲ မသိနိုင်။ ကျွန်တော်တို့ မိသားစုကိုယ်တိုင် ခံစားနေရသည်မှာ လက်ရှိ တစ်လကျော်ပြီ။ ကိုယ်လက်တွေ၊ ခြေဆစ်လက်ဆစ်တွေ ရောင်ရမ်းနေဆဲ။ ကိုက်ခဲနေဆဲ။ အကိုက်အခဲပျောက်ဆေးတွေ ဖြတ်ကြည့်သည်။ မခံမရပ်နိုင်အောင်နာကျင်လာပြီး လမ်းမလျှောက်နိုင်၊ အလုပ်မလုပ်နိုင်၊ အကိုက်အခဲပျောက်ဆေးတွေ ပြန်စားရသည်။ ဘယ်အထူးကု၊ ဘယ် ဆရာဝန်ဆီသွားသွား အဖြေမရှိ။ စိတ်မကောင်းစရာပေမယ့် မည်သူ့မှာ တာဝန်ရှိသည်ကိုတော့ ပြောရခက်ပါသည်။ စိတ်မကောင်းစရာအကြောင်း တစ်ခုအဖြစ် ထားရုံမှတစ်ပါးအခြားမရှိပါ။

ကျွန်တော်တို့နိုင်ငံက မဖြစ်ခင် ဘယ်လိုကာကွယ်စောင့်ရှောက်ကြမည်ဆိုသည့်စီမံချက် သိပ်မရှိ၊ ဖြစ်လာမှသာ လှူကြ၊ တန်းကြ၊ ကူညီကြ၊ ဆေးမြီးတိုနည်းတွေနှင့် ဖြေရှင်းကြနှင့် မိုးလွန်မှထွန်ချတတ်ကြသည်။ သူခိုးပြေးမှ ဟန်ရေးပြတတ်ကြသည်။ 

နောက်ဆုံး အကြံပြုလိုသည်က တာဝန်ရှိသူများအားလုံး ပြည်သူတို့အပေါ် ထောက်ထားညှာတာပေးပါ။ ရိုးသားပွင့်လင်းစွာ ဆက်ဆံပေးပါ။ ယခုနှစ် ကချင်ပြည်နယ်အတွင်း ဆင်တုပ်ကွေးရောဂါများ နေရာအနှံ့ ဖြစ်ပွားခြင်းအပြင် သွေးလွန်တုပ်ကွေးဖြင့် သေဆုံးသူများရှိခဲ့သော်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပြီး ပြည်သူများအား အနေအထိုင် အစားအသောက်ပိုင်းဆိုင်ရာများကို သတိပေးခြင်း၊ ပညာပေးခြင်းတို့ကို ဆောင်ရွက်ရာတွင် အားနည်းနေသကဲ့သို့ အပေါ်ယံဟန်ပြလုပ်ငန်းများသာ ဆောင်ရွက်နိုင်သည်ဟု ထင်မိသည်။ ပြည်သူလူထုဘက်ကလည်း ပူးပေါင်းပါဝင်မှု အားနည်းသလို ပညာပေးလှုံ့ဆော်ချက်တွေအတိုင်း မလိုက်နာနိုင်သည်ကို တွေ့မြင်ရသည်။ 

တာဝန်ရှိသူများအနေနှင့်လည်း ပြည်သူအများစုကို ထိခိုက်စေသော ရောဂါများအတွက် အချိန်နှင့်တစ်ပြေးညီ ကုသရေးနည်းပညာများ၊ ကာကွယ်ရေးနည်းပညာများကို ယခုထက်ပိုမို သုတေသနလုပ်ပြီး ရှာဖွေခြင်း၊ ဖြန့်ဝေခြင်း၊ ကူညီခြင်းဖြင့် လူသားအရင်းအမြစ်များပြုန်းတီးမှုကို ကာကွယ်သင့်သည်။ တာဝန်ရှိသူအစိုးရအဖွဲ့များ၊ ဝန်ထမ်းများ၊ ပညာရှင်များ၊ ပြည်သူ လူထုအားလုံး ရောဂါမျိုးစုံ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားတက်သရောပါလာပြီး အရွေ့တစ်ခုကို ပြိုင်တူတွန်းနိုင်မှသာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းက ထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုချင်ပါသည်။

မိုးကောင်းသား (၁၄ - ၈ -၂၀၁၉)