News

POST TYPE

OPINION

မှားသင့်သော အမှားလား
20-Aug-2019



၁၂ - ၈ - ၂၀၁၉ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းကြေညာချက်မှာ လွန်စွာအံ့အားသင့် ဖွယ်နဲ့ စိုးရိမ်ဖွယ် စကားရပ်တစ်ခုကို သုံးနှုန်းသွားပါတယ်။ စိုးရိမ်မိတာကတော့ သုံးနှုန်းသွားတဲ့စကားရပ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်လာလို့ပဲ ဖြစ်ပါတယ်။ အမျိုးသား အကျိုးစီးပွား ဆိုတာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီ၊ ဘယ်လူမျိုးရဲ့ အကျိုးစီးပွားနဲ့မှ လဲလှယ်လို့မရစကောင်းပါဘူး။ ထိုသို့ ဆိုပါက ဘာကြောင့်များ ဒီစကားရပ်ကို သုံးနှုန်းသွားပါသလဲ။ သတင်းကြေညာချက်မှ ကောက်နုတ်ချက်ကို ဖော်ပြလိုပါတယ်။

သတင်းကြေညာရာမှာ ဆောက်လုပ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနဲ့အဖွဲ့ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေးအတွက် မောင်တောဒေသမှာ အိမ်ရာများ တည်ဆောက်လျက်ရှိတဲ့ အိုးထိမ်းစခန်း သို့ရောက်ရှိခဲ့ကြရာ စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်းထားမှုနှင့် အိမ်ရာတည်ဆောက်မှုများအား စစ်ဆေးခဲ့ကြရာ ဒုတိယဝန်ကြီးက အိမ်ရာများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပေမယ့် အိမ်ရာအဝင် မြောင်းကူးတံတားများ၊ အိမ်ရာအတွင်းလမ်းများ ဆောင်ရွက်ပေးဖို့နဲ့ မိုးတွင်းမှာ ပျက်စီးမှုအခြေအနေများကိုစောင့်ကြည့်ကာ ပြုပြင်ပေးသွားရန် မှာကြားခဲ့ပါတယ်။ အိုးထိမ်းစခန်းမှာ “နေရပ်စွန့်ခွာသွားတဲ့ တိုင်းရင်းသားများ” အတွက် UEHRD က အိမ်ရာ ၇၂ လုံး၊ ဂျပန်နိုင်ငံက အိမ်ရာ ၅၀၊ ကွန်မြူနတီစင်တာ ၁ လုံးတည်ဆောက်ပေးထားရာမှ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်တာကြောင့် စုစုပေါင်းအိမ်ရာ ၁၂၂ လုံးမှာ အဆင်သင့် တက် ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်း သိရပါတယ် ... ဖြစ်ပါတယ်။ သတင်းကြေညာသူက သက်ပိုင်စိုး ဖြစ်ပါတယ်။

ဒီသတင်းကြေညာချက်နဲ့ပတ်သက်လို့ ဆောင်းပါးမရေးလိုတာ အမှန်ပါ။ ဒါပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာအရေးဖြစ်တာမို့ ပြည်သူ တစ်ယောက်ရဲ့ဆန္ဒကို ဖော်ပြလိုတာကြောင့် ရေးဖြစ်တာပါ။ ဒါပေမဲ့ မိမိရဲ့ ရေးသားမှုကြောင့် မဆီမဆိုင်ဝန်ထမ်းငယ်တွေ ဒုက္ခရောက်မှာကို တော့လုံးဝ မလိုလားပါဘူး။ အမှန်တကယ် တာဝန်ရှိသူတွေကိုတော့ တာဝန်ယူစေချင်ပါတယ်။ ဒီလိုဆိုလို့ ချစ်ခြင်း၊ မုန်းခြင်းတရားနဲ့ ဆိုခြင်း မဟုတ်ပါဘူး။ ယခုလို အချိန်ကာလမှာ မမှားသင့်သော အမှားလို့ယူဆလို့ တာဝန်ယူစေလိုခြင်းဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ယခုသတင်းဟာ အထောက်အထားတစ်ခု ဖြစ်မသွားစေလိုပါဘူး။

ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံရရင် ပထမအချက်က မမှားသင့်တဲ့ အမှားတစ်ရပ်ဖြစ်တဲ့အတွက် တာဝန်ယူကြရပါလိမ့်မယ်။ ဒုတိယ အချက်က ရက်ပိုင်းအတွင်းကပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မိမိတို့နိုင်ငံအပေါ် ပြင်းထန်တဲ့ ဖိအားတွေပေးနေချိန်နဲ့တိုက်ဆိုင်စွာ နေရပ်စွန့်ခွာသွားတဲ့တိုင်းရင်းသားများဆိုတဲ့ စကားရပ်ကိုသုံးစွဲခြင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကို လူထုကိုသိစေချင်ပါတယ်။ တတိယအချက်က ဘင်္ဂါလီများက တောင်းဆိုနေတာလည်း ဒီတိုင်းရင်းသားဖြစ်ရေးပဲ မဟုတ်ပါလား။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတဲ့နိုင်ငံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေကလည်း ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေးပဲ အစဉ်တစိုက်တောင်းဆိုနေတာ မဟုတ်ပါလား။ ဒီလို ဆူးကြားက ဘူးသီး ဖြစ်နေချိန်မှာ နိုင်ငံတော်ကတာဝန်ယူထားတဲ့ နိုင်ငံပိုင်ရုပ်သံလွှင့် ဌာနကြီးက နေရပ်စွန့်ခွာသွားတဲ့တိုင်းရင်းသားများ ဆိုတဲ့အသုံးအနှုန်း ကိုသုံးစွဲသွားခြင်းဟာ သာမန်မှားယွင်းမှုလို့ သတ်မှတ်လို့မရပါဘူး။ မှတ်တမ်းကျန်နေပါလိမ့်မယ်။ နောင်တစ်ချိန်မှာ အဲဒီအသုံးအနှုန်းကို ရည်ညွန်းအသုံးမချနိုင်ဘူးလို့ ဘယ်သူများ တာဝန်ခံနိုင်ပါသလဲ။ တာဝန်ခံခဲ့ရင်လည်း အချိန်နှောင်းတဲ့ တာဝန်ခံမှုဖြစ်သွားမှာ သေချာပါတယ်။

မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်တဲ့သူကိုတော့ ဘယ်နည်းနဲ့မှ တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးလို့မရနိုင်ပါဘူး။ ဒီမိုကရေစီဘိုးအေ နိုင်ငံများလည်း မပေးပါဘူး။ Liberal ဖြစ်ပါတယ်၊ Multi culture ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံတွေလည်း လက်မခံပါဘူး။ နိုင်ငံသားဖြစ်ဖို့ အရည်အချင်းနဲ့ ကိုက်ညီရင်၊ တည်ဆဲဥပဒေနဲ့ ကိုက်ညီရင် နိုင်ငံသားအဖြစ် လျှောက်ထားဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုင်းရင်းသားတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုပြောဆိုလို့ လူမျိုးစွဲတွေ၊ ဘာသာစွဲတွေ၊ အယူအဆစွဲတွေနဲ့ တိုင်းတာနေခြင်းမဟုတ်။ ဖြစ်သင့် ဖြစ်ထိုက်သော၊ ထားရှိသင့်သော အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ကမ္ဘာမှာ မိမိနိုင်ငံ့အကျိုးစီးပွားကိုပစ်ပယ်ပြီး လစ်ဘရယ် ကျင့်သုံးတဲ့နိုင်ငံရှိပါသလား။ လစ်ဘရယ်ဆိုရာမှာလည်း အတိုင်းအတာနဲ့ ပဲကောင်းပါတယ်။ သူများယောင်လို့ယောင် အမောင်တောင်မှန်းမသိ မြောက်မှန်းမသိ ဖြစ်လို့မရပါဘူး။ ပြည်သူအများနဲ့၊ နိုင်ငံ့အရေးနဲ့ဆိုင်တဲ့ အရေးအရာတွေမှာ ဘွာခတ်လို့ရတဲ့ကိစ္စများရှိသလို ဘွာခတ်လို့မရတဲ့ ကိစ္စများလည်း ရှိနေပါတယ်။ ယခုကိစ္စက ဘွာခတ်လို့ မရနိုင်တာ သေချာပါတယ်။ ဒီနယ်စပ်မှာ ဒီလိုပြဿနာတွေဖြစ်နေလို့ မြန်မာနိုင်ငံကို ကမ္ဘာ့အခြား နေရာကိုရွှေ့ပြီး နေထိုင်လို့ မရပါဘူး။ ဒီတော့ ဒီပြဿနာကြီးက ရှိနေဦးမှာပါ။ ရေရှည်အတွက် ရည်မှန်းဆောင်ရွက်ရမယ့်ကိစ္စကို လတ်တလော အဆင်ပြေစေရေး နည်းလမ်းတွေ၊ ကိုယ့်နိုင်ငံအခြေအနေနဲ့ မသင့်တော်တဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းသင့်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ တိကျတဲ့မူဝါဒတွေ ရှိဖို့လိုအပ်ပါတယ်။ အဲဒီမူဝါဒတွေကိုလည်း ပြည်သူလူထုကို ပွင့်လင်းစွာ ကြေညာထားဖို့ လိုပါလိမ့်မယ်။

ရခိုင်ဒေသအရေးဟာ အားလုံးသိပြီးဖြစ်ပါတယ်။ ဘင်္ဂါလီအရေးကိစ္စ၊ အကြမ်းဖက်မှုကိစ္စ၊ အေအေကိစ္စတွေဟာ အနီရောင်အဆင့် လို့မသတ်မှတ်ရင်တောင် အထူးသတိထားရမယ့် ဒေသတစ်ခုဖြစ်ပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်တဲ့ နိုင်ငံတွေ၊ အင်အားကြီးနိုင်ငံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက ပေါ်ပေါ်တင်တင်တစ်မျိုး၊ နောက်ကွယ်ကတစ်မျိုး ဖိအားပေးနေတာ ယနေ့အထိပါပဲ။ ဆက်လက်ပြီး ဖိအားပေးတောင်းဆို နေကြပါလိမ့်ဦးမယ်။ 

အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်လာနိုင် ခြေရှိတာပါပဲ။ သူတို့လိုလားတဲ့ အစိုးရတစ်ရပ် အာဏာရအောင် ဝင်ရောက်စွက်ဖက်တာ၊ ကူညီပံ့ပိုးတာတွေဆိုတာ နိုင်ငံတကာလုပ်ထုံး လုပ်နည်းတွေလို့တောင် ပြောလို့ရပါတယ်။ ရခိုင်ဒေသမှာ ပြည်ပစွက်ဖက်မှုတွေ၊ ဖိအားပေးမှုတွေရှိနေတဲ့ အချိန်မှာပဲ ဒေသတွင်းမှာလည်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ရှိနေပြန်ပါတယ်။ ပြည်တွင်းက နိုင်ငံရေး အကျပ်အတည်းတွေ၊ ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လိပ်ခဲ တည်းလည်းဖြစ်နေတာကြောင့် လက်နက်ကိုင်တိုက်ခိုက်မှု လျှော့ချရေး ဟာလည်း ခန့်မှန်းရခက်ခဲနေပါသေးတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ဒီဒေသ တွေအတွက် တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု၊ ဖွံ့ ဖြိုးမှုဆိုတာ ပိုလို့ ဝေးနေဦးမှာပါ။ ဒီလိုပြောလို့ အဆိုးမြင်ဝါဒနဲ့ ရှုမြင်လိုခြင်း မဟုတ်ပါဘူး။ လက်တွေ့ အခြေအနေအမှန်ကို သိမှသာ မှန်ကန်တဲ့ရှု့မြင်သုံးသပ်မှုတွေ၊ မှန်ကန်တဲ့ မူဝါဒချမှတ်မှုတွေ၊ အကောင်အထည်ဖော်မှုတွေ ဖြစ်စေလိုတဲ့ ဆန္ဒပဲဖြစ်ပါတယ်။ မိမိတို့တစ်တွေဟာ ဒီနိုင်ငံကြီးမှာ ထာဝရအသက်ရှင်နေထိုင် သွားကြရမှာမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း လွှဲပေးခဲ့ကြရမှာပါ။ တည်ငြိမ်ခိုင်မာတဲ့၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံတော်ကြီးအဖြစ် မျိုးဆက်သစ်များကို လွှဲပြောင်းပေးဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိနေပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ နိုင်ငံရေးနယ်ပယ်မှာဖြစ်စေ၊ အုပ်ချုပ်ရေးယန္တရားမှာ ဖြစ်စေတာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ အောက်ခြေအဆင့်များအတွက်ပဲ ဖြစ်ပါတယ်။ ထိပ်ပိုင်းတာဝန်ရှိသူများကိုယ်တိုင်ဖြစ်ပွားတဲ့ ကိစ္စများမှာ တာဝန်ယူ၊ တာဝန်ခံခြင်းထက် သာမန်နုတ်ထွက်စေခြင်းနဲ့ပဲ ဖြေရှင်း နေကြတာမျက်မြင်ပါပဲ။ တစ်လောက လွှတ်တော်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ဆွေးနွေးနေစဉ်မှာပဲ ရုပ်သံလိုင်းပြတ် တောက်သွားမှုဖြစ်စဉ်မှာလည်း နောက်ဆုံးလက်အောက်ဝန်ထမ်းမှာပဲ တာဝန်ရှိသွားတာပါ။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဥပမာတစ်ခုကို ဖော်ပြပါရစေ။ ဒီဥပမာဟာ ပြည်သူတွေအပေါ် အစိုးရတစ်ရပ်က ဘယ်လိုတာဝန်ခံမှုရှိတယ်ဆိုတဲ့သဘောကို နားလည်စေပါတယ်။ ၂၀၁၄ ခုနှစ်၊ ဧပြီလထဲက တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူ ၃၀၀ ကျော် ပျောက်ဆုံးသေကျေခဲ့ရတဲ့ ကူးတို့သင်္ဘောနစ်မြုပ်မှုအပေါ် အစိုးရအနေနဲ့ လုံလုံ လောက်လောက် တုံ့ပြန်မှုမပေးနိုင်ခဲ့တာအတွက်လို့ပြောပြီး တောင်ကိုရီးယားသမ္မတ Park Geun-hye က တောင်းပန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီး မဖြစ်အောင် မတားဆီးနိုင်ခဲ့တာအတွက်ရော အစပိုင်းကယ်ဆယ်ရေးကို လုံလုံလောက်လောက် မလုပ်ပေးနိုင်ခဲ့တာရောကြောင့် ကျွန်မ တောင်းပန်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုတောင်းပန်လိုက်လို့ရော နာကျင်ခံစား ရသူတွေရဲ့ ဝေဒနာတွေ လျော့သွားပါ့မလား။ ဒီဖြစ်ရပ်ဆိုးကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတာအတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်ချင်ပါတယ်လို့ သမ္မတ Park ပြောသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် Chung Hong-won ကတော့ ရာထူးက နုတ်ထွက်စာတင်ခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ကျွန်တော်ဆက်ရှိနေသေးမယ် ဆိုရင် ကျွန်တော့်ကြောင့် အစိုးရအဖွဲ့ဟာ ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်လို့ သူက ရဲရဲရင့်ရင့် ပြောဆိုခဲ့တာကို ဖတ်ရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဥပမာပေး ဖော်ပြနေခြင်းဟာ မည်သူ့ကိုနုတ်ထွက်စေချင်၊ မည်သူ့ကို ရာထူးပြုတ်စေချင်တဲ့ဆန္ဒထက် နိုင်ငံ့အကျိုးစီးပွားကိုဦးတည်ပြီး တာဝန်ခံဆောင်ရွက်စေလိုတဲ့ ဆန္ဒအရင်းခံပဲဖြစ်ပါတယ်။ ယခုသတင်းကြေညာမှုမှာပါတဲ့ စကားအသုံးအနှုန်းမှားယွင်းမှုဟာ မည်သို့သော အမှားဆိုသည်ကတော့ ကာယကံရှင်ကသာ အမှန်ကိုသိပါလိမ့်မယ်။ မတော်တဆလား၊ ရည်ရွယ်ချက်ရှိရှိလား ခန့်မှန်းရန် ခက်ခဲလှပါတယ်။ မည်သို့ဆိုစေ ယခုလို အမျိုးသား အကျိုးစီးပွားကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့အမှားဆိုတာ ဖြစ်သင့်၏၊ မဖြစ်သင့်၏ ဆင်ခြင်သင့်ပါကြောင်း။

သိန်းထွန်း (IR)

(၁၄ - ၈ -၂၀၁၉)