News

POST TYPE

OPINION

ထွက်ပေါက်ရှာသင့်တဲ့ ခြေဥပြင်ဆင်ရေး အကျပ်အတည်း
02-Aug-2019


ဇူလိုင်လ ၃၀ ရက်နေ့မှာ ခြေဥပြင်ဆင်ရေး အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၇ ယောက်တို့က အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး ကျန်တဲ့ကိုယ်စားလှယ် ၂၅ ယောက်ကတော့ ဩဂုတ် ၁ ရက်နေ့မှာ ဆက်လက်ဆွေးနွေးကြမယ်ဆိုတာလည်း သိကြပြီး ဖြစ်မှာပါ။ အဲဒီလို ဆွေးနွေးကြတဲ့အခါ ကျန်တဲ့သူတွေရဲ့ ဆွေးနွေးချက်တွေဟာဆိုရင်လည်း ပြီးခဲ့တဲ့ရက်က ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးသွားကြတဲ့ အကြောင်းအရာတွေ နည်းတူအတိုင်းသာ ကျန်တဲ့သူတွေကလည်း ဒီသဘောနဲ့ ထပ်တူကျနိုင်မယ့်အကြောင်း အရာတွေကိုပဲ ဆွေးနွေးလာကြလိမ့်မယ်ဆိုတာတော့ ခန့်မှန်းမိကြမယ် ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေ့က ဆွေးနွေးချက်တွေကို ခြုံကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီဘက်က ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်အများစုကတော့ ယခင်အတိုင်းပဲ ဒီလုပ်ငန်းစဉ်တွေဟာ ဥပဒေနဲ့မညီဘူး၊ ယခု လွှတ်တော်ကိုတင်ပြခဲ့တဲ့ အစီရင်ခံစာကလည်း လွှတ်တော်က ချမှတ်ပေးထားတဲ့ ဖွဲ့စည်းမိန့်ပါ ဦးတည်ချက်တွေနဲ့ မကိုက်ညီဘူးဆိုတာတွေကို ဇောင်းပေးပြီး ကန့်ကွက် ဆွေးနွေးသွားခဲ့ကြသလို ပြည်ခိုင်ဖြိုးပါတီထဲက အချို့ကိုယ်စားလှယ်တွေကတောင် သူတို့ ပြင်ဆင်လိုတဲ့အချက်အဖြစ် အစီရင်ခံစာနဲ့မဆိုင်တဲ့ အခြားသော အကြံပြုချက်အသစ်တွေကိုတောင် ထပ်မံဆွေးနွေးသွားတာကိုလည်း မြင်ရပါတယ်။ 

အခြားတစ်ဖက်အနေနဲ့ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကတော့ သူတို့ရဲ့အကြံပြုချက်တွေအပေါ် အစီရင်ခံစာမှာပါတဲ့အတိုင်း ဥပဒေကြမ်း ဆက်လက်ရေးဆွဲသွားရေးဘက်ကို ထောက်ခံဆွေးနွေးသွားခဲ့ကြပါတယ်။ ဒီအတွက်ပဲ ဆက်လက်ဆွေးနွေးကြမယ့်သူ တွေအနေနဲ့လည်း ဒီပုံစံ ဒီလမ်းကြောင်းနဲ့သာ ဆွေးနွေးနိုင်ခြေရှိတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဆွေးနွေးချက်တွေကို ပြန်လေ့လာကြည့်တဲ့အခါ ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်ရဲ့ ဆွေးနွေးချက်မှာဆိုရင် ရှမ်း၊ ရခိုင်၊ မွန်ပါတီ ၃ ပါတီအနေနဲ့ ပြည်နယ်အုပ်ချုပ်ရေး၊ ပြည်နယ်တရားစီရင်ရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံကို အဓိက အခြေခံရေးဆွဲထားကြပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို စိတ်အားထက်သန်စွာ ဦးတည်တင်ပြထားကြောင်းနဲ့ သူ့ပါတီဖြစ်တဲ့ အမျိုးသားညီညွှတ်ရေးပါတီအနေနဲ့ကတော့ ပြည်နယ် ၁၄ ပြည်နယ် ပုံစံဖြင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား မှန်ကန်မျှတ ချိတ်ဆက်မိမိ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွှတ်ရန်၊ ဥပဒေပုဒ်မများ ရှေ့နောက် ညီညွှတ်စေရန်၊ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားစေရန်၊ ခေတ်စနစ်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်စေရေး သုံးသပ်အကြံပြုထားတာမို့ အစီရင်ခံစာကို အတည်ပြုပေးဖို့ ထောက်ခံဆွေးနွေးသွားခဲ့ပါတယ်။

ကျန်လွှတ်တော်ကိုယ်စားလှယ်တွေအထဲမှာ ထူးခြားတဲ့ ဆွေးနွေးချက်တစ်ခုကတော့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ပါ။ သူဆွေးနွေးသွားတဲ့အထဲမှာ လွှတ်တော်အတွင်း ခြေဥပြင်ဆင်ရေးလမ်းကြောင်းမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင်ပြင်ဆင်သင့်ပြီး အခုလို မပါဝင်ဘဲ အငြင်းပွားနေခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ပျောက်ဆုံးသွားနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ နောက်တစ်ချက်က တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်ရဲ့ ဆွေးနွေးချက်မှာဆိုရင်လည်း ဒီခြေဥပြင်ဆင်ရေးလမ်းကြောင်း ဖြောင့်ဖြူးချင်တယ် အောင်မြင်ချင်တယ်ဆိုရင် လက်ရှိအာဏာရပါတီနဲ့ တပ်မတော်တို့အချင်းချင်း တွေ့ဆုံညှိနှိုင်း အဖြေရှာသင့်တယ်၊ ပြင်ဆင်တယ်ဆိုတာထက် အသစ်ရေးဆွဲသင့်တာ၊ ဒီခြေဥပြင်ဆင်ရေးကို လွှတ်တော်အတွင်း မဲခွဲစနစ်နဲ့သွားပြီး ပြင်ဆင်မယ့်အစား တွေ့ဆုံညှိနှိုင်းခြင်းနဲ့ ပြင်ဆင်ဖို့ကိုလည်း ထောက်ပြဆွေးနွေးသွားတာ တွေ့ရပါတယ်။ 

ဒီအတွက် ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားပါတီ တွေအနေနဲ့လည်း ဒီခြေဥပြင်ဆင်ရေးကိစ္စမှာ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း ဆုပ်ကိုင်ထားတဲ့ တပ်မတော်ကို ပါဝင်ပြင်ဆင်ပေးစေလိုပြီး အဓိက ထောက်ခံမဲပါဝင်မှုအများဆုံးပေးနိုင်တဲ့ ၅၈ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ အာဏာရပါတီကိုလည်း တပ်မတော်နဲ့အဆင်ပြေစေချင်ကြတယ်။ လွှတ်တော်အတွင်းက ခြေဥပြင်ဆင်ရေးလမ်းကြောင်းထက် လွှတ်တော်ပြင်ပမှာ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးစေချင်ကြတဲ့ဆန္ဒကိုလည်း မြင်မိပါတယ်။ 

အမှန်တကယ်တော့ လွှတ်တော်အတွင်းကို ဝင်ရောက်လာတဲ့ တိုင်းရင်းသားပါတီ ၁၀ ပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ “ဝ” ဒီမိုကရက်တစ်ပါတီတို့အနေနဲ့လည်း သူတို့ရဲ့ မူလရွေးကောက်ပွဲဝင်ပြီး လွှတ်တော်နိုင်ငံရေးစနစ်ထဲကို ရွေးချယ်ဝင်ရောက်လာခဲ့ကြတဲ့ ရည်ရွယ်ချက်ကလည်း ဒီခြေဥပြင်ဆင်ရေးပဲ ဆိုတာလည်း ငြင်းမရတဲ့အချက်ပါ။ 

အဓိကအနေနဲ့ လွှတ်တော်အတွင်း ခြေဥပြင်ဆင်ရေးလမ်းကြောင်းကနေပဲ သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူအုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်နဲ့ တရားစီရင်ပိုင်ခွင့်၊ အခွန်ကောက်ခံပိုင်ခွင့်အပြင် သယံဇာတခွဲဝေရေး စတဲ့ ဖက်ဒရယ်မူတွေကို တောင်းခံရယူနိုင်ရေးအတွက်ပဲ တရားဝင် တင်ပြအကြံပြုတောင်းဆိုနေကြတာမို့ ဒီအတွက်ပဲ သူတို့အနေနဲ့လည်း သူတို့ အဆိုပြုတင်ပြထားတဲ့အချက်တွေ အခုအချိန်မှာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြင်ဆင်တဲ့ဘက်ကိုတော့ အားလုံးက လိုလိုလားလားနဲ့ ထောက်ခံနေကြတာပဲ ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာလည်း လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ပေါ်ထွက်လာခဲ့ပြီးဖြစ်တဲ့ ပြည်ထောင်စုသဘော တူညီချက်စာချုပ်ပါ အချက် ၅၁ ချက်ကို ပြန်လေ့လာကြည့်မယ်ဆိုရင်လည်း အနာဂတ်ကာလမှာ တည်ဆောက်ဖို့လျာထားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီကို မျှော်မှန်းထားတဲ့အကြောင်းအရာတွေ ပါဝင်နေတာမို့ အခု စတင်ပြင်ဆင်ကြမယ့် ခြေဥထဲမှာဆိုရင်လည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံရမယ့်အချက်တွေ ပါဝင်ပြင်ဆင်လိုချင်ကြခြင်းလည်း ဖြစ်တာကို လေ့လာမိပါတယ်။

ဒီအတွက် အားလုံးကလည်း ဒီခြေဥပြင်ဆင်ရေးဆိုတာကို ဇောင်းပေးပြီး တောင်းဆိုကြ၊ အကြံပြုချက်တွေ တင်သွင်းကြနဲ့ ပေါ်ပေါက်လာတဲ့ကာလမှာ လက်ရှိအာဏာရပါတီ NLD အနေနဲ့လည်း လက်ရှိ နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးအလားအလာ  စတဲ့အပေါ် အခြေခံပြီးတော့ပဲ တပ်မတော်ဘက်ကလည်း လိုက်လျောနိုင်ခြေရှိတဲ့အချက်တွေကို ထည့်သွင်းရေးဆွဲထားတာမို့လည်း ဒီ ပြင်ဆင်ရေးလမ်းကြောင်းကို အမှန်တကယ် လျှောက်ချင်ကြတယ်ဆိုရင်တော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာသင့်တယ်။ ဒီခြေဥပြင်ဆင်ရေးကိစ္စကို နိုင်ငံရေးအရ အားပြိုင်မှုအဖြစ် မရှုမြင်ဘဲ အမှန်တကယ်ပြင်ဆင်နိုင်ရေးလမ်းကြောင်းဘက်ကို ဦးတည်သင့်တယ်။

တပ်မတော်အနေနဲ့လည်း လက်ရှိလွှတ်တော်အတွင်း ပြင်ဆင်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒ၊ အာဏာရပါတီရဲ့သဘောထားတွေကို အဘက်ဘက်က ချင့်ချိန်တွက်ချက်ပြီး ပါဝင်ပူးပေါင်းဆွေးနွေးကြမယ်၊ ဖြစ်သင့်တာတွေကို ဖော်ထုတ်ပြီးလိုက်လျောပြင်ဆင်ကြမယ်၊ လက်ရှိအခြေအနေမှာ လွှတ်တော်အတွင်း ပြည်ခိုင်ဖြိုးပါတီနဲ့ပေါင်းပြီး ပြင်ဆင်ဖို့တင်သွင်းထားတဲ့အချက်တွေကိုလည်း NLD ပါတီနဲ့ အခြားတိုင်းရင်းသားပါတီတွေက အကြံပြုထားတဲ့အချက်တွေနဲ့ပေါင်းစပ်ပြီး ဆက်စပ်ပြီး ပြင်ဆင်နိုင်ခြေရှိမယ့် ပုဒ်မတွေကိုပါ တစ်ပါတည်း လိုက်လျောပြင်ဆင်ပေးခဲ့မယ်ဆိုရင် တပ်မတော်ကမျှော်မှန်းထားတဲ့ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရရမယ်ဆိုတဲ့ ရည်မှန်းချက်ကိုလည်း နီးစပ်စေနိုင်မှာဖြစ်သလို တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြစ် ကျွဲကူးရေပါဖြစ်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကိုလည်း တိုးတက်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

ဒီအတွက်ပဲ နိဂုံးချုပ်ရရင် ဒီခြေဥပြင်ဆင်ရေးကိစ္စကို အမှန်တကယ်သာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ရှေးအနာဂတ်နဲ့ ငြိမ်းချမ်းရေးအလားအလာတွေ ကောင်းမွန်စေချင်တယ်၊ နိုင်ငံတော်ကို အရှေ့တောင်အာရှမှာ ထိုက်သင့်တဲ့နေရာမှာ ပြန်လည်ရပ်တည်စေချင်ကြတယ်၊ ဖွံ့ဖြိုးတိုးတက်စေချင်ကြတယ်၊ နိုင်ငံသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေအနေတွေ တိုးတက်စေချင်တယ်၊ မြင့်မားစေချင်ကြတယ်ဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအကြား၊ လွှတ်တော်အတွင်းက ပွတ်တိုက်မှုတွေအကြားကနေပြီး ရှောင်ထွက်ပြီး လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ ထွက်ပေါက်ရှာသင့်တယ်။ တိုင်းရင်းသားပါတီတွေ တိုက်တွန်းထားသလို လွှတ်တော်အတွင်းမှာ မဲအများဆုံး ရယူပိုင်ဆိုင်ထားကြတဲ့ အာဏာရပါတီနဲ့ တပ်မတော်တို့အကြား လွှတ်တော်အတွင်းမှာ ဆွေးနွေးငြင်းခုံနေကြတာထက်စာရင် လွှတ်တော်ပြင်ပမှာလည်း ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းအဖြေရှာသင့်ပါကြောင်းနဲ့ ဒီအပေါ် တိုင်းရင်းသားပြည်သူအားလုံးကလည်း တစ်စိတ်တစ်ဝမ်းတည်းထားပြီး ပါဝင်ပူးပေါင်း တိုက်တွန်းကြစေလိုပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားလိုက်ရပါတယ်။

သန်းဖြိုးနိုင်