News

POST TYPE

OPINION

ဆရာဝန်ဖြစ်ဖို့ စိတ်ကူးနေပါသလား
17-Jun-2019


ဆယ်တန်းအောင်စာရင်းထွက်ပြီမို့ မကြာခင်မှာ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်လွှာတင်ကြရပါတော့မယ်။ လွန်ခဲ့တဲ့ ၅၅ နှစ် ၁၉၆၄ ခုနှစ် ကတည်းက ဆယ်တန်းအောင်ရင် ဆေးတက္ကသိုလ်ကို တိုက်ရိုက်လျှောက်ရပြီး လျှောက်ထားသူတွေထဲက ဝင်ခွင့်ပြုမယ့် အရေအတွက်ကို အမှတ်အများအနည်းအလိုက် ရွေးခဲ့ပါတယ်။ အမှတ်ကောင်းသူ အများစုကလည်း ဆေးတက္ကသိုလ်ကိုပဲ ဦးစားပေးလျှောက်လေ့ ရှိပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ တချို့တွေကလည်း ဆရာဝန်ဘဝ အထူးသဖြင့် နိုင်ငံဝန်ထမ်း ဆရာဝန်ဘဝမှာ အဆင်မပြေမှု၊ မတရားမှု၊ မကျေနပ်မှုတွေ ခံစားရတာကြောင့် ဆရာဝန်မလုပ်ကြဖို့ အကြံပေးလှုံ့ဆော်တာ လူမှုမီဒီယာပေါ်မှာ ကျယ်ကျယ်လောင်လောင် အသံထွက်လာပါတယ်။ ဆရာဝန်အလုပ်က လုပ်ငန်းခွင်မှာ ဘာတွေလုပ်ရမှာလဲ၊ ဘယ်လိုစိတ်ထားခံယူချက်ရှိရမှာလဲ၊ ဆရာဝန်ဖြစ်ဖို့အတွက် ဆေးတက္ကသိုလ်မှာ ၇ နှစ် ဘာတွေ ဘယ်လိုလေ့လာသင်ယူရမှာလဲ၊ ဆေးပညာတတ်ဖို့အပြင် ဘာတွေလေ့လာဖြည့်ဆည်းမှာလဲဆိုတဲ့ အချက်တွေကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမတင်မီ ကျောင်းသားရော၊ မိဘတွေပါ ကြိုတင်သိစေချင်ပါတယ်။ 

ဆရာဝန်တစ်ဦးရဲ့ အခြေခံအကျဆုံးအလုပ်က လူတစ်ဦးချင်းအတွက်ဆိုရင် မကျန်းမာသူ (လူနာ) ကို ကျန်းမာလာအောင် ကုသပေးဖို့ ဖြစ်ပါတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တာ၊ အသိပညာပေးတာလည်း ပါဝင်တယ်။ လူ့အဖွဲ့အစည်းအတွက်ဆိုရင်လည်း အားလုံးကျန်းမာအောင် ကာကွယ်စောင့်ရှောက်တာ၊ လူထုကျန်းမာရေး အဆင့်မြင့်အောင်လုပ်တာ၊ ရောဂါဖြစ်နှုန်း သေနှုန်းတွေ လျှော့ချတာတွေ ပါဝင်တယ်။

ဆရာဝန်ဆိုတာ မကျန်းမာသူ၊ ရောဂါဝေဒနာ ခံစားနေရသူ၊ လူနာကို ကျန်းမာလာအောင် ရောဂါသက်သာပျောက်ကင်းအောင် ကုသပေးရတာ အဓိကအလုပ်ပါ။ ဆေးကုသရာမှာ ကိုယ်ချင်းစာ စာနာစိတ်နဲ့ လူနာတစ်ယောက်ချင်းကို အာရုံစိုက် ကုသမှုပေးရပါမယ်။ ဆေးကုသမှုက ရောဂါသက်သာပျောက်ကင်းဖို့ တစ်စိတ်တစ်ပိုင်းသာ စွမ်းဆောင်နိုင်ပြီး ဆရာဝန်က လူနာအပေါ် စာနာနားလည်မှု၊ အချိန်ပေး အရေးတယူပြုမှုတို့ကလည်း အရေးကြီးတဲ့အပိုင်းတွေ ဖြစ်ပါတယ်။ လူနာက သူ့ရဲ့ခံစားမှုတွေ၊ စိုးရိမ် ပူပန်မှုတွေ အကုန်ထုတ်ဖော်တိုင်ပင်ရပြီး တစ်ကိုယ်ရေ စမ်းသပ်စစ်ဆေးမှုကိုလည်း သဘောတူ ခံယူကာ သူ့ကျန်းမာရေး သူ့အသက်ကို အပ်နှံပြီး ကုသမှုခံယူရတာဖြစ်လို့ ဆေးကုသရာမှာ လူနာရဲ့ယုံကြည်မှုကို ရယူနိုင်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်နှုတ် အမူအရာနဲ့ ပြောဆိုဆက်ဆံမှု၊ လူနာရဲ့ ဝေဒနာခံစားရမှုကို အရေးတယူ အချိန်ပေး အာရုံစိုက် နားထောင်တတ်မှု၊ စေ့စပ်သေချာ ညင်သာစွာ စမ်းသပ်မှု၊ တွေ့ရှိချက်ထင်မြင်ချက်တွေ၊ ဆက်လက်လုပ်ဆောင်ရမယ့် စစ်ဆေးမှုတွေ၊ ကုသမှုအစီအစဉ်တွေကို နားလည်အောင် ရှင်းလင်းပြောပြနိုင်မှု၊ လူနာရဲ့သဘောတူညီချက်အရ ကုသမှုတွေက လူနာရဲ့ယုံကြည်မှုကို ရရှိစေပါတယ်။ လူနာနဲ့ လိုက်ပါစောင့်ရှောက်သူတွေကို ကောင်းမွန် ရေလည်စွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ အရည်အချင်းရှိဖို့ အရေးကြီးပါတယ်။ နိုင်ငံပိုင်ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုအင်အားနဲ့ လူနာဦးရေမမျှတဘဲ အလုပ်လုပ်ကြရပါတယ်။ ရောဂါပြင်းထန်မှု၊ အရေးပေါ်ဖြစ်မှု၊ အန္တရာယ်ဖြစ်နိုင်မှုတွေအပေါ် မူတည်ပြီး ကြည့်ရှုကုသရပါတယ်။ လူနာတွေ မိသားစုတွေကတော့ သူ့လူနာသာ အရေးအကြီးဆုံးလို့ခံယူပြီး မကျေနပ်မှုတွေ ထိပ်တိုက် ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ အများနဲ့ဆက်ဆံရတဲ့အလုပ်ဖြစ်လို့ အဆင်မပြေမှုတွေ စိတ်ဖိစီးမှုတွေလည်း ကြုံတွေ့နိုင်တာ မျှော်လင့်ထားရပါမယ်။ 

ဆေးရုံအလုပ် ဆရာဝန်အလုပ်ဟာ မနက် ၉ နာရီက ညနေ ၄ နာရီ ရုံးချိန်နဲ့ လုပ်ရတာမဟုတ်ဘဲ၊ မနက် ညနေ ည အဆိုင်းလိုက်ရော၊ တစ်နေ့ အလုပ်ချိန် ၈ နာရီမကအောင်ရော အချိန်ပိုလုပ်ခမရဘဲ လုပ်ကြရပါတယ်။ အလုပ်သင်ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ ဘွဲ့လွန်သင်တန်းသားဆရာဝန်၊ ဘွဲ့လွန်အောင်ပြီးဆရာဝန်၊ အထူးကုဆရာဝန်၊ ဆရာဝန်ကြီး၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်ဆင့်တွေနဲ့ လုပ်ကိုင်ကြရပြီး ကိုယ်နဲ့အတူ အလုပ်လုပ်သူအပေါ်မူတည်ပြီး လုပ်ငန်းခွင် အဆင်ပြေမှု၊ လုပ်ငန်းခွင် ပျော်ရွှင်မှု ရှိ မရှိ ကြုံတွေ့ရမှာပါ။ အများနဲ့ အဆင်ပြေအောင် သင့်တင့်အောင် ဆက်ဆံတတ်ဖို့၊ ပူးပေါင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဆေးပညာက အထူးပြုလိုင်းတွေခွဲကာ ကုသတဲ့ခေတ်ဖြစ်ပြီး ဆရာဝန်တွေ ပူးတွဲတိုင်ပင် ကုသရပါတယ်။ သူနာပြု၊ ဓာတ်ခွဲခန်းနဲ့ ရောဂါဗေဒပညာရှင်၊ ဓာတ်မှန်နဲ့ ပုံရိပ် ဖော်ပညာရှင် စတဲ့ အတတ်ပညာရှင်တွေ၊ ဆေးရုံ စီမံခန့်ခွဲဝန်ထမ်းတွေ၊ ကာယအမှုထမ်းတွေ အများနဲ့လက်တွဲပြီး အသင်းအဖွဲ့အနေနဲ့ အလုပ်လုပ်နိုင်ရပါမယ်။ 

လူနာတွေကို ကုသနိုင်ဖို့က ဆေးပညာကို အမှန်တကယ် တတ်မြောက်အောင် သင်ယူဖို့ လိုအပ်ပါတယ်။ ဆေးပညာရှင် ဆရာဝန်ဖြစ်ဖို့ ဆေးတက္ကသိုလ် သင်တန်းတစ်လျှောက်မှာ သင်ကြားမှုကို ခံယူလေ့လာရမှာ အဓိက တာဝန်ဖြစ်ပါတယ်။ ရှည်ကြာတဲ့ ၇ နှစ်တာကာလမှာ လူခန္ဓာဖွဲ့စည်း တည်ဆောက်ထားပုံ၊ ကိုယ်အင်္ဂါတွင်းစနစ်တွေ ပုံမှန်အသက်ရှင်ဖို့ အလုပ် လုပ်ဆောင်ပုံတွေကို သိနားလည်အောင် သင်ယူရပါတယ်။ ရောဂါဖြစ်ပွား ဖောက်ပြန်မှုတွေ ဖြစ်ပေါ်ပုံ၊ အင်္ဂါအစိတ်အပိုင်းအလိုက် ထိခိုက်ပြောင်းလဲ ပျက်စီးပုံ၊ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ၊ ရောဂါကုသတဲ့ဆေးဝါးတွေအကြောင်း လေ့လာဖတ်ရှု သင်ယူရပါတယ်။ ဖြစ်ပွားတဲ့ရောဂါကို ရှာဖွေဖော်ထုတ် အမည်တပ်နိုင်ဖို့အတွက် လူနာရဲ့ ခံစားရတဲ့ဖြစ်စဉ်၊ အရင်ဖြစ်ဖူးတဲ့ရောဂါတွေ၊ တစ်ကိုယ်ရေ အကြောင်းအရာတွေ စတာကို စနစ်တကျ မေးမြန်းမှတ်တမ်းတင်တတ်ဖို့၊ ခန္ဓာကိုယ်ကို စနစ်တကျစမ်းသပ်တတ်ဖို့၊ ဖြစ်နိုင်ခြေ ရှိတဲ့ရောဂါတွေကို စဉ်းစားတတ်ဖို့တွေကို ဆေးရုံလက်တွေ့ စဆင်းချိန် ကစလို့ အချိန်ယူ လေ့ကျင့်သင်ယူရပါတယ်။ လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်မှု၊ ပုံရိပ်ဖော်မှုစသည် ရွေးချယ်တတ်ဖို့၊ ကုသမှုအဆင့်ဆင့်ကို တတ်ကျွမ်းနားလည် စီစဉ်တတ်ဖို့ သင်ယူရပါတယ်။ ဆေးသိပ္ပံအခြေခံအချက်အလက်တွေကို နားလည်တတ်ကျွမ်း အသုံးချပြီး ကုသမှုကို စီစဉ်ဆုံးဖြတ်တတ်အောင် သင်တန်းကာလတစ်လျှောက် အဆင့်ဆင့် ဆက်စပ်သင်ယူရ သဘောပေါက်ရမှာ ဖြစ်ပါတယ်။ စနစ်တကျစမ်းသပ်တာ၊ ဆေးထိုးတာ၊ သွေးကြောက သွေးဖောက်တာ၊ ဆေးသွင်းတာကစလို့ ခွဲစိတ်ကုသတာအထိ လက်တွေ့ကျွမ်းကျင်မှုတွေကိုလည်း သင်ယူလေ့ကျင့်ရပါတယ်။ 

ဆရာဝန်ဖြစ်ဖို့ သင်ယူရတာ အတန်းတိုင်း၊ ဘာသာရပ်တိုင်း၊ သင်ခန်းစာတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆက်စပ်နေတာမို့ သင်တန်းတက်တာ ပျက်ကွက်သွားရင်၊ သင်ကြားခဲ့တာကို ပုံမှန်လေ့လာဖတ်ရှုမှုမရှိရင် နောက် သင်တာတွေ နားမလည်မလိုက်နိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။ စာမလိုက်နိုင်တော့ နောက်ထပ် သင်တာတွေ နားမလည် စိတ်မဝင်စား၊ သင်တန်းတက်တာပျက်ကွက်၊ ပိုလို့နားမလည်၊ မလိုက်နိုင်နဲ့ အဆိုးသံသရာလည်တတ်ပါတယ်။ ဆယ်တန်းအောင်တဲ့အထိ ကျောင်းသားကျောင်းသူ အများစုက သင်ခန်းစာကို နားလည်သဘောပေါက်အောင် ဖတ်ရှုလေ့လာတဲ့ အလေ့အကျင့်နည်းပါးခဲ့ပြီး ကျူရှင်ကမှတ်စုကို အလွတ်ကျက်တာ အကျင့်ပါခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ရောက်လာတော့လည်း ကျူရှင်ကိုပဲ ဆက်အားကိုးကြပါတယ်။ ဌာနတွေကလည်း ဘာသာရပ်အများစုမှာ မှတ်စုစာအုပ်တွေ ပြုစုဖြန့်ဝေသင်ကြားကြတော့ ကျောင်းသားတွေမှာ မူရင်းပြဋ္ဌာန်းစာအုပ် ဖတ်ရှုလေ့လာတဲ့ အကျင့်ကောင်းပျောက်ဆုံးသွားပါတယ်။ ဆေးပညာရပ်က အချက်အလက်တွေသိရုံနဲ့ မပြီးဘဲ စဉ်းစားဝေဖန် သုံးသပ်ကာ ဆုံးဖြတ် တတ်ဖို့ ဝါကျအပြည့်အစုံနဲ့ ရှုထောင့်စုံ ရှင်းလင်းဆွေးနွေး ရေးသားထားတဲ့ မူရင်းပြဋ္ဌာန်းစာအုပ်တွေ ဖတ်ကြရပါမယ်။ ဆေးပညာကို ဖတ်ရှုလေ့လာ သင်ယူနိုင်ဖို့အတွက် အင်္ဂလိပ်စာကို နားလည်သဘောပေါက်အောင်ဖတ်နိုင်ဖို့၊ ကိုယ်သိတာကို စနစ်တကျ မှန်ကန်စွာ ရေးသားဖော်ပြတတ်ဖို့ တက္ကသိုလ်မတက်မီကတည်းက ကြိုးစားလေ့လာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ရှည်ကြာလှတဲ့ ဆေးပညာသင်တန်းကာလကို ဖြတ်သန်းရမှာ ဖြစ်လို့ မိမိကိုယ်ကိုယ် တာဝန်ယူတတ်ဖို့ ကျန်းမာအောင် ပြုမူနေထိုင်တတ်ဖို့လည်း လိုပါတယ်။

တက္ကသိုလ်ပညာ ဆက်သင်ကြားဖို့ လိုင်းရွေးချယ်ရာမှာ (ပွင့်ပွင့် လင်းလင်းပြောကြရင်) ဘဝရှေ့ရေးရပ်တည်နိုင်မှုအတွက် ဘွဲ့ရပြီး ရရှိလာ နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကို ထည့်စဉ်းစားကြမှာပါ။ ဘွဲ့ရဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်သင်ဘဝပြီးတာနဲ့ ဆရာဝန်လုပ်ငန်း တစ်ခုခုနဲ့ မချမ်းသာရင်နေမယ်၊ မဆင်းရဲနိုင်ဘဲ သင့်တင့်တဲ့ဝင်ငွေရနိုင်တဲ့ ဆရာဝန်အလုပ်တွေ ရှိနေပါတယ်။ အလုပ်သင်ဆရာဝန် တာဝန်ပြီးတာနဲ့ ဆေးကုသခွင့် မှတ်ပုံတင်ရရှိပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်သလို ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လုပ်နိုင်ပါတယ်။ နိုင်ငံဝန်ထမ်းအဖြစ်မှာလည်း ဆေးရုံမှာကုသတဲ့ ဆရာဝန်သာမက ပြည်သူ့ကျန်းမာရေးဆရာဝန်၊ ဆေးတက္ကသိုလ်မှာ သင်ကြားရေးဆရာဝန်၊ သုတေသနဆရာဝန်အလုပ်တွေလည်း ရွေးနိုင်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဆေးအရောင်းကုမ္ပဏီတွေမှာလည်း လုပ်နိုင်ပါတယ်။ ဆရာဝန်ဘဝမှာ ဆေးပညာကိုတော့ ဆရာဝန်ဘွဲ့ရပြီးရင်လည်း ဆက်လက်ဆည်းပူး လေ့လာနေရပါမယ်။ အဆင့်ဆင့်သော ဘွဲ့လွန်သင်တန်းတွေ ဆက်လက်သင်ယူနိုင်ပါတယ်။ 

ဆယ်တန်းအထိ မနေမနား အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး ထိပ်ဆုံးအမှတ်တွေ ဂုဏ်ထူးတွေနဲ့ ဆေးတက္ကသိုလ်ရောက်လာချိန်မှာ တချို့သောကျောင်းသားကျောင်းသူတွေက ကြိုးစားအားထုတ်မှုတွေ လျော့ကျ ပျောက်ဆုံးကြပါတယ်။ အတော်များများက မိဘ၊ ဆွေမျိုး တိုက်တွန်းလို့ ဆေးတက္ကသိုလ်တက်ရတာ၊ ဝါသနာမပါလို့ စိတ်မဝင်စားလို့ဆိုတာ အကြောင်းပြတတ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှာ ဆေးတက္ကသိုလ်လို့ မဖြည့်ခင် ဆရာဝန် တကယ်ဖြစ်ချင်တာလား၊ ဆေးပညာသင်ကြားတဲ့ကာလမှာရော ဆရာဝန်ဘဝ လုပ်ငန်းခွင်မှာရော ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ လက်ခံနိုင်မှာလားဆိုတာ ကျောင်းသားရော၊ မိဘတွေပါ ကျေကျေလည်လည် စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ၁၉၆၉ က မန္တလေးဆေးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် မျိုးဆက်သစ် ဆရာဝန်တွေကို ကြိုဆိုပါတယ်။

ဒေါက်တာသန်းဝင်း

(စာရေးသူ ဒေါက်တာသန်းဝင်းသည် ဆေးတက္ကသိုလ် (မန္တလေး) ၏ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦးဖြစ်ပါသည်)