News

POST TYPE

OPINION

ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခြင်း
29-Jul-2016
နာမည်ကျော် တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံပြီး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ကူးမယ့် မီးမုန်တိုင်းရုပ်ရှင် အကြောင်း၊ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ပြီး ဇာတ်ကားတွေ ရိုက်ကူးမယ့် အကြောင်းနဲ့ အောက်တိုဘာလမှာ ထွက်ရှိမယ့် ဂါ စီးရီးသစ်အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : စိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ရမယ့် မီးမုန်တိုင်းရုပ်ရှင်က ရိုက်ရက်ရွှေ့ထားလို့ ကြားတယ်။ ဘယ်တော့လောက် ပြန်ရိုက်ဖြစ်မလဲ။

WSKT : အဲ့ဒီကားက ရက်ညှိပြီးတော့ ပြန်ရိုက်ပါမယ်။ စိုင်းစိုင်း အားတဲ့ရက်နဲ့ ဝိုင်းစု အားတဲ့ရက်ကို တစ်ချက် ပြန်ညှိရမှာပေါ့။ ဆယ်လပိုင်း၊ ဆယ့်တစ်လပိုင်းလောက် ပြန်ရိုက်မယ်လို့ ပြောတယ်။ အဲ့ဒီအခါကျရင် ပွင့်လင်းရာသီလည်း ရောက်ပြီ ဆိုတော့ ရှိုးပွဲတွေလည်း ရှိတဲ့အတွက် ရက်တော့ တစ်ချက်ပြန်ညှိရမယ်။ ရိုက်ရက်အတိအကျတော့ မသိသေးပါဘူး။

Voice : ဒီကားမှာ ဝိုင်းစု သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကရော ဘယ်လိုပုံစံမျိုးလဲ။

WSKT : ဇာတ်လမ်း အတိအကျသိရမှ ဝိုင်းစု ပြန်ပြောပေးပါမယ်။ သူတို့နဲ့ စကားပြောစရာလေးတွေလည်း ရှိသေးတယ်။ ကြိုပြီး ပြောလိုက်ရင် လွဲသွားမှာစိုးလို့ပါ။ ဇာတ်လမ်းလည်း နည်းနည်းလေး ပြောင်းစရာ ရှိတယ်။ ဇာတ်လမ်းကတော့ ဒရာမာပါပဲ။ ဝိုင်းစုအတွက်လည်း လုပ်ကွက်ရပါတယ်။

Voice : ကားရိုက်ဘက်ကို သေချာအချိန်ပေးပြီး ပြန်လုပ်ဖြစ်တော့မယ်ပေါ့။ 

WSKT : ကားရိုက်ကတော့ ဝိုင်းစုက အများကြီးတော့ ရိုက်မှာမဟုတ်ဘူး။ ကိုယ်နဲ့ အဆင်ပြေတဲ့၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်မယ့် ဇာတ်ကားမျိုးကိုပဲ ရိုက်ဖြစ်မှာပါ။ ကားရိုက်ဘက်ကို ဆက်တိုက်ကြီး လုပ်ဖြစ်မှာတော့ မဟုတ်ဘူး။ ကိုယ့်ကို လာပေးတဲ့ ဇာတ်လမ်းတွေ အပေါ်မှာ ကိုယ်ကြိုက်တဲ့ ကာရိုက်တာမျိုးပါရင် ရိုက်ဖြစ်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ကိုယ့်ရဲ့ထုတ်လုပ်ရေးကနေပဲ စိတ်ကြိုက်ဇာတ်ကားလေးတွေ ရိုက်ဖို့ စဉ်းစားထားတယ်။ အဲ့ဒါက လုပ်တော့ မလုပ်ဖြစ်သေးဘူး။ လောလောဆယ်တော့ စီးရီးခွေ လုပ်နေလို့လေ။

Voice : ရုပ်သံဇာတ်လမ်းတွဲ တစ်ခုလည်း ရိုက်ဖြစ်မယ်လို့ ကြားတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။

WSKT : ဇာတ်လမ်းတွဲက ရိုက်ဖို့ လာပြောထားတာ ရှိတယ်။ ရိုက်ဖို့ကတော့ မင်းသားရိုက်ရက် ညှိနေလို့ သေချာပြောလို့ မရသေးဘူး။ မင်းသားရိုက်ရက် ရတော့မှ ရိုက်ဖြစ်မှာပါ။ လောလောဆယ်တော့ ကားရိုက်က စိုင်းစိုင်းနဲ့ ရိုက်ရမယ့် ရုပ်ရှင်တစ်ကားပဲ သေချာပြောလို့ ရသေးတယ်။ ကျန်တာတွေကတော့ စကားပြောထား၊ ဆိုထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

Voice : ဝိုင်းစုရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေရော ဇာတ်ကားတွေ ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။

WSKT : အဲ့ဒါကတော့ လုပ်တော့လုပ်မယ်။ ဝိုင်းစုရဲ့ ဂါစီးရီးက အောက်တိုဘာလမှာ ထွက်မှာလေ။ စီးရီးသစ်ထွက်မယ့် အချိန်နဲ့ ဇာတ်ကားတွေ ရိုက်မယ့် အချိန်ကို တစ်ချက်ပြန်ကြည့်နေတာပေါ့။ ကိုယ့်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်မယ့် ဇာတ်ကားတွေ ဆိုတော့ နည်းနည်းတော့ ကြာဦးမယ်။ ထုတ်လုပ်ရေးလုပ်မယ် ဆိုတာကလည်း ဝိုင်းစု ပရိသတ်တွေက ကားပြန်ရိုက်စေချင်လို့ ရိုက်တဲ့ သဘောပါ။ ဇာတ်ကားတွေကို အရင်လိုတော့ ဆက်တိုက်ရိုက်ဖြစ်မှာ မဟုတ်ဘူး။ ဝိုင်းစုက သီချင်းဘက်လည်း လုပ်မယ်။ ကားရိုက်ဘက်ကိုလည်း မျှလုပ်မယ်ပေါ့။

Voice : ကိုယ်တိုင်လည်း သရုပ်ဆောင် လုပ်ခဲ့ဖူးတော့ ကိုယ့်ထုတ်လုပ်ရေးကနေ ပရိသတ်တွေကို ဘယ်လိုဇာတ်လမ်းမျိုးတွေ ရိုက်ပြချင်လဲ။

WSKT : အဓိကကတော့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်လမ်းမျိုးတွေ ရိုက်ပြမှာပေါ့။ ရိုက်မယ်ဆိုရင်တော့ ဇာတ်လမ်းတွေက သေချာရွေးရဦးမှာပါ။ လောလောဆယ်တော့ ဘယ်လိုဇာတ်လမ်းမျိုး ရိုက်မယ်ဆိုပြီး စဉ်းစားထားတာတော့ မရှိပါဘူး။ အဓိကကတော့ ဝိုင်းစု ရိုက်ချင်တာက သီချင်းနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးတွေ၊ ပရိသတ်ရင်ထဲ ကျန်မယ့် ဇာတ်လမ်းမျိုးတွေ ရိုက်ချင်ပါတယ်။

Voice : ဒီမှာက ဂီတနောက်ခံ ဇာတ်ကားမျိုးတွေ ရိုက်ပြတာ ရှားတယ်လေ။ ကိုယ်တိုင်က အဆိုတော်တစ်ယောက် ဖြစ်တဲ့အတွက် အဲ့ဒီလိုဇာတ်မျိုး သေချာရိုက်ပြချင်တာလား။

WSKT : ဂီတနောက်ခံ Musical ဇာတ်ကားမျိုး ရိုက်ဖို့တော့ စိတ်ကူးရှိတယ်။ ကိုယ်တိုင်လည်း ဂီတအလုပ် လုပ်နေတာ ဆိုတော့လေ။ အဲ့ဒီလို ဇာတ်လမ်းမျိုးက ဝိုင်းစုအတွက် ပိုသင့်တော်မယ် ထင်တယ်။ ပရိသတ်လည်း ပိုပြီး စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ အဲ့ဒီလို ဇာတ်လမ်းမျိုးတော့ ရိုက်ဖို့ စဉ်းစားထားပါတယ်။

Voice : ဝိုင်းစုရဲ့ စီးရီးသစ် အခြေအနေလေးလည်း ပြောပေးပါဦး။ ဘယ်လောက်အထိ ပြီးနေပြီလဲ။

WSKT : ဂါ စီးရီးကတော့ တော်တော်များများ ပြီးနေပါပြီ။ တချို့သီချင်းလေးတွေ အချောသတ်ဖို့၊ ဆိုဖို့ ကျန်နေတာပဲ ရှိပါတယ်။ သီချင်းတော်တော်များများတော့ ပြီးနေပါပြီ။ ဒီခွေမှာ Featuring အနေနဲ့ စိုင်းစိုင်း၊ ဖြိုးပြည့်စုံ၊ X Box၊ Snare ပါမယ်။ နောက်ထပ် တစ်ယောက်လည်း ပါပါဦးမယ်။ သူ့သီချင်းက မပြီးသေးလို့ နောက်မှပဲ ပြောပြတော့မယ်။

Voice : စီးရီးရဲ့ Title Song ဖြစ်တဲ့ ဂါ သီချင်းကရော ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။ 

WSKT : အဲ့ဒီသီချင်းက Snare ရေးပေးထားတာပါ။ သီချင်းအကြောင်းအရာကတော့ သောကြာနေ့ညတို့၊ စနေနေ့ညတို့မှာ သူငယ်ချင်းတွေ သောင်းကျန်းပြီးတော့ နောက်နေ့မှာ ဂါနေတယ်ဆိုတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ သီချင်းပုံစံကတော့ အမြူးလေးပါပဲ။ ဒီခွေမှာတော့ သီချင်းပုံစံတွေ နည်းနည်းပဲ ပြောင်းထားတယ်။ ဝိုင်းစု ဆိုနေကျ သီချင်းပုံစံတွေ ပိုများပါတယ်။ ဝိုင်းစုက ခွေတစ်ခွေ အသစ်ထွက်ရင် သီချင်းပုံစံ နည်းနည်းစီပဲ ပြောင်းဖြစ်တယ်။ ပရိသတ်က ဝိုင်းစုကို လက်ခံထားတဲ့ သီချင်းပုံစံက ရှိပြီးသားဆိုတော့ အရမ်းကြီးတော့ ပြောင်းလို့မရဘူး။ သီချင်းတွေကတော့ ပရိသတ် စိတ်ဝင်စားမယ့် ပုံစံမျိုး မျှပြီး ထည့်ထားပါတယ်။ 

Voice : ရှိုးပွဲတွေကျတော့ ပြည်တွင်း၊ ပြည်ပ ဘယ်တွေသွားဆိုဖို့ ရှိလဲ။

WSKT : လောလောဆယ်တော့ ပြည်တွင်းမှာ ဆိုရမယ့် ရှိုးပွဲတွေပဲ ပိုများတယ်။ အောက်တိုဘာလထဲမှာတော့ ဘန်ကောက်မှာ တစ်ပွဲဆိုဖို့ ပြောထားတယ်။ သေတော့ မသေချာသေးပါဘူး။ ဝိုင်းစုရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကတော့ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်ဖြစ်ပါမယ်။ အဲ့ဒီအချိန်လောက်ဆို ဝိုင်းစုရဲ့ စီးရီးသစ်လည်း ထွက်ပြီးလောက်ပြီလေ။

သန့်ဇင်ဦး