News

POST TYPE

OPINION

ပေးစာတစ်စောင်ဆီမှ ယူသင့်သည့် သင်ခန်းစာ (Daily, Vol-7/No-57)
16-Jun-2019


ယခင်တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ၏ သားသမက်ဖြစ်သူ ကွယ်လွန်အနိစ္စ ရောက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က စာတစ်စောင်ရေးသားပြီး တပ်မတော် အကြီးအကဲဟောင်း၏ မိသားစုများနှင့် အတူဝမ်းနည်းကြေကွဲကြောင်း အသိပေးဖော်ပြခဲ့သည့်သတင်းကို ယမန်နေ့သတင်းစာတွင် စာဖတ်သူများ ဖတ်ရှုရလိုက်မည်ဟု ထင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပေးစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြချက်နှင့်တကွတင်ခဲ့ရာ အဆိုပါပို့စ်၌ဝင်ရောက်ကာ ကွန်းမန့်ရေးသူ၊ Share လုပ်သူ အမြောက်အမြားရှိခဲ့သည်ကိုလည်း တွေ့ရပေသည်။

“Uncle ရှင့် …”ဟု အစချီးထားပြီး “ရိုသေလေးစားစွာဖြင့်”ဟူ၍ အဆုံးသတ်ထားသည့် အဆိုပါစာနှင့်ပတ်သက်၍ အများစု(အထူးသဖြင့် ဒီမိုကရေစီအစိုးရကို ထောက်ခံသူများ)က ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကြီးမှု၊ မေတ္တာတရားရှေ့ထားနိုင်မှု စသည်တို့ကို အံ့သြတကြီး ချီးမွမ်းကြသည်ကို သတိပြုမိပေသည်။

အံ့သြတကြီးဖြစ်မည်ဆိုလည်း ဖြစ်သင့်ပေသည်။ အကြောင်းမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလမှစ၍ ၂၀၁၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း နှစ်လကြာရှည် ဖမ်းဆီးထိန်းသိမ်းခဲ့၊ ဖိနှိပ်ခဲ့သည့် စစ်အစိုးရခေါင်းဆောင်ဟောင်းတစ်ဦးကို ဂရုတစိုက် အလေးအနက်ထား ဆက်ဆံနိုင်သည်ဆိုသောကိစ္စမှာ ထင်သလောက် မလွယ်ကူသောကြောင့်ဖြစ်ပေသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးအနေနှင့် မိမိလက်ထောက်တစ်ဦးဦးကို ကွန်ပျူတာဖြင့် စာစီစာရိုက်ထားသော စာတစ်စောင်ကို ပေးပို့၍ရနိုင်သော်လည်း စာရွက်ပေါ်တွင် ဘောပင်ဖြင့် ကိုယ်တိုင် စာရေးသားပေးပို့ခြင်းသည် ပုဂ္ဂိုလ်ရေး အငြှိုးအာဃာတမရှိ၊ ရင်းနှီးနွေးထွေးမှုသာရှိသည့် သဘောကိုဖော်ပြရာရောက်ပေသည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် စာဖတ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည်ဟု ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အရာရှိကြီးတစ်ဦး၏ ပြောပြခဲ့ဖူးသောကြောင့် မြန်မာပြည်သူများအကြား “စာဖတ်သူကြီး”ဟု တင်စားခေါ်ဆိုခြင်းခံရသူ ဦးသန်းရွှေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ စာကိုဖတ်ပြီး မည်သို့အတွေးရှိမည်ကို မည်သူမျှမသိနိုင်ပေ။

သို့သော် တစ်ချိန်တစ်ခါက မိမိတို့စစ်ဘက်အစိုးရကို ထိပ်တိုက်စိန်ခေါ်ခဲ့သူ၊ မိမိတို့နှင့် ရန်သူသဖွယ်ဖြစ်ခဲ့သူက တလေးတစားသဘောဖြင့် စာရေးပေးပို့ပြီး ပုဂ္ဂိုလ်ရေး အာဃာတမရှိကြောင်း ဖော်ပြလိုက်မှုမျိုးကို မည်သူမဆို စိတ်ကျေနပ်ကြမည်သာပင်။

ထို့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအစိုးရ အနေနှင့် ဒီမိုကရေစီအရေးတော်ပုံ ကာလတစ်လျှောက် ဖြတ်သန်းခဲ့ရသည့် ခရီးကြမ်းကြီးအတွင်း မိမိကို ဖိနှိပ်ခဲ့ဖူးသည့် အင်အားစုများရော မိမိကိုဆန့်ကျင်သည့် အင်အားစုများအပေါ် နိုင်ငံတည်ဆောက်ရေးဆိုသည့် ဘုံတူညီသည့် အကျိုးစီးပွားနှင့်ပတ်သက်လာလျှင် မည်မျှအတိုင်းအတာအထိ အငြှိုးတရားနှင့် အာဃာတများကို ဖယ်ခွာ၍ဆက်ဆံနိုင်မည်နည်းဆိုသည့်အချက်ပင်ဖြစ်သည်။

ထို့ထက်ပို၍အရေးအကြီးဆုံးအချက်မှာ မိမိကိုယ်တိုင် ဒီမိုကရေစီခရီးကြမ်းကြီးတစ်လျှောက် ဖိနှိပ်မှုများကို တွန်းလှန်ရန် ကိုယ်တိုင်ကိုယ်ကျကြိုးစားခဲ့ပြီး ပြည်သူတင်မြှောက်သည့် ပြည်သူ့အစိုးရအဖြစ် လက်မထောင်နိုင်သည့်ခေတ်ထဲတွင် မိမိတို့ ဒီမိုကရေစီအစိုးရ၏ လုပ်ရပ်အချို့ကို မကျေနပ်၍ ဝေဖန်ကန့်ကွက်သူ ဆန္ဒပြသူအင်အားစုများအပေါ် အာဏာရှင်ဆန်စွာ မတုံ့ပြန်မိရန် သတိကြီးကြီးထားသင့်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၆-၆-၂၀၁၉)