News

POST TYPE

OPINION

မယ်ခွေထက်ပို၍ အရေးကြီးသော လက်ဆောင် (Daily, Vol-7/No-55)
13-Jun-2019

ယခုတလော မြန်မာပြည်သူများအကြား ပြောစရာဖြစ်နေသည့် မယ်ခွေ ပြဿနာမှာ နောက်ဆုံးတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်စောင်ကြောင့် အဆုံးသတ်သွားပြီဟု ဆိုရပေမည်။ အခြေခံပညာအထက်တန်း စနစ်သစ် ဒဿမတန်း မြန်မာစာဖတ်စာတွင် ထည့်သွင်းပြဋ္ဌာန်းသွားမည်ဟု ကြေညာခြင်းဖြစ်ပေသည်။ 

အမျိုးသမီး ရှေးစာဆိုတစ်ဦးဖြစ်သော မယ်ခွေ၏အဆိုပါကဗျာကို ကျန်းမာရေးရှုထောင့်မှ ကန့်ကွက်မှု ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် သင်ရိုးရေးဆွဲသည့်အဖွဲ့က ဖြုတ်ပစ်ခဲ့ပြီးနောက် မြန်မာကဗျာနှင့် မြန်မာစာ စိတ်ဝင်စားသူများလောကတွင် ပွက်လောညံသွားခဲ့ရုံမျှမက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ကပင် သင်ရိုးမှပယ်ဖျက်ရန် တိုက်တွန်းခဲ့သူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်သည်အထိ ဖြစ်ခဲ့ပေသည်။ 

သတင်းစာနှင့် ဂျာနယ်များတွင်လည်း မယ်ခွေကိစ္စနှင့်ပတ်သက်၍ စာပေ ဝေဖန်ရေးဆောင်းပါး အမြောက်အမြားကို တွေ့မြင်ခဲ့ရပေသည်။ ယခင်ခေတ်ကာလများတုန်းက ပုံနှိပ်စာအုပ်ပါ အကြောင်းအရာတစ်ခုကို ပြင်ဆင်လျှင်သော်လည်းကောင်း၊ ပညာရေးသင်ရိုး သာမက ဘာသာရပ်သုံးခုကိုပေါင်းပြီး တစ်ဘာသာတည်းဖြစ်အောင်လုပ်သည့် အပြောင်းအလဲမျိုး လုပ်လျှင်သော်လည်းကောင်း ဝေဖန်ခွင့်မရှိခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ချက်ကျကျကောင်းစွာ ဝေဖန်ထောက်ပြခွင့် ရလာသည်မှာ ဝမ်းသာစရာဟုပင် ဆိုရပါမည်။

ဤနေရာတွင် မယ်ခွေ၏ လက်ဆောင်ကဗျာ အဖြုတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ မြန်မာစာကို ကယ်တင်ရမည့်အလား တက်တက်ကြွကြွ ဝေဖန်ပြောဆိုခဲ့မှုများနှင့်ဆက်စပ်၍ အရေးကိစ္စတစ်ခုကို ပြောလိုပေသည်။ မြန်မာစာပေဟူသည် သက်ဆိုင်ရာ တာဝန်ရှိသူ တာဝန်သိသူများက အမြတ်တနိုးထားတတ်၊ တန်ဖိုးထားတတ်အောင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းကာ သတိပေး ပြောဆိုနိုင်နေသေးသရွေ့ ကယ်တင်စရာလိုမည့်အရာ မဟုတ်ပေ။

မယ်ခွေကိစ္စသည် သင်ရိုးညွှန်းတမ်းဆိုင်ရာ တာဝန်ရှိသူ လူနည်းစုနှင့် ရသကဗျာ မြန်မာစာကို ချစ်မြတ်နိုးသူများအကြားက အရေးကိစ္စတစ်ခုသာ ဖြစ်ပါသည်။ ယင်းကဗျာဖြုတ်ခြင်း မဖြုတ်ခြင်းက အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ ဘဝအပေါ် ကြီးမားဆိုးရွားသည့် ဂယက်ရိုက်ခတ်မှု ရှိမည်မဟုတ်ဟု ထင်ပါသည်။

ထို့ထက်ပိုအရေးကြီးသည်မှာ ကျွနု်ပ်တို့၏ မျိုးဆက်သစ်များ၏ အတွေးအခေါ် အမြော်အမြင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကောင်းစွာ အထောက်အပံ့ပေးနိုင်မည့် ပညာရေးစနစ်ကောင်းများ ကျင့်သုံးလာနိုင်ရေးသာဖြစ်သည်။ အတိတ်ကာလတွင် အခြေခံပညာရေးအပေါ် နည်းအမျိုးမျိုးဖြင့် စမ်းသပ်မှုမျိုးစုံကို သူတစ်ဗိုလ် ငါတစ်မင်းပုံစံဖြင့် ပြုလုပ်ခဲ့ရာ မျိုးဆက်အလိုက် များစွာ နစ်နာမှုများရှိခဲ့သည်ကို သင်ခန်းစာယူတတ်ရန် အထူးအရေးကြီးကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၃-၆-၂၀၁၉)