News

POST TYPE

OPINION

သြဂုတ် ၁၃ ဆန်ပြဿနာအရေးအခင်း ရခိုင်မှာ ပြန်ဖြစ်လာနိုင်သလား
13-Jun-2019


ရခိုင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကစလို့ မြန်မာ့တပ်မတော်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လျက် ရှိနေပါတယ်။ အခုချိန် တိုက်ပွဲတွေမှာ အနိုင်ရဖို့ မြေမြှုပ်မိုင်းကို အသုံးပြုလာနေကြတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် တိုက်ပွဲရှောင်ပြည်သူ လေးသောင်းကျော်ရှိလာနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ၇ မြို့နယ်မှာ တိုက်ပွဲရှောင်စခန်း ၉၀ အထိ ရှိလာနေရပါတယ်။ မိုးရာသီကျလာရောက်လာပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ဒေသခံလယ်သမားတွေအနေနှင့် အရင်နှစ်တွေလို လယ်ယာလုပ်ငန်းခွင်ကို ဝင်ရောက်မှု မရှိနိုင်ကြသေးပါ။ လယ်ယာလုပ်ငန်းခွင်ဝင်မယ့်သူတွေက တိုက်ပွဲရှောင်အဖြစ်နဲ့ တိုက်ပွဲရှောင်စခန်းတွေကို ရောက်နေကြလို့ဆိုရပါမယ်။ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် တိုက်ပွဲရှောင် စခန်းတွေကိုသွားပြီး မခိုလှုံရတဲ့ရွာသားတွေဆိုရင်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကိုကြောက်လို့ လယ်တောထဲ မဆင်းရဲဘူးဖြစ်နေကြတယ်။ ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်းများတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေကြလို့ ဒီနှစ်မှာ လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နိုင်တော့မယ် မဟုတ်တော့ပါ။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ၂၀၁၇ ခုနှစ်က ပြဿနာကြောင့် တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြလို့ ထိုဒေသတွေမှာ မနှစ်ကစပြီး စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ယာမြေဧကများစွာ ရှိနေရပါတယ်။

၂၀၁၈ ခုနှစ်က ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စပါးမစိုက်ပျိုးနိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ အရန်စပါးတွေရှိနေသလို ရခိုင်ပြည်နယ်က အခြားမြို့နယ်တွေမှာ စပါးစိုက်ပျိုးနေကြလို့ ၂၀၁၉ ခုနှစ်မှာ ဆန်ပြဿနာ တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့။ ဒါပေမဲ့ ယခုနှစ်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ လယ်သမားအများစု တိုက်ပွဲရှောင်ဘဝနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေကြရလို့ ရခိုင်ပြည်နယ်မှာ စပါးဈေးကြီးလာနိုင်တဲ့အတွက် ၁၉၆၇ ခုနှစ် စစ်တွေမြို့မှာ ဆန်ရှာမရခဲ့လို့ လူပေါင်းများစွာ သေကျေပြီး သွေးချောင်းစီးခဲ့ရတဲ့ ဩဂုတ် ၁၃ ဆန်ပြဿနာ အရေးအခင်း ဖြစ်ခဲ့သလိုမျိုး နောက်တစ်ကြိမ် ရခိုင်ပြည်နယ်မှာ ပြန်ဖြစ်လာနိုင်မလားဆိုပြီး ရခိုင်ပြည်သူတွေ စိတ်ပူနေကြပါတယ်။ 

၁၉၆၇ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန်လုပွဲဖြစ်ပေါ်ခဲ့ပြီး စစ်တွေမြို့သူ၊ မြို့သားတို့ သွေးချောင်းစီးကျခဲ့ရသော နေ့တစ်နေ့။ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပေမယ့် ရခိုင်ပြည်သူတို့ ရင်ထဲ၊ နှလုံး သားထဲမှာ ဆန်ပြဿနာကို အခုချိန်ထိ မေ့လို့မရကြသေးပါ။ ဩဂုတ် ၁၃ ဆန်ပြဿနာ အရေးအခင်းကြောင့် စစ်တွေမြို့ပေါ်မှာ လူပေါင်းနှစ်ရာကျော် သေဆုံးခဲ့ပြီး လူတစ်ရာကျော် သေနတ်ဒဏ်ရာရခဲ့ကြပါတယ်။ စပါးအထွက် များတဲ့ဒေသမှာ ဆန်မရှိလို့ ထမင်းငတ်ခဲ့ကြရပြီး အစိုးရဆီမှာ သွားတောင်းရင်း ကျည်ဆန်စာရခဲ့လို့ ရခိုင်ပြည်သူတွေ သေဆုံးသွားခဲ့ကြရတာပါ။ 

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးအစိုးရတက်လာတဲ့နောက်ပိုင်း နိုင်ငံခြားဝင်ငွေ ရရှိအောင်ဆိုပြီး နိုင်ငံခြားကို ဆန် တင်ပို့ခဲ့လို့ မြန်မာတစ်နိုင်ငံလုံးက လယ်သမားအားလုံး အစိုးရပေးတဲ့ဈေးနဲ့ စပါးကိုမဖြစ်မနေရောင်းခဲ့ကြရပါတယ်။ လယ်သမားတွေမှာ ဝမ်းစာစပါးလောက်သာ ချန်ထားနိုင်ခဲ့ပြီး အစိုးရကဝယ်တဲ့၊ ကုန်သွယ်လယ်ယာက ဖွင့်ထားတဲ့ စပါးအဝယ်ဒိုင်တွေကို မတန်မရှားဈေးနှုန်းနဲ့ စပါးသွင်းခဲ့ကြရ ပါတယ်။ တချို့မိုးခေါင်တဲ့နှစ်တွေမှာ စပါးအထွက်အနှုန်းမကောင်းပေမယ့် အစိုးရသတ်မှတ်ထားတဲ့ စပါးကိုမသွင်းနိုင်ခဲ့ကြလို့ လယ်သမားတွေ ထောင်နန်းစံခဲ့ကြရတယ်။ မိုးတွင်းကာလမှာ အစိုးရက ချေးငှားတဲ့ အမတော်ကြေးငွေကို တောင်သူလယ်သမားတွေ မဖြစ်မနေယူခဲ့ကြရပြီး စပါးပေါ်ချိန်မှာ အပြင်ပေါက်ဈေးထက် အများကြီးကွာဟနေတဲ့ အစိုးရက သတ်မှတ်ထားထားတဲ့ဈေးနဲ့ စပါးဝယ်ဒိုင်တွေကို သွင်းခဲ့ကြရပါတယ်။ စပါး အဝယ်ဒိုင်က ဒိုင်မှူးတွေ စပါးချိန်ခွင်ကို လျှော့ထားခဲ့ကြပြီး လယ်သမားတွေကို မတရားခေါင်းပုံဖြတ်ကာ သူတို့ တိုက်ဆောက်ကားစီးခဲ့ကြတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် နွားနဲ့ဖက်ပြီး ရုန်းခဲ့ကြရတဲ့ လယ်သမားတွေမှာ ကျောမွဲဘဝက မတက်နိုင်ခဲ့ပေမယ့် စပါးအဝယ်ဒိုင်က တာဝန်ရှိသူ တွေမှာတော့ ဆယ်သက်စားမကုန်ဘဝ ရောက်သွားကြပါတယ်။ 

ရဲဖမ်းမှာကြောက်လို့၊ လက်ထိတ်မြင်လို့ စပါးအဝယ်ဒိုင်ကို စပါးသွင်း နိုင်ဖို့အရေး လယ်သမားတွေမှာ လှေတစ်တန်၊ လှည်းတစ်တန် လာရောက်ကြရပြီး စပါးအဝယ်ဒိုင်မှာ ရက်မကြာစေရေး အဝယ်ဒိုင်က တာဝန်ရှိသူတွေ အရက်နဲ့မြည်းဖို့ အိမ်မှာမွေးထားတဲ့ ကြက်၊ ဘဲတွေကို လာဘ်ထိုးဖို့ ယူဆောင် လာကြရပါသေးတယ်။ အိမ်က စပါးတင်းတစ်ရာယူလာကြပေမယ့် စပါးအဝယ်ဒိုင်မှာ စပါး တင်းရှစ်ဆယ် ဖြစ်သွားပေမယ့် စောဒကတက်ခွင့်မရတဲ့ လယ်သမားတို့ဘဝ အလွန်ရင်နာဖို့ကောင်းခဲ့ပါတယ်။ စပါးတစ်တောင်း ပိုထွက်ဖို့အရေး ရွှံ့တောထဲမှာ ခြင်ကိုက်ခံပြီး ပျိုးစိုက်ခဲ့ကြပေမယ့် စပါးအဝယ်ဒိုင်ကလူတွေ ပြုပြင်ထားတဲ့ ချိန်ခွင်လျှာအတိုင်း ပေးခဲ့ကြရပါတယ်။ 

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ စပါးအထွက်ကောင်းတဲ့ဒေသတစ်ခုမှာ ရှိနေပေမယ့်တော်လှန်ရေးအစိုးရတက်လာချိန် ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ ရခိုင်ပြည်သူတွေဟာ ကိုယ်စိုက်ပျိုးတဲ့စပါးကို ဝဝလင်လင် မစားခဲ့ရဘဲ (ပပက) လို့ခေါ်တဲ့ သမဝါယမဆိုင်က ခွဲတမ်းပေးတဲ့ဆန်နဲ့ ရခိုင်ပြည်သူတို့ အသက်ရှင်သန်ခဲ့ရတယ်။ အိမ်ထောင်စုစာရင်းလုပ်ပြီး ကတ်ပြားနဲ့ ဆပ်ပြာ၊ ဖယောင်းတိုင်ကအစ သမဝါယမဆိုင်ကို အားကိုးခဲ့ရတဲ့ လူနေမှုဘဝ ဖြစ်နေခဲ့ရပါတယ်။ လူကြီးတစ်ယောက်ကို တစ်လ ဆန်ဘူး ၆၀ နှုန်း၊ ကလေးတစ်ယောက်ကို ဆန်ဘူး ၃၀နှုန်း ခွဲတမ်းစနစ်နဲ့ နေထိုင် စားသောက်ခဲ့ကြရတယ်။ ၁၉၆၇ ခုနှစ် ဦးနေဝင်းတို့အစိုးရ ကိုယ်ကျိုးစီးပွားများများလိုချင်လို့ အနောက်ဥရောပနိုင်ငံတွေကို ဆန်တန်ချိန်များစွာပို့ဖို့ တင်ကြိုစာချုပ်ချုပ်ဆိုခဲ့ပြီး တင်ပို့ခဲ့လို့ သမဝါယမဆိုင်က လူကြီးတစ်ယောက်ကို ဆန်ဘူး ၄၀ နှုန်း ခွဲတမ်းလျှော့ပေးခဲ့တယ်။

၁၉၆၆ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရာသီဥတုဖောက်ပြန်ခဲ့လို့ စပါး အထွက်နှုန်းများစွာ နည်းခဲ့ရတယ်။ ခန့်မှန်းသလောက်မထွက်ခဲ့။ လယ်သမားတွေ စိုက်ခဲ့သလောက် မရိတ်သိမ်းခဲ့ရတဲ့နှစ်။ ဒါပေမဲ့ ဦးနေဝင်းတို့ အစိုးရ နိုင်ငံခြားနဲ့ တင်ကြိုစာချုပ်ချုပ်ဆိုထားလို့ ရခိုင်ပြည်သူတွေ စားသောက်ရေးကို မငဲ့ကွက်၊ အလေးမထားခဲ့ဘဲ စာချုပ်အတိုင်း နိုင်ငံခြားကို ဆန်တန်ချိန် များစွာတင်ပို့ခဲ့ကြတယ်။ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က စပြီးတော့ လူကြီးတစ်ယောက်ကို ဆန်ဘူး ၃၀၊ ကလေးတစ်ယောက်ကို ဆန်ဘူး ၁၅ ဘူးအထိ အရင်ပေးနေတဲ့ ခွဲတမ်းတစ်ဝက်လျှော့ချခဲ့လို့ မဝရေစာ စားသောက်လာခဲ့ပြီး နောက်ပိုင်း တစ်ပတ်အတွင်း ဆန်ပြတ်လပ်မှု စတင်ဖြစ် ပေါ်လာခဲ့ရပါတယ်။ ဒါကြောင့် မိသားစုတစ်ခုဟာ သမဝါယမဆိုင်ကပေးတဲ့ ခွဲတမ်းနဲ့ စားသောက်ဖို့ ဘယ်လိုမှ မလောက်ငတော့ပါ။ အပြင်မှာ ဝယ်ယူ စားသောက်ဖို့ကလည်း ဈေးကြီးတာက တစ်ပိုင်း၊ ပိုက်ဆံရှိနေပေမယ့် ဝယ်လို့မရတဲ့အခြေအနေကို ရောက်ရှိနေတဲ့အတွက် အရင်က ဆန်တစ်ပြည်ကို ပြား ၆၀ သာသာရှိခဲ့ပေမယ့် ၁၉၆၇ ခုနှစ် ဩဂုတ်လမှာ ဆန်တစ်ပြည် ၄ ကျပ်ကနေ ၆ ကျပ်အထိ ဈေးထိုးတက်လာခဲ့ပါတယ်။ တချို့ဆိုရင် မိသားစု စားသောက်ဖို့အရေး ဆန်ရဖို့ရှိအတွက် မရှက်မကြောက် တောင်းစားလာ ကြသလို သားသမီးတွေ ဗိုက်ဆာပြီး ငိုနေတဲ့ဒဏ်ကို မခံစားနိုင်တော့လို့ ဆန်ရှိနေတဲ့ အိမ်တွေပေါ်တက်ကာ ဓားဆွဲပြီး လုယုလာတာတွေ ရှိလာခဲ့ကြ တယ်။ ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးလို့ အငတ်ဘေးဆိုက်တာ သမိုင်းတစ် လျှောက်လုံး မည်သည့်အခါမျှ မတွေ့ဖူး၊ မကြုံခဲ့ရတဲ့အဖြစ်ဆိုးနဲ့ ရခိုင်ပြည်သူတွေ ကြုံတွေ့လာကြရပါတယ်။ ဆန်ရှားပါးလို့ ငွေကြေးတတ်နိုင် သူတွေတောင် ဆန်ဝယ်မရ ဖြစ်လာခဲ့ရတယ်။ တချို့မိသားစု ဆန်ရှာမရလို့ ပိန်းဥနဲ့ချဉ်ပေါင်ကို ကြိုချက် စားသောက်ခဲ့ရတဲ့အတွက် ဝမ်းသွားလို့ သေတဲ့မသာတွေ ရခိုင်ပြည်နယ်မှာ များစွာရှိလာခဲ့ကြတယ်။ ရခိုင်ပြည်နယ်အနှံ့ မကြားချင်ရဆုံး သတင်းတွေ ကြားလာခဲ့ရပါတယ်။ 

စစ်တွေမြို့က လမ်းကြို၊ လမ်းကြားတွေမှာ “ထမင်းကျန်ပေးကြပါ၊ ထမင်းကျန်ပေးကြပါ” ဆိုပြီး တစာစာနဲ့ ရင်ခွင်ထဲကလေးကို နို့တိုက်ပြီး ကလေးအမေတွေ လိုက်လံတောင်းစားလာကြရပါတယ်။ မိန်းမပျို၊ လူပျို တို့သည်ပင် ထမင်းငတ်လာကြတော့ ရှက်ရမှန်းမသိတော့ဘဲ တောင်းရမ်းစား သောက်ရသည့်အထိ ဖြစ်လာခဲ့ကြတယ်။ ဆန်ရှားပါးမှုကြောင့် ကျေးလက်တွေမှာ သူဌေးအိမ်တွေ၊ လယ်ပိုင်ရှင်အိမ်တွေကို ဆန်လုယူဖို့ လူအုပ်ကြီးတွေ ရောက်ရှိလာကြတော့တယ်။ ပြည်နယ်အစိုးရ အစည်းအဝေးတစ်ခုမှာ တာဝန်ရှိသူတစ်ဦးက ရခိုင်မှာ ဆန်မလောက်တော့ရင် ပြုတ်ဆန်၊ ဆန်ခွဲကို ခွဲတမ်းချရောင်းဆိုပြီး ပြောဆိုသံကို ကြားကြရလို့ “ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား” ဆိုပြီး ကြွေးကြော်သံတွေနဲ့ ရခိုင်ပြည်နယ်မှာ ပထမဦးဆုံး ဆန္ဒပြတဲ့ ဆန်ပြဿနာ ဖြစ်ပေါ်လာခဲ့ရပါတယ်။ 

၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က လူငယ်တစ်စု ဦးဆာင်ပြီး စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးကနေ “ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား၊ မုန့်တီမစား ရခိုင်သား” ဆိုပြီး ကြွေးကြော်သံတွေ အော်ပြီး ဆန္ဒပြဖို့ စထွက်ကြပါတယ်။ ဆန္ဒပြကြွေးကြော်သံကို ရင်ဘတ်ချင်းတူသူတွေ၊ ခံစားချက်တူသူတွေ ကြားကြရတော့ အိမ်ကနေ အသီးသီးထွက် လိုက်လာခဲ့ကြပါတယ်။ ဆန္ဒပြသူအင်အား တဖြည်းဖြည်းများပြားလာပြီး နာဇီရွာမှ မွတ်ဆလင်များလည်း ဆန္ဒပြချီတက်ရာသို့ လိုက်ပါလာခဲ့ကြတယ်။ လူတိုင်း အသက်ဆက်လက်ရှင်သန်ရေးအတွက် ဆန်ရရှိဖို့ အဓိကဖြစ်နေကြလို့ ပါဝင်လာခဲ့ကြခြင်းဖြစ်တယ်။ ဆန္ဒပြလူအုပ်ကြီး တဖြည်းဖြည်း များလာလို့ “ဆန်ရရှိရေး တို့အရေး” ကြွေးကြော်သံက ပိုပြီး ကျယ်လောင်လာခဲ့ရပါတယ်။

ဆန်ရရှိရေးအတွက် လူအုပ်ကြီး ဆန္ဒပြချီတက်လာခဲ့ကြရာ ကသဲရွာလမ်းထိပ် အုတ်ခေါင်းအနား “မြ” ဆန်စက်အနီးသို့ ရောက်ရှိလာခဲ့ကြပါတယ်။ ဆန္ဒပြချီတက်လာခဲ့သူတွေ ထိုနေရာအရောက် ရပ်တန့်သွား ရတယ်။ အကြောင်းမူကား မြဆန်စက်ရှေ့ ၌ ဦးနေဝင်းအစိုးရရဲ့စစ်တပ်က သံဆူးကြိုးများဖြင့် တားဆီးထားပြီး ဖြစ်တယ်။ ဆန်စက်ရဲ့ ညာဘက်တွင် စစ်တပ်က TE ကား ၆ စီးအပြည့် စစ်သားများ နေရာယူထားကြပြီး စစ်သား တွေရဲ့ လက်ထဲမှာ (G-3) (G-4) မောင်းပြန်သေနတ်တွေ အသင့်ကိုင်ဆောင်ထားကြတယ်။ အာဏာရှင်တပ်ဖွဲ့နဲ့ ထမင်းငတ်နေတဲ့ လက်နက်မဲ့ပြည်သူ တွေ ထိပ်တိုက်တွေ့ကြလေပြီ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်ခဲ့သူ ရခိုင်လူမျိုး ဗိုလ်ချုပ်စောဖြူ စစ်တွေမြို့ ဩဂုတ် ၁၃ ဆန်ပြဿနာ အရေးအခင်း ဗိုလ်မှူးဖြစ်နေသူက ပုဒ်မ (၁၄၄) ကို ချက်ချင်းထုတ်ပြီး သံဆူး ကြိုးမဖြတ်ဖို့ တားမြစ်ခဲ့ပေမယ့် ဆန်ရလိုမှု လွန်ကဲနေလို့ ဆန္ဒပြနေသူတွေ ရှေ့ဆက်တိုးလာချိန် စစ်သားတွေရဲ့လက်ထဲကနေ အဆက်မပြတ်ထွက်လာသော သေနတ်သံ မိုးယံသို့ လျှံတက်လေပြီ။ ဆန္ဒပြလူအုပ်ကြီးထဲ ကျည်ဆန်ထိမှန်၍ လဲကျသူကျ ၊ ထွက်ပြေးသူပြေး စသည်ဖြင့် အခြေအနေတစ်ရပ် ရုတ်တရက် ချက်ချင်းပြောင်းလဲသွားပါလေတော့တယ်။ ကသဲရွာလမ်းမပေါ် လူအတုန်းအရုန်း လဲကျကုန်ကြပြီး အသက်မသေသူတွေ “မြ” ဆန်စက်အနီး စီးဆင်းနေတဲ့ ဆတ်ရိုးကျချောင်းကို ရေကူးပြီး တစ်ဖက်ကမ်းကို ထွက်ပြေးကြရပါတယ်။ ထိုသို့ အသက်ဘေးကလွတ်မြောက်ဖို့ ထွက်ပြေးသူတွေကိုလည်း ဦးနေဝင်းအစိုးရတပ်က စစ်သားတွေ အလွတ်မပေးခဲ့ဘဲ သေနတ်နဲ့လိုက်ပစ်လို့ ဆတ်ရိုးကျချောင်း သွေးရဲရဲဖြင့် သွေးချောင်းစီးခဲ့ရပါတယ်။ 

စစ်တွေမြို့ကလူတွေ ထမင်းငတ်ဘေး ဒုက္ခကြုံနေရတဲ့အချိန် ဆန်ဂိုဒေါင်မှာ ဆန်အများကြီးရှိနေပြီး ထောက်ပံ့ပေးနိုင်တဲ့အခြေအနေမှာ ဦးနေဝင်းအစိုးရက ဆန်ကိုမပေးခဲ့ဘဲ ကျည်ဆန်တွေပေးခဲ့လို့ ဩဂုတ်လ ၁၃ ရက်နေ့ဟာ ရခိုင်ပြည်သူတွေရဲ့ အသည်းနှလုံးထဲမှာ မမေ့နိုင်တဲ့နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။ ဦးနေဝင်းကတော့ အဲဒီနှစ်မှာ တရုတ်-ဗမာ အရေးအခင်းကို ဖန်တီးပြလိုက်ပြီးတော့ ရခိုင်ပြည်နယ်က ဩဂုတ် ၁၃ ဆန်ပြဿနာကို အာရုံလွှဲလိုက်ပါတော့တယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အခုချိန်အထိ ဩဂုတ် ၁၃ ရက်နေ့ရောက်တိုင်း စစ်တွေမြို့မှာ သေဆုံးသွားခဲ့ရတဲ့သူတွေအတွက် ဆုတောင်းပွဲ နှစ်စဉ်ပြုလုပ်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးခဲ့လို့ ဩဂုတ် ၁၃ ဆန်ပြဿနာ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါတယ်။ အခုချိန် ရခိုင်ပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေ ပြန်ဝင်ရောက်မလာသေးလို့ ယခုနှစ် ရခိုင်ပြည်နယ်မှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ယာမြေဧကများစွာ ရှိလာနိုင်ပါတယ်။ မနှစ်က အရန်ဆန်ကို စားနေခဲ့ကြရလို့ ဒီနှစ်မှာ ဆန်ရှားပါးတဲ့ပြဿနာ မဖြစ်ခဲ့ပါ။ ယခုနှစ် ရခိုင်ပြည်နယ်မှာ စပါးမစိုက်ပျိုးနိုင်တဲ့ ဧကများစွာ ရှိလာနိုင်တဲ့အတွက် နောက်နှစ်မှာ ဆန်ရှားပါးမှုပြဿနာ ဖြစ်လာနိုင်ပါတယ်။  ဒါကြောင့် ဩဂုတ် ၁၃ လို ဆန်ရှားပါး မှုအရေးအခင်း ပြဿနာ မဖြစ်ပေါ်ရအောင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ဝယ်လိုအားမြင့်နေတဲ့ တရုတ်နိုင်ငံကို ဆန်ရောင်းမထုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းမှာ အရန်ဆန် ဖြည့်တင်းထားဖို့ လိုအပ်နေပါပြီ။ ရခိုင်ပြည်နယ်ကို သင်္ဘောအကြီး၊ အငယ် အသွယ်သွယ်ဖြင့် လာဝယ်နေကြတဲ့ ဆန်ကုန်သည်တွေကိုလည်း အာဏာစက်နဲ့ တားမြစ်ရပါမယ်။ 

ယခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လယ်သမားအများစု တိုက်ပွဲရှောင်စခန်းတွေကို ရောက်နေကြရလို့ လယ်ယာလုပ်ငန်းခွင်ထဲ မဝင်ရောက်နိုင်ဖြစ်နေကြရပါတယ်။ ဒါကြောင့် ဒီနှစ် စပါးပေါ်ချိန် ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်း မလွဲမသွေ ဧကန်နည်းလာတော့မှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် အရန်ဆန်ဖြည့်တင်းမထားနိုင်ခဲ့ပါက ရခိုင်ပြည်နယ်မှာ ဩဂုတ် ၁၃ ဆန်ပြဿနာလိုဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ဖြစ်လာနိုင်ပါကြောင်းဗျာ။ 

အောင်ကြည်မိုး (စစ်တွေ)