News

POST TYPE

OPINION

ပလက်ဖောင်းဇာတ်လမ်း
13-Jun-2019


အသိပေးတင်ပြအပ်ပါသည်။
တာမွေမြို့နယ်၊ ဗညားဒလလမ်း (ဦးထွန်းမြတ်လမ်းနှင့် သမိန်ဗရမ်းလမ်းကြား) စြင်္ကံပြုပြင်ခြင်း
လုပ်ငန်းစတင်သည့်ရက် - ၅-၄-၂၀၁၉
လုပ်ငန်းပြီးဆုံးမည့်ရက် - ၃၁-၅- ၂၀၁၉
ခရီးသွားလာနေသောယာဉ်များ ဘေးအန္တရာယ်မဖြစ်စေရန် ဂရုစိုက်မောင်းနှင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကလေး ဒီမနက်မတွေ့တော့လို့ ရှာကြည့်လိုက်တာ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးဝင်းထဲမှာ ပက်လက်ကလေး တွေ့လိုက်ရတယ်။ ညက မိုးတွေရွာထားလို့ ဆိုင်းဘုတ်က ရေတွေစိုလို့။ သစ်သားပိုင်းတချို့၊ အမှိုက်တချို့နဲ့အတူ ဆိုင်းဘုတ်ကလေးဟာ ဆေးရုံဝင်းတံတိုင်းထဲ လဲလျောင်းလို့။ ပြီးခဲ့တဲ့ရက်များကပဲ ခင်းလက်စ ပလက်ဖောင်းဘေး ခြံစည်းရိုးမှာ ထောင် ထားသေးတယ်။ ဒီအနီးအနားတစ်လျှောက် ပလက်ဖောင်းလေး အသေအချာပြန်ခင်းနေတဲ့ ပရောဂျက်လေးကို မနက်ခင်းတွေမှာ တွေ့လိုက်၊ ပျောက်လိုက်နဲ့ သတိထားနေမိတယ်။ တချို့ရက်တွေ မနက်ခင်းလူစည်ကားချိန်မှာ အုတ်စီသူတွေ၊ ပန်းရန်သမားတွေ၊ ကျပန်းအလုပ်သမားတစ်စု တကုပ်ကုပ်နဲ့ လုပ်နေကြတာ တွေ့ရတယ်။ ဆေးရုံဝင်း အပြင်ဘက်ပလက်ဖောင်းက တော်တော်လေးပျက်စီးနေပြီမို့ မြို့တော်စည်ပင်က ပြန်ပြင်နေတာဖြစ်မှာပါ။ 

ပလက်ဖောင်းလေးအကြောင်းပြောရရင် တော်တော်လေး ရှည်လျားပါလိမ့်မယ်။ ဒီပလက်ဖောင်းလေးပေါ်မှာ မနက်ခင်းတိုင်း လမ်းလျှောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ ဒီလမ်းမကြီးပေါ်မှာ ရှည်လျား တဲ့ ခုံးတံတားကြီးတစ်ခု ပေါ်မလာခင်ကတည်းက...။ ဒီဆေးရုံကြီး စရွှေ့လာကတည်းက...။ ဆိုတော့ ဒီပလက်ဖောင်းလေးပေါ်က အဖြစ်အပျက်ဇာတ်လမ်းလေးတွေကို ကောင်းကောင်းမှတ်မိနေတယ်။ ဆယ်စုနှစ် နှစ်ခုကျော် သမိုင်းကိုပြောရရင် ဟောဒီဆေးရုံကြီးတည်ရှိနေတဲ့နေရာမှာ တစ်ခါတုန်းက သင်္ချိုင်းအုတ်ဂူတွေရှိခဲ့တယ်။ တရုတ်သင်္ချိုင်းလို့ ခေါ်တယ်။ အုတ်ဂူတွေဖယ်ရှားပြီးတဲ့နောက် ကွက်လပ်အဖြစ် မြက်ရိုင်း၊ ချုံတောဖြစ်ပြီး အတန်ကြာနေခဲ့တယ်။ နောက်တော့ အဆောက်အအုံသစ်တစ်ခု ပေါ်လာတယ်။ နောင်ခါမှာတော့ အဲဒီအဆောက်အအုံက ဆေးရုံဖြစ်သွားတယ်။

ဒီအနားက ပလက်ဖောင်းလေးပေါ် မနက်ခင်းတိုင်း လမ်းလျှောက်ဖြစ်တော့ အရင်တုန်းက ပလက်ဖောင်းကောင်းကောင်းမရှိတာ သတိထားမိတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကစပြီး လျှောက်စရာပလက်ဖောင်းလေး ပေါ်လာတယ်။ အဲဒီတုန်းကစိုက်ခဲ့တဲ့ ရေတမာပင်ပေါက်လေးတွေတောင် ခုဆို ထွာဆိုင်လုံးပတ်နဲ့ အတော်မြင့်မြင့်၊ အရွက်အုပ်အုပ်ဖားဖားကြီးဖြစ်နေပြီ။ ထူးခြားတာက ပလက်ဖောင်းလုပ်စဉ်က ရေတမာပင်ပေါက်လေးတွေကို ပလက်ဖောင်းအလယ်တည့်တည့်မှာ စိုက်ခဲ့တော့ ခုနေ လမ်းလျှောက်ရင် အဲဒီအပင်ကို ကွေ့ပတ်လျှောက်ရသလို မြင့်လာတဲ့ အကိုင်း၊ အခက်ကလည်း အပေါ်က ဓာတ်ကြိုးနဲ့ မလွတ်တော့ဘူး။ လုပ်သူတွေက သူတို့တာဝန်အရ စိုက်ဆို စိုက်ခဲ့ကြတာကိုး။ နောင်ဆယ်နှစ်မှာ ဘာဖြစ်မယ်ဆိုတာအထိ စဉ်းစားခဲ့ပုံမပေါ်ဘူး။ ပြောရဦးမယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပလက်ဖောင်းလေးကိုထပ်ပြီး တန်ဆာဆင်တော့လည်း ဒီလမ်းပေါ်မှာ အလုပ်သမားလေးတွေ အလုပ်လုပ်နေကြတာ တွေ့ရတာပဲ။ ဘယ်သူက ဘယ်လိုတာဝန်ယူမှုမျိုးနဲ့ ခင်းကြသလဲတော့ မသိဘူး။ သူတို့ဟာ ပလက် ဖောင်းနေရာမှာ မြေကြီးတွေဖို့ပြီး အပေါ်က ကွန်ကရစ်ခင်းလိုက်ကြတယ်။ လုပ်ပြီးခါစကတော့ တော်တော်ကြည့်ကောင်းတဲ့ ပလက်ဖောင်းလေးပါပဲ။ တစ်နှစ်လောက်ကြာတော့ ပလက်ဖောင်းလေးက ယိုင်လာတယ်။ အောက်ခံမြေက ပျော့တော့ ကွန်ကရစ်တွေ ပြန်ကွာပြီး တစ်ဖက်နိမ့်၊ တစ်ဖက်မြင့်တွေ ဖြစ်လာတယ်။ နှစ်တွေကြာလာတော့ ကြည့်မကောင်းတော့ဘူး။ ဒီကြားထဲ ဒီပလက်ဖောင်းနားမှာ နီဝါရောင် အမှိုက်ပုံးကြီးနှစ်လုံး လာချပြီး အမှိုက်သိမ်းစုရပ်လုပ်လာတယ်။ အမှိုက်တွေစုပြုံသိမ်းဆည်းပြီး တစ်ခါတလေ အညစ်အကြေးအရည်တွေက ပလက်ဖောင်းနားမှာ စီးနေသလို လမ်းသွားလမ်းလာတွေက နှာခေါင်းပိတ်ဖြတ်သွားရတယ်။

လမ်းဆုံတွေရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ခုံးကျော်တံတားထိုးပြီး ဖြေရှင်းဖို့ကြံစည်တော့ ဒီပလက်ဖောင်အနီးက လမ်းဆုံလည်း စီမံကိန်းထဲပါလာတယ်။ ခက်တာက ဒီလမ်းဆုံ ခုံကျော်တံတားဆောက်ဖို့ ကာလအတော်ကြာတဲ့အထိ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ဦးသိန်းစိန်အစိုးရ ဆင်းခါနီးကျမှ တည်ဆောက်ခဲ့တာ။ ဝိုင်ပုံသဏ္ဌာန် ခုံးကျော်တံတားကြီးက ဗညားဒလလမ်းကနေတက်ပြီး ဦးချစ်မောင်လမ်းဘက် တစ်ခြမ်း၊ အရှေ့မြင်းပြိုင်ကွင်းဘက်တစ်ခြမ်း ခွဲသွားတယ်။ တော်တော်ကြီးကျယ်တဲ့ စီမံကိန်းကြီးတစ်ခုပါ။ ခုံးကျော်တံတားဆောက်ဖို့ ပိုင်တိုင်ကြီးတွေဆောက်တော့ ဧရာမပိုင်တိုင်ကြီးတွေ လုပ်ရတယ်။ အဲဒီကာလတွေတုန်းကလည်း ဒီပလက်ဖောင်လမ်းကလေးအတိုင်း လမ်းလျှောက်ဖြစ်နေခဲ့တာပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် လမ်းအလယ်ကို ကာပိတ်ထားတော့ ဘေးနှစ်ဖက်ကားလမ်းက ကျဉ်းသွားတယ်။ ကားတွေ တန်းစီပြီး သည်းခံမောင်း။ လမ်းသွားလမ်းလာတွေလည်း တည်ဆောက်ရေးကာလမို့ သည်းခံကွေ့ပတ်လျှောက်ပေါ့။ ခုံးကျော်တံတားဆောက်လိုက်တော့ လမ်းဧရိယာက ကျဉ်းသွားတယ်။ နဂိုကမှ မရှိတဲ့ပလက်ဖောင်းတချို့ ပျောက် သွားတယ်။ မောင်လုံးစတိုးရှေ့နဲ့ ကျောင်းဆရာ ထမင်းကြော်ဆိုင်ရှေ့မှာ ပလက်ဖောင်းမရှိတော့ဘူး။ 

ဒီခုံးကျော်တံတားကြီးရဲ့ အုတ်ခုံတွေက ဧရာမအုတ်ခုံတွေ။ ဒီလောက် မိုးပျံတံတားပေါတဲ့ ဘန်ကောက်မှာတောင် ဒီလို အုတ်ခုံကြီးတွေနဲ့ ခုံးတံတား မတွေ့ဖူးသေးဘူး။ ခုံးတံတားတွေက တည်ဆောက်ပြီးသွားရင် အောက်ဘက်နေရာလွတ်တွေက အလိုလို ကားပါကင် ဖြစ်သွားကြတယ်။ ကြည့်ရတာ အရုပ်ဆိုးလှတယ်။ ၈ မိုင်လမ်းဆုံဆို အရင်က အတော်လှတယ်။ ခုံးကျော်တံတားဆောက်ပြီး အောက်ဘက်နေရာလွတ်မှာ ကားပါကင်ဖြစ်တော့ ကြည့်မကောင်းတော့ဘူး။ ပြီးတော့ မင်္ဂလာဒုံလေဆိပ်ကလာတဲ့ လမ်းမကြီးပေါ်မှာ ဆောက်ထားတာ။ ခု ဝိုင်ပုံသဏ္ဌာန် တာမွေတံတားကြီးကလည်း တံတားကြီးသာ ပြီးသွားတယ်။ အောက်က လမ်းဆုံက တိုးမပေါက် စည်ကားတုန်းပဲ။ ခရီးသည်တင် ဘတ်စ်ကားတွေက ခုံးတံတားပေါ် မဖြတ်ကြဘူး။ မှတ်တိုင်ရှိတဲ့အောက်မှာပဲ ရပ်ကြတယ်။ တံတားရဲ့ ဦးချစ်မောင် လမ်းဘက်အခြမ်းသာ ဟိုဘက် ဒီဘက် နှစ်လမ်းမောင်းလို့ရပေမယ့် အရှေ့ မြင်းပြိုင်ကွင်းလမ်းဘက်ကတော့ အဆင်းတစ်လမ်းပဲရတယ်။ သင်္ဃန်းကျွန်း၊ လေးထောင့်ကန်ဘက်က လာတဲ့ကားတွေ တက်လို့မရဘူး။ ဒီတော့ ရုံးတက် ရုံးဆင်းချိန်တွေမှာ အရှေ့နဲ့ တောင်မြင်ပြိုင်ကွင်းလမ်းဆုံတစ်ကြောလည်း မော်တော်ကားတွေနဲ့ စည်ကားလို့ပဲ။ ထားပါတော့...။

ပလက်ဖောင်းဇာတ်လမ်းဆက်ရရင် မနက်ခင်းတိုင်း လျှောက်နေကျ ပလက်ဖောင်းလေးဟာ ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ကြိမ်၊ သုံးကြိမ်မက ပြင်တာသတိထားမိတယ်။ ပြင်လိုက်တိုင်း ခြောက်လ၊ တစ်နှစ်လောက် ကောင်းပေမယ့် နောက်ပိုင်း ယိုင်ရွဲ့ပျက်စီးသွားကြတာချည်းပဲ။ ခုလည်းပဲ လမ်းလျှောက်ရင်း ယိုယွင်းပျက်စီးနေတဲ့ ပလက်ဖောင်းတွေကို အသစ်ပြန်ခင်းဖို့ လုပ်နေကြတာ တွေ့ရတယ်။ ခုနောက်ပိုင်း ပလက်ဖောင်းခင်းကြတာ ဘေးအကာတွေကတော့ အကျအန သေသေသပ်သပ်ပဲ။ ကွန်ကရစ် ပန်းရန်လက်ရာက ညီလို့ပဲ။ သူတို့တစ်တွေ ပလက်ဖောင်းခင်းနေကြတာ နေ့တိုင်းနီးပါး မြင်နေရတော့ ဒီပလက်ဖောင်းလေး ကောင်းလာတော့မှာပါဆိုပြီး ကျေနပ်နေခဲ့တယ်။ ကွန်ကရစ်ဘောင်တွေလုပ်၊ အုတ်ကျိုးတွေထည့်၊ သဲတွေခင်းပြီးသွားတော့ ပလက်ဖောင်းခင်းနေတဲ့သူတွေ ပျောက်သွားတယ်။ တစ်ရက်လည်း ပေါ်မလာ။ နှစ်ရက်လည်း ပေါ်မလာ။ မတွေ့တော့ဘူး။ ပလက်ဖောင်းခင်းတာကလည်း လက်စမသတ်သေးဘူး။ ကိုယ်က ဒီလမ်းပေါ် နေ့စဉ်နီးပါး လျှောက်နေသူဆိုတော့ ဟိုစပ်စပ် ဒီစပ်စပ်လိုက် ကြည့်မိတယ်။

တစ်ရက်ကတော့ အနီရောင်အောက်ခံမှာ စာလုံးအဖြူရောင်နဲ့ ရေးထားတဲ့ စြင်္ကံလမ်းပြုပြင်ခြင်း စီမံကိန်း ဗီနိုင်းဆိုင်းဘုတ်ကလေးခင်းလက်စ ပလက်ဖောင်းဘေး ထောင်ထားတာတွေ့လို့ ဖတ်ကြည့်မိတယ်။

လုပ်ငန်းစတင်သည့် ရက် - ၅-၄-၂၀၁၉

လုပ်ငန်းပြီးဆုံးမည့် ရက် ၃၁-၅-၂၀၁၉

ဟင်... ။ လုပ်ငန်းပြီးဆုံးမည့်ရက်က မေလ ၃၁ ရက် ဆိုပြီး ခုထိ မပြီးသေးပါလား။ ဘာဖြစ်လို့ပါလိမ့်။ ဘတ်ဂျက်ကုန်သွားတာလား။ မလောက်တာလား။ လုပ်ငန်းပြီးမယ့်ရက်ကို လူသိထင်ရှားကြေညာထားပြီးမှ ဘာလို့ လက်စမသတ်တာပါလိမ့်ဆိုပြီး တွေးနေမိတယ်။ ပြီးခဲ့တဲ့ ရက်တွေအထိ ဆိုင်းဘုတ်အနီရောင်ကလေး မြင်နေရပေမယ့် ဒီမနက် လမ်းလျှောက်တော့ မမြင်ရတော့ဘူး။ ဒါနဲ့ ပြင်လက်စ ပလက်ဖောင်းနားသွားပြီး စပ်စုကြည့်လိုက်တော့ ဆိုင်းဘုတ်အနီရောင်ကလေးက ဆေးရုံဝင်းခြံစည်းရိုးဘေးမှာ ပက်လက်။ မိုးရေတွေ၊ အမှိုက်သရိုက်တွေနဲ့ရောလို့...။ ဘယ်သူ လွှင့်ပစ်လိုက်တာလဲ မသိပါ။

ချစ်ဝင်းမောင်