News

POST TYPE

OPINION

မယ်ခွေလည်း မသေ ရသစာပေလည်း မကျရှုံးပါ
12-Jun-2019


(၁)

ရသစာပေအပေါ် ချစ်မြတ်နိုးမှုတွေ၊ တန်ဖိုးထားမှုတွေ လျော့နည်းလာပြီလားလို့ မေးခဲ့ရင် မလျော့နည်းပါဘူးလို့ ကျွန်တော် ရဲရဲကြီးဖြေလိုက်ချင်ပါတယ်။ ဖြေရဲပါတယ်။ ကြည့်လေ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို သင်ရိုးကနေ ပယ်နုတ်လိုက်တယ်၊ ဒီကဗျာကြောင့် လူငယ်တွေ ဆေးလိပ်သောက်မှာ စိုးရတယ် စသဖြင့် မှတ်ချက်စကားကို ကြားလိုက်ရတဲ့အချိန် ဒီကဗျာလေးမှာ ဆေးလိပ်သောက်တာကို အားပေးလှုံ့ဆော်တဲ့ အရေးအသား တစ်လုံးတစ်ပါဒ တစ်ကြောင်းမှ မပါဝင်ပါဘူး၊ မိန်းမပျိုလေးရဲ့ ချစ်သူအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို သိမ်မွေ့စွာဖွဲ့ဆိုထားတဲ့ လှပတဲ့ မေတ္တာဖွဲ့ကဗျာလေးတစ်ပုဒ်ပါပဲဆိုပြီး ကဗျာလေးဘက်ကနေ ဝိုင်းဝန်းကာကွယ် ပြောဆိုရေးသားကြတာ ပြည်သူတွေအားလုံးလိုလိုပါပဲ။ ဒါဟာ မယ်ခွေရဲ့ကဗျာလေးကို ချစ်ကြလို့ပါ။ မမှန်ကန်တဲ့မှတ်ချက်ကြောင့် ကဗျာလေးဘက်ကနေ မခံမရပ်နိုင်ဖြစ်ကြတာပါ။ တစ်နည်းအားဖြင့် ရသစာပေကို လူတွေချစ်နေကြတုန်းပါပဲ။ တန်ဖိုးထား မြတ်နိုးနေကြတုန်းပါပဲ။ မယ်ခွေရဲ့ ကဗျာလေးကို သင်ရိုးကနေ နုတ်ပယ်လိုက်တာကို ဝမ်းနည်းမိပေမယ့် ပြည်သူတွေ ရသစာပေကို ချစ်မြတ်နိုးတန်ဖိုးထားကြဆဲလို့ သိလိုက်ရတာ အမြတ်ပါ။ ရသစာပေ ဘယ်တော့မှ မကျရှုံးပါဘူး။ လက်ဆောင်ကဗျာလေးဟာ ရသစာပေဖြစ်သလို ထိန်းသိမ်းကာကွယ်ရမယ့် ဂန္ထဝင်ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၂)

ကဗျာလေးထဲက ဆေးလိပ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ပြောကြဆိုကြတာတွေ ဖတ်ရတော့ သတိရစရာတွေ စိတ်ထဲပြန်ပေါ်လာပါတယ်။ အိမ်က အဖေနဲ့အမေ ဆေးလိပ်သောက်ကြပါတယ်။ ဝယ်သောက်တာတော့ မဟုတ်ပါဘူး။ ပြောင်းဖူးဖက် ဆေးလိပ်ကြီးတွေ ကိုယ်တိုင်လိပ်သောက်ကြတာပါ။ ကျွန်တော်တို့ဘေးအိမ်က အိမ်နီးနားချင်း အမေကြီးလည်း ကျွန်တော်တို့ အိမ်ဘက်ကူးလာပြီး လူကြီးသုံးယောက် စကားတပြောပြောနဲ့ ဆေးလိပ်လိပ်ကြတာပါ။ ကျွန်တော်တို့မောင်နှမတွေ သူတို့ ဆေးလိပ်လိပ်တဲ့အနားကပ်ပြီး သူတို့ပြောကြဆိုကြတာတွေကို နားထောင်ကြတာပေါ့။ ရပ်ထဲရွာထဲကအကြောင်းတွေလည်းပါရဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေလည်းပါရဲ့။ ရယ်စရာ ပြုံးစရာတွေလည်း ပါရဲ့။ အတွေ့အကြုံတွေလည်း ပါရဲ့။ တစ်ခါတစ်ရံ ညည အမေ ဆေးလိပ်လိပ်ရင် အမေ့ပေါင်ပေါ် ခေါင်းအုံးအိပ်လို့ အမေ့ကို ပုံပြင်ပြောခိုင်း၊ အဖေ့ကို ပုံပြင်ပြောခိုင်း။ သူတို့ပြောတာတွေ နားထောင်ရင်း အိပ်ပျော်သွားတာပေါ့။ အခုတော့ ဘေးအိမ်က အမေကြီးလည်း မရှိတော့။ အဖေ ကွယ်လွန်သွားတာလည်း သုံးနှစ်ကျော်ကြာခဲ့ပါပြီ။ အမေလည်း အသက် ၇၀ ကျော်ပြီ။ ပြန်တွေးတိုင်း ပြန်မြင်ယောင်မိတိုင်း မျက်ရည်ဝဲတဲ့အထိ လွမ်းမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မောင်နှမတွေ ဘယ်သူမှ ဆေးလိပ်မသောက်ခဲ့ကြပါဘူး။ 

(၃)

ကျွန်တော် ဆယ်တန်းအောင်လို့ ပညာရေးတက္ကသိုလ်တက်တော့ တတိယနှစ်မှာ စာသင်ကျောင်းတွေဆီသွားပြီး လက်တွေ့တန်းပြ ဆင်းရပါတယ်။ လက်တွေ့မသင်ခင် ဆရာ၊ ဆရာမတွေက နမူနာအရင် သရုပ်ပြသင်ကြားပြပေးပါတယ်။ ဆရာတွေ သရုပ်ပြသင်ကြားမှုပြီးရင် ကိုယ့်အတန်းသူအတန်းသားအချင်းချင်း တစ်ယောက်က ဆရာလုပ်ကျန်တဲ့သူတွေက တပည့်လုပ်ပြီး လေ့ကျင့်ရတယ်။ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ သင်ကြားမှုကို အားသာချက်အားနည်းချက်ထောက်ပြပေးပြီး အကဲဖြတ်ဝေဖန်ပေးတယ်။ အဲဒီတုန်းက အခုပင်စင်ယူသွားပြီဖြစ်တဲ့ သင်ပြနည်း ဌာနက ကထိကဆရာမကြီးက မယ်ခွေရဲ့ လက်ဆောင်ကဗျာကို နမူနာ သင်ပြပေးပါတယ်။ ဆရာမကြီးရဲ့ အသင်အပြကောင်းမှုကြောင့် ကျောင်းသူ ကျောင်းသားတွေ သဘောကျလိုက်ကြတာ။ ဆရာဆိုတာ ဒီလိုပါလား၊ စာသင်တယ်ဆိုတာ ဒီလိုသင်ရတာပါလား၊ ကဗျာရဲ့ရသက ဒီလိုပါလားလို့ ကျွန်တော်တို့ သဘောကျနှစ်သက်မိပါတယ်။ မိန်းမပျိုလေးက သူ့ချစ်သူမောင်ကို လက်ဆောင်ပေးဖို့ ဆေးလိပ်လိပ်ရာမှာ ဖက်ကို အလွယ်တကူ ဝယ်ယူခြင်းမပြု ကိုယ်တိုင်အပင်ပန်းခံ၍ စိတ်ကြိုက်ခူးခဲ့ပုံ၊ ခူးခဲ့သောဖက်ကို မီးကင်ခြင်း၊ နေလှန်းခြင်းမပြုဘဲ အိပ်ရာအောက်မှာထားပြီး မိမိကိုယ်ငွေ့လေးနဲ့ သွေ့ခြောက်စေခဲ့ပုံ၊ ဖက်ရဲ့အညှာကို ဖြတ်ရာမှာလည်း ဓား၊ ကတ်ကြေးစတဲ့ ပစ္စည်းကိရိယာတွေအကူအညီမယူဘဲ မိမိရှေ့သွားလေး နဲ့ ညီညာအောင်ဖြတ်ခဲ့ပုံ၊ ပိုးကောင်ငယ်လေးများမှရသော ပိုးချည်ကို သုံးလိုက်ရင် မိမိချစ်သူအပေါ် အကုသိုလ်ဖြစ်မှာစိုး၍ ဝါချည်ကိုသာ အသုံးပြုခဲ့ပုံ၊ ချစ်သူမောင်တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲမေတ္တာသက်ဝင်ပုံကို ဖော်ညွှန်းလို၍ ဝါချည်ဖြူ တစ်ပင်တည်းကိုသာ သုံးစွဲခဲ့ပုံစသည်ဖြင့် မိန်းမ ပျိုလေးရဲ့အချစ်မေတ္တာမှာ ပေါ်လွင်လှပေတယ်။ သိမ်မွေ့ပါပေတယ်။ ကဗျာလေးရဲ့အဓိပ္ပာယ်ကို ဆရာမကြီး ရှင်းပြပြီးတဲ့နောက် လှပသိမ်မွေ့တဲ့ သိင်္ဂါရရသတွေသာ ကျွန်တော်တို့ရင်ထဲ စီးဆင်းသွားခဲ့တာပေါ့။

(၄)

မယ်ခွေကဗျာသတင်းနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာအောင် မြင့်ဦးကတော့ “ပတ္တမြားမှန်လျှင် နွံနစ်ရိုးထုံးစံမရှိပါ။ မြန်မာစာပေသည် ခေတ်အဆက်ဆက် ခေတ်အခြေအနေ၏ လှိုင်းတံပိုးရိုက်ခတ်မှုကြောင့် ငုတ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့် လောကဓံကို ကြုံခဲ့ရသည်။ ဖြစ်မြဲ ဓမ္မတာလောကဓံလှိုင်းလုံးအောက်သို့ မယ်ခွေ ခေတ္တရောက်သွားရခြင်း ဖြစ်ပါသည်။ မယ်ခွေမသေပါ” ဟု သူ၏လူမှုကွန်ရက်တွင် ရေးထားတာကို ဖတ်လိုက်ရပါတယ်။ ဟုတ်ပါတယ်။ မယ်ခွေမသေပါ။ တစ်နည်းအားဖြင့် ရသစာပေမသေပါဟု ဆိုလိုက်ချင်ပါတယ်။

ခွန်အင်ကြင်း