News

POST TYPE

OPINION

အန္တရာယ်ကြီးသည် သတိထားပါ(Daily, Vol-7/No-53)
11-Jun-2019
ယနေ့ မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီးအလိုက်၊ မိမိတို့ကျွမ်းကျင်ရာ ပညာရပ်အလိုက် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံသားအားလုံးသည် အနိမ့်ဆုံးအဆင့် မိမိတို့၏တစ်ကိုယ်ရေဘဝများ ကြီးပွားတိုးတက်ရေးမှသည် နိုင်ငံတော်တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအထိ ရည်ရွယ်ကာ အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပေသည်။ 

ဒီမိုကရေစီခေတ်ထဲတွင် ဒီမိုကရေစီ နည်းလမ်းတကျ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည်ဟု ဆိုထားသည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဥပဒေပြု လွှတ်တော်အရပ်ရပ်သည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများကို အကာအကွယ်ပေးမည့် ရှိအပ်သည့် စည်းမျဉ်း မူဘောင်များပါဝင်သော ဥပဒေများ ပြဋ္ဌာန်း၊ အတည်ပြုခြင်း၊ နိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သကဲ့သို့ဖြစ်နေသော မလိုအပ်သည့်ဥပဒေများ ပယ်ဖျက်ခြင်း၊ ခေတ်မမီတော့သည့်ဥပဒေများ၊ ပုဒ်မများကို ခေတ်နှင့်အညီပြင်ဆင်ခြင်း၊ မပြည့်စုံသည့် ဥပဒေများ၊ ပုဒ်မများကို ဖြည့်စွက်ခြင်း စသည်တို့ကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရပေသည်။ လေးနှစ်နီးပါးကာလတွင် ပြည်သူလူထုအကျိုးဖြစ်စေမည့်လုပ်ရပ်မျိုး မည်မျှအတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ပါသနည်း ဆိုသည်မှာ မိမိကိုယ်မိမိ အသိဆုံးဖြစ်ကြပါလိမ့်မည်။ 

၂၀၁၆ အစောပိုင်းကစတင်ကာ အုပ်ချုပ်ရေးတာဝန်ယူခဲ့သည့်သည့် ဒီမိုကရေစီ အစိုးရကလည်း ဗျူရိုကရေစီ ယန္တရားမှတစ်ဆင့် ပြည်သူလူထုကို ပြည်သူ့ရေးရာ ဝန်ဆောင်မှုများပေးအပ်ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် လိုအပ်သည့်ဥပဒေများ ရေးဆွဲပြုစုပေးခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံခြားရေး၊ လယ်ယာစိုက်ပျိုးရေး စသည့် နယ်ပယ်အသီးသီးအတွက် နိုင်ငံတော်ဖွံ့ဖြိုးမှုအလို့ငှာ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော မူဝါဒများ၊ စီမံကိန်း၊ စီမံချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ငြိမ်းချမ်းသာယာရေးကို ဒီမိုကရေစီနည်းဖြင့် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရပေသည်။ ပေးခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များအားလုံးကို အပြောနှင့် အလုပ်ညီအောင် ကောင်းစွာ သက်သေပြနိုင်ခဲ့ပြီလောဟူသည်ကိုလည်း ဆန်းစစ်ချိန်ပြီဖြစ်သည်။

တရားရေးမဏ္ဍိုင်တွင်ရှိနေသော တရားသူကြီးများသည်လည်း နိုင်ငံတော်တစ်ဝန်းဖြစ်ပေါ်သည့် အမှုအခင်းများကို တည်ဆဲဥပဒေများ၊ အသစ်ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်၊ အစားထိုးထားသည့် ဥပဒေများနှင့်အညီ၊ လိုနာအပ်သည့် ကျင့်ဝတ်များနှင့်အညီ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးရမည်ဖြစ်ပေသည်။ 

စတုတ္ထမဏ္ဍိုင်တွင်ရှိနေသော မီဒီယာများသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး အကျိုးစီးပွားအလို့ငှာ အထက်ဆိုခဲ့ပါမဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်၊ သုံးသပ်၊ အကြံပြု၊ ထောက်ပြသည့် တာဝန်ကို ကျင့်ဝတ်နှင့်အညီ ထမ်းဆောင်ကြရသည်။ ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူလူထုကိုလည်း မဏ္ဍိုင်သုံးရပ်၏ နိုင်ငံတော်တစ်ရပ်လုံးအလို့ငှာ ကောင်းမွန်သော ဆောင်ရွက်ချက်၊ လုပ်ငန်းမှန်သမျှ ရှင်းပြပေးခြင်း၊ ပြည်သူလူထုကိုလည်း နိုင်ငံသားတစ်ဦးချင်း ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်း၊ ကျင့်ဝတ်နီတိများ သိရှိလိုက်နာခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် အဆိုးမြင် အစွန်းရောက်များ၏ လှုံ့ဆော်၊ ဝါဒဖြန့်၊ မှိုင်းတိုက်၊ ဆွဲဆောင်၊ သိမ်းသွင်းမှုကို အလွယ်တကူ နားမယောင်ခြင်းတို့ဖြင့် ဒီမိုကရေစီနိုင်ငံတော်နှင့် ထိုက်တန်သည့် နိုင်ငံကြီးသားများဖြစ်အောင် မိမိကိုယ်ကိုယ် လေ့ကျင့်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း အသိပေး၊ လမ်းညွှန်ရမည့် တာဝန်ရှိပေသည်။

ဆိုလိုသည်မှာ နိုင်ငံတော်အတွင်း ရှိနေသည့် နယ်ပယ်အားလုံးရှိသူတို့သည် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်၊ မိမိတို့ကျွမ်းကျင်မှုအလိုက်၊ မိမိတို့ အသက်မွေးဝမ်းကျောင်းအလိုက် မိမိတို့အလုပ်ကို ထူးချွန်အောင်မြင်စေရန် ကိုယ်စီတာဝန်ရှိကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် အားလုံးသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားအကျိုးစီးပွားကို တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နေကြခြင်းလည်း ဖြစ်သည်။ ကိုယ့်တာကိုယ်လုံနေရန် အထူးအရေးကြီးလှပေသည်။ 

သို့သော် မိမိတို့ကျွမ်းကျင်ရာနယ်ပယ်အလိုက်ပင်လျှင် မိမိတို့ကိုယ်ကျိုး စီးပွားအတွက်သာ ရည်ရွယ်ခြင်း၊ စနစ်ဆိုးမှ အတွေးအခေါ်ဟောင်း၊ စရိုက်ဟောင်းရှိနေသူများက ပြည်သူလူထုအပေါ် မယုံကြည်စိတ်ဖြင့် လုံခြုံရေးရှုထောင့်မှသာ ကြည့်ရှုဆုံးဖြတ်ခြင်း၊ မိမိတို့ကျွမ်းကျင်သက်ဆိုင်သည့်အလုပ် မဟုတ်သည်များကို ဝင်ရောက်လုပ်ကိုင်လာခြင်း၊ ဘာသာရေး လူမျိုးရေး အမျိုးသားရေးအရေခြုံကာ နိုင်ငံသားများအကြား အုပ်စုကွဲအောင် မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းခြင်း စသည်တို့များပြားလာပါက ပွတ်တိုက်မှုအရှိန် ပြင်းသထက်ပြင်းကာ ဆယ်စုနှစ်တစ်ခုပင်မပြည့်သေးသော မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းလုပ်ငန်းစဉ်များအပေါ် ကြီးစွာထိခိုက်နိုင်သည့်အပြင် ကြီးစွာသော အန္တရာယ်ရှိနေကြောင်း သတိပေးလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၁၁-၆-၂၀၁၉)