News

POST TYPE

OPINION

ခွေးလေခွေးလွင့်ပြဿနာအကြားက အဖြေရှာရမယ့် လိုအပ်ချက်များ
11-Jun-2019


ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်မှာ လသားကလေးငယ် တစ်ဦးနဲ့ လူကြီးတစ်ဦး ခွေးကိုက်ခံရတဲ့သတင်း၊ စင်ကာပူနိုင်ငံသူတစ်ဦး မြန်မာနိုင်ငံက ကမ်းခြေတစ်ခုမှာ ခွေးကိုက်ခံရတဲ့သတင်းအပြင် အနယ်နယ်အရပ်ရပ်မှာ ကလေး၊ လူကြီးမရွေး ခွေးကိုက် ခံရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့် ခွေးလေခွေးလွင့် ပြဿနာဟာ မြို့ပြမှာရော၊ ကျေးလက်မှာပါ ပုံရိပ်ကိုထိခိုက်စေတဲ့ကိစ္စရပ်တစ်ခု ဖြစ်လာပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်မှာ တစ်နိုင်ငံလုံး ခွေးကိုက်ခံရသူဦးရေဟာ ၂ သောင်းနီးပါးရှိပြီး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေ ၇၀ ရှိခဲ့ရာမှာ ရန်ကုန်တိုင်းဟာ ခွေးကိုက်ခံရမှုနှုန်း အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ခွေးအရေအတွက် ၂ သိန်းမှ ၄ သိန်းခန့်ရှိပြီး ယေဘုယျအားဖြင့် ကိုးမိနစ်လျှင် လူတစ်ဦးနှုန်း ခွေးကိုက်ခံနေရတယ်လို့ သိရပါတယ်။ 

လူမှုအဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေအရ ကျွန်မတို့မြန်မာနိုင်ငံမှာ ရှိတဲ့ခွေးကောင်ရေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ လမ်းဘေးက ခွေးလေ ခွေးလွင့်တွေ ဖြစ်ပါတယ်။ ဒီခွေးလေခွေးလွင့်တွေကို ရပ်ကွက်နေ တိရစ္ဆာန် ချစ်သူတွေက လမ်းပေါ်မှာပဲ အစာကျွေးမွေးကြပြီး အများစုက ဒါဟာ ကုသိုလ်ရတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ အဲဒီခွေးတွေက လမ်းသွားလမ်းလာတစ်ယောက်ယောက်ကို ကိုက်လိုက်ပြီဆိုတာနဲ့ ခွေးတွေက ပိုင်ရှင်မဲ့ဖြစ်သွားပြီး တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိသလောက်နည်းပါတယ်။ အဲဒီမှာ မခံမရပ်နိုင်ဖြစ်တဲ့သူတွေက မြို့တော်စည်ပင်ကို အကြောင်းကြားပါတယ်။ စည်ပင်ကလည်း ဘတ်ဂျက်အနေအထားအရ ရေတိုဖြေရှင်းနည်းအဖြစ် ယခင်ကတည်းက လုပ်ရိုးလုပ်စဉ်အဖြစ် အဆိပ်ချတဲ့အခါ တိရစ္ဆာန်ချစ်သူတွေနဲ့ ပြည်သူအချို့က တိရစ္ဆာန်အခွင့်အရေး၊ ဘာသာရေး စတာတွေ အကြောင်းပြပြီး ကန့်ကွက်ကြပါတယ်။ ဟိုတစ်လောက စည်ပင် ဝန်ထမ်းတွေက လေလွင့်ခွေးတွေကိုဖမ်းပြီး ဂေဟာပို့ဖို့ စီစဉ်ပြန်တော့ လည်း ခွေးချစ်သူတွေက ဝိုင်းဝန်းတားဆီးလို့ စည်ပင်ဝန်ထမ်းတွေက အလျှော့ပေးလိုက်ရတာကို ကြားသိလိုက်ရပါသေးတယ်။ မြို့တော်စည်ပင် အနေနဲ့ ဒီခွေးတွေကိုဖမ်းပြီး ခွေးဂေဟာပို့တယ်ဆိုတာ စည်ပင်ဥပဒေ အခန်း (၂၂)၊ အိမ်မွေးတိရစ္ဆာန်များမွေးမြူခြင်းနှင့် အန္တရာယ်ဖြစ်စေနိုင် သည့်တိရစ္ဆာန်များအား စီမံခန့်ခွဲခြင်းပါပြဋ္ဌာန်းချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။ ခုလိုမျိုး မြို့တော်စည်ပင်က သူတတ်နိုင်တဲ့နည်းလမ်းနဲ့ ခွေးလေခွေးလွင့်ထိန်းသိမ်းရေး လုပ်ဆောင်နေချိန်မှာ တစ်ဖက်တစ်လမ်းက ကူညီကြမယ့်အစား ဂေဟာကိုပို့ရင် အစာရေစာ မဝ မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွေးတွေကိုပြန်လုကြတာပါတဲ့။ တကယ်တော့ ဒါဟာ တာဝန်ရှိသူတွေအပေါ် ဝတ္တရားနှောင့်ယှက်ရာ ရောက်ပါတယ်။ 

တစ်ဖက်မှာ ပုဂ္ဂလိကအစီအစဉ်အနေနဲ့ တစ်နိုင်တစ်ပိုင်ခွေးဂေဟာ တည်ထောင်ထားတဲ့သူတွေကလည်း ကိုယ်ပိုင်ငွေကြေးအပြင် အလှူရှင်တွေရဲ့အထောက်အပံ့ အကန့်အသတ်နဲ့သာ ရပ်တည်နေရတာမို့ သတ်မှတ် ထားတဲ့ ခွေးကောင်ရေထက်ပိုပြီး လက်ခံလို့မရပါဘူး။ အဲဒီတော့ ကျွန်မ တို့ပြည်သူတွေအနေနဲ့ ခွေးလေခွေးလွင့်ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေကို မိမိတို့တတ်နိုင်သလောက် ဝိုင်းဝန်းစဉ်းစား အဖြေရှာကြဖို့ လိုလာပါတယ်။ 

ကျွန်မတို့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက ခွေးလေ ခွေးလွင့် ထိန်းချုပ်နည်း အစီအမံတွေကိုလေ့လာကြည့်ရင် သူတို့နိုင်ငံမှာရော၊ ကျွန်မတို့နိုင်ငံမှာပါ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြတဲ့ခွေးတွေကို အဆိပ်ကျွေးသုတ်သင်တဲ့နည်းက နိုင်ငံအများအပြားမှာ ကျင့်သုံးခဲ့ပေမယ့် အဲ့ဒီနည်းလမ်းဟာ ရက်စက်တဲ့အပြင် တကယ်တမ်းတော့ ခွေးအကောင်ရေ လျော့ပါးသွားတာမဟုတ်တဲ့အတွက် လက်ရှိမှာ အသုံးမပြုတော့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက အဆိပ်ကျွေးသုတ်သင် လိုက်တာဟာ ဘာကြောင့် ခွေးအကောင်ရေ လျော့မသွားရသလဲဆိုတဲ့အချက်ပါ။ အိန္ဒိယနိုင်ငံက ခွေးတွေအတွက် ပရဟိတဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ လေ့လာထားတဲ့ စစ်တမ်းတွေအရ ခွေးတွေမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာအချက်အရ အဆိပ်ကျွေးသတ်လိုက်တာပဲဖြစ်ဖြစ်၊ ဖယ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ ရုတ်တရက်ချက်ချင်းကြီး မြင်နေကျခွေးတွေပျောက်သွားတဲ့အဖြစ်ကို အဲ့ပတ်ဝန်းကျင်မှာ ကျန်ခဲ့တဲ့ ခွေးတွေက သိသွားတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ ပျောက်သွားတဲ့အကောင်တွေအစား ထပ်မွေးပေးရမယ်ဆိုတဲ့ အသိကြောင့် ခွေးတွေရဲ့ မွေးဖွားနှုန်းဟာ လေးငါးကောင်မွေးရမယ့်နေရာမှာ ဆယ်ကောင်လောက်ထပ်မွေးလိုက်ခြင်းအားဖြင့် ပြန်ပြီးတော့ မြင့်တက်လာပါတယ်။ ဒါကြောင့်မို့ ခွေးအကောင်ရေ ၁၀၀ မှာ အကောင် ၅၀ ကို အဆိပ်ကျွေးပြီး သတ်လိုက်မယ်ဆိုရင် ကျန်တဲ့အကောင် ၅၀ က မြန်မြန်ပြန်ပြီးတော့ မွေးဖွားလိုက်တဲ့အတွက် အကောင် ၁၀၀ မက ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဒီနည်းကို အသုံးမပြုတော့ဘဲ လေလွင့်ခွေး မျိုးဆက်ပွားမှုထိန်းချုပ်ဖို့ရာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ ခွေးထီးတွေကို သင်းကွပ်ခြင်း၊ ခွေးမတွေကို သားကြောဖြတ်ခြင်းနဲ့ ရှေ့ပြေးစီမံချက်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှာ ဗြိတိန်နိုင်ငံအခြေစိုက် Worldwide Veterinary Services (WVS) အဖွဲ့က မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (MVA) နဲ့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေပြီး ကျန်မြို့နယ်အားလုံးအတွက်လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ဒီနည်းလမ်းဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဆယ်စုနှစ်တစ်ခုမက ကြာနိုင်တာကြောင့် ဒါကြောင့် ခွေးချစ်သူတွေရော ခွေးကြောက်သူ ပြည်သူတွေကပါ မိမိတို့ဝန်းကျင်မှာ လေလွင့်ခွေးတွေ ထပ်မတိုးအောင် ထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံဆောင်ရွက်တဲ့အခါ ပါဝင်ကူညီသင့်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မြို့နယ်၊ ကျေးရွာအုပ်စု တစ်ခုချင်းစီအလိုက် ခွေးလေခွေးလွင့်ကောင်ရေစာရင်းကို ကောက်ယူပြီး သူ့အလှည့်နဲ့သူ ခွေးတွေကို ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးခြင်း၊ သန္ဓေတားဆေးထိုးပေးခြင်း၊ သင်းကွပ်ခြင်းတွေ ပြုလုပ်ပေးတဲ့အခါ ဒေသခံပြည်သူတွေက လေလွင့်ခွေးတွေကို တစ်နေရာရာမှာ ခေတ္တစုဆောင်း ထိန်းသိမ်းထားပေးခြင်း၊ ဆောင်ရွက်ပြီးခွေးတွေကို အမှတ်အသားပြုလုပ်ပေးခြင်း စသဖြင့် ဝိုင်းဝန်းကူညီသင့်ပါတယ်။ ဒါမှသာ ခွေးလေခွေးလွင့် မျိုးပွားနည်းကျသွားပြီးတော့ ရေရှည်မှာ အကောင်ရေတဖြည်းဖြည်းနဲ့ လျော့ပါးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လေလွင့်ခွေးအရေအတွက်ကို ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။ 

တစ်ဖက်ကလည်း တိရစ္ဆာန်ချစ်သူတွေကို မိမိတို့မွေးမြူမယ့် တိရစ္ဆာန်တွေအတွက် အချိန်အတိုင်းအတာတစ်ခုအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးရုံးတွေမှာ မှတ်ပုံတင်ပြီး ထိုက်သင့်တဲ့ အခွန်အကောက်သတ်မှတ်ကာ မွေးမြူစေသင့်ပါတယ်။ ဒီကိစ္စဟာ ကျွန်မတို့နိုင်ငံမှာ ခုမှ အထူးအဆန်း မဟုတ်ပါဘူး။ ၁၉၆၅ ခုနှစ်ကတည်းက မြူနီစီပယ်က ခွေးလိုင်စင်ထုတ်ပေးပြီး စနစ်တကျမွေးမြူစေခဲ့ပြီး ဖြစ်ပါတယ်။ ခုပြဋ္ဌာန်းထားတဲ့ ၂၀၁၈ ခုနှစ် စည်ပင်ဥပဒေပုဒ်မ ၃၂၁ (ခ) အရလည်း လိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူတာကို တားမြစ်ထားပါတယ်။ ဒီနေရာမှာ တခြားနိုင်ငံတွေမှာလုပ်သလို မိသားစုတစ်စုမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ထက်ပိုပြီး မွေးမြူမယ်ဆိုရင် အခွန်ကို ဆတိုးကောက်ခံတာမျိုး၊ ရောဂါကာကွယ်ဆေး ပုံမှန်ထိုးပေးပြီးတဲ့ တိရစ္ဆာန်တွေအတွက် အခွန်လျှော့ပေးတာမျိုး စသဖြင့် မူဝါဒချမှတ်ပြီး ဆောင်ရွက်သွားမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာစစ်တမ်းတွေအရ လေလွင့် ခွေးကောင်ရေ တိုးပွားမှုနှုန်းဟာ လမ်းဘေးစားသောက်ဆိုင် အများဆုံးရှိတဲ့ နေရာတွေမှာ ပိုများပါသတဲ့။ ရန်ကုန်မြို့မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းဘေးမှာ ခွေးတွေကို စားကြွင်းစားကျန်တွေ ချကျွေးတဲ့ဈေးဆိုင်တွေ၊ ခွေးစာကျွေးတဲ့ စည်းကမ်းမဲ့သူတွေကို စည်ပင်ဥပဒေ နောက်ဆက်တွဲဇယားပါအရ ငွေဒဏ်၊ ထောင်ဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ဥပဒေအတိုင်း ကျောသားရင်သားမခွဲခြားဘဲ ပြတ်ပြတ်သားသား ပြစ်ဒဏ်ချမှတ် အရေးယူရပါမယ်။ သာဓကအနေနဲ့ စင်ကာပူနိုင်ငံဟာ လေလွင့်ခွေးတွေနဲ့ ပတ်သက်ပြီး တိကျတဲ့မူဝါဒတွေချမှတ်ပြီး အရေးယူဆောင်ရွက်ခဲ့လို့ ခုဆိုရင် ခွေးရူးပြန်ရောဂါ ကင်းစင်တဲ့နိုင်ငံ (Rabies Free Country) ဖြစ်နေပါပြီ။ ဒါကြောင့် ခွေးချစ်သူတွေအနေနဲ့လည်း ခွေးတွေကို တကယ်ချစ်ရင်၊ ကြင်နာရင် ကိုယ့်ရန်ပုံငွေနဲ့ကိုယ် ခွေးစောင့်ရှောက်ရေးဂေဟာတွေ တိုးချဲ့ဆောက်လုပ်ပြီး အဲဒီမှာပဲ ဥပဒေနဲ့အညီ စနစ်တကျစောင့်ရှောက်ထားတာ အကောင်းဆုံးပါ။ 

ဒါ့အပြင် နိုင်ငံတော်အပိုင်းကလည်း ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုအပ်ပါတယ်။ ခွေးရူးပြန်ရောဂါပိုး လူကိုကူးစက်ခံရရင် အသက်ဆုံးရှုံးမှာက ရာခိုင်နှုန်းများတာကြောင့် ကာကွယ်လို့ပဲ ရပါတယ်။ ဒီရောဂါဟာ Rabies Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရပြီး ဗိုင်းရပ်စ်ကူး စက်ခံထားရတဲ့ခွေးရဲ့ သွားနဲ့ကုတ်ခြစ်မိတာ၊ အကိုက်ခံရတာ၊ သွားရည်နဲ့ ထိမိတာတွေကနေ လူကိုကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတာ ကနေ ခွေးရူးပြန်ရောဂါလက္ခဏာပြချိန်ဟာ လအနည်းငယ်ကနေ နှစ်ချီပြီး ကြာမြင့်နိုင်ပေမယ့် ဒီရောဂါဖြစ်လာရင်တော့ သေဆုံးမှာပါပဲ။ ခွေးရူးပြန် ရောဂါဟာ ခွေးတိုင်းမှာ ရှိနေနိုင်တာကြောင့် ခွေးလေခွေးလွင့်က ကိုက်လိုက်တာပဲဖြစ်ဖြစ်၊ အိမ်မွေးခွေးက ကိုက်လိုက်တာပဲဖြစ်ဖြစ် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးသင့်ပါတယ်။ ဆေးထိုးရာမှာလည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ရောဂါပိုး အဆိပ်ပြေဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးသူတွေအနေနဲ့ ဆေးစထိုးတဲ့နေ့မှာ တစ်လုံး၊ ၇ ရက်အကြာနှင့် ၂၁ ရက်အကြာမှာ တစ်လုံးစီ စုစုပေါင်း ၃ လုံး ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားဖူးသူတွေ ခွေးကိုက်ခံရရင်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ အကိုက်ခံရတဲ့နေ့မှာ တစ်ကြိမ်၊ သုံးရက်အကြာမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ထပ်မံထိုးရမှာဖြစ်ပြီး လူတိုင်းထိုးသင့်ပါတယ်။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးရဲ့တန်ဖိုးဟာ တစ်လုံးကို တစ်သောင်းကျော် နှစ်သောင်းကျပ်ခန့်ရှိတာကြောင့် ဆေးပတ်လည်အောင်ထိုးဖို့ဆိုရင် ကုန်ကျစရိတ်များတာကြောင့် လူတန်းစားမရွေး လက်လှမ်းတမီ ကာကွယ်နိုင်ဖို့ကတော့ ထင်သလောက်မလွယ်သေးတာကို တွေ့ရပါတယ်။ ဒီအချက်တွေကြောင့်လည်း မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါကူး စက်ခံရသူဟာ လူတစ်သန်းမှာ နှစ်ဆယ်ကျော်အထိရှိပြီး နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် လူငါးရာကနေ တစ်ထောင်ကြားထိ သေဆုံးနေရတာ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ရခဲလှတဲ့ လူ့ဘဝမှာ ခွေးရူးပြန်ရောဂါကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ မဆုံးရှုံးစေဖို့ ပင်မအရင်းအမြစ်ဖြစ်တဲ့ လေလွင့်ခွေးမျိုးပွားမှုတွေကို ထိန်းချုပ်ဖို့၊ အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျ မွေးမြူတတ်ကြဖို့၊ တိရစ္ဆာန်ချစ်သူတွေအနေနဲ့ မိမိတို့ရဲ့တိရစ္ဆာန်တွေကို လေအားနဲ့မချစ်ဘဲ ငွေအားနဲ့မြှင့်ပြီး ခွေးဂေဟာတွေကို စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့ အားလုံးပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်နဲ့ မြို့တော်စည်ပင်ရဲ့ဦးဆောင်မှုနဲ့ ပြည်သူတစ်ဦး ချင်းသာမက တိရစ္ဆာန်ချစ်သူများရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ မဝေးတော့တဲ့ ဆယ်စုနှစ်အတွင်းမှာ ခွေးရူးပြန် ရောဂါကင်းစင်နိုင်ငံ (Rabies Free Country)၊ လေလွင့်ခွေးကင်းစင်နိုင်ငံ (Stray Dog Free Country) အဖြစ် “လူလည်းချမ်းသာ ခွေးလည်းကျန်းမာ”ပြီး သာယာလှပလာမှာဖြစ်ပါကြောင်း စေတနာစိတ်ကောင်းနဲ့ ရေးသားလိုက်ရပါတယ်။

နန်းသီတာလွင်