News

POST TYPE

OPINION

မိတ္ထီလာပဋိပက္ခ စတင်ခဲ့သည့် ရွှေဆိုင်ပိုင်ရှင် လင်မယားနှင့် ရွှေဆိုင်လုပ်သားပြန်လွတ်
30-Apr-2019
မိတ္ထီလာ၊ ဧပြီ ၃၀

ထောင်ဒဏ် ၁၄ နှစ်စီကျခံထားရသော မိတ္ထီလာပဋိပက္ခ စတင်ခဲ့သည့် မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် လင်မယားနှင့် အလုပ်သမားတို့ ဧပြီလ ၂၉ ရက်နေ့က မြင်းခြံအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတာပါ။ အားလုံး အေးအေးဆေးဆေးပါပဲ”ဟု နယ်မြေခံ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မဈေး အရှေ့ဘက်ရှိ နယူးဝိန့်စိန်ရွှေဆိုင်သို့ လာရောက်ပြီး ရွှေထည်ပစ္စည်းရောင်းချသည့် မိတ္ထီလာမြို့ ပြွန်ကောက်ကျေးရွာသို့ အလည်ရောက်ရှိနေသည့် ဦးခင်မောင်ဝင်းတို့လင်မယားနှင့် ရွှေဆိုင်ပိုင်ရှင်တို့ကြား အရောင်းအဝယ်ကိစ္စ အဆင်မပြေလည်ရာမှ ရွှေလာရောင်းသည့် လင်မယားကို ဆိုင်ရှင်ဘက်မှ ဝိုင်းဝန်းရိုက်နှက်မိသည်ကို အကြောင်းပြု၍ မိတ္ထီလာပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်သည်။

“သူတို့လင်မယားနှစ်ယောက် (ထွန်းထွန်းဦးနှင့် မမြင့်မြင့်အေး) ကို ဦးဆီ ပို့လိုက်တာ။ ရန်မျိုးအောင်နယ်မြေ (၅) က ပြန်လည် နေရာချထားရေး နယ်မြေဖြစ်တဲ့အတွက်ပါ။ ကောင်လေးရဲ့ အဖေ၊ အမေက အဲဒီမှာနေတာ။ အဲဒီနယ်မြေကလည်း အေးဆေးလို့ ဦးတို့က လက်ခံလိုက်တာပါ”ဟု ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချောက ပြောကြားသည်။

အလားတူပင် ရွှေဆိုင်လုပ်သားဖြစ်သူ ညီညီ (ခ) မင်းအောင်ကိုလည်း သီရိမင်္ဂလာရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါအမှုကို မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်မှုကြီး အမှုအမှတ် ၁၁၇၈/၂၀၁၃ ဖြင့် လက်ခံပြီး ၂၀၁၃ ဧပြီလ ၁၁ ရက်နေ့က ရွှေဆိုင်ပိုင်ရှင် ထွန်းထွန်းဦး (၂၃ နှစ်) ကို ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ် သီးခြားစီ ကျခံစေရန်လည်းကောင်း၊ ဇနီးဖြစ်သူ မမြင့်မြင့်အေး (၂၄ နှစ်) ကို ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၅/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ် (၁၄) နှစ် သီးခြားစီကျခံရန် လည်းကောင်း၊ ရွှေဆိုင်လုပ်သား ညီညီ (ခ) မင်းအောင်(၂၁ နှစ်) ကို ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ၊ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် သီးခြားစီကျခံစေရန်လည်းကောင်း အသီးသီး အမိန့်ချမှတ်ခဲ့သည်။

R-01