POST TYPE

OPINION

နိုင်ငံရေးအပြောင်းအလဲထဲက ဆူပါစတားဆယ်လီတို့၏ အဓိပ္ပာယ်ရှိသော အခန်းကဏ္ဍ
24-Apr-2019



ဒီရက်ပိုင်းလေးပဲ ယူကရိန်းမှာ ရွေးကောက်ပွဲ ပြီးသွားသည်။ ယူကရိန်းတွင် ရွေးကောက်ပွဲလုပ်တာ မဆန်းသော်လည်း ဝင်ပြိုင်စိန်ခေါ်သူတစ်ဦးက ထူးဆန်းနေသောကြောင့် အဆိုပါ ရွေးကောက်ပွဲကို စောင့်ကြည့်မိသည်။ ယူကရိန်းသည် သမ္မတစနစ်ကို ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ မြန်မာပြည်က သမ္မတစနစ် လိုမျိုးတော့မဟုတ်။ လွှတ်တော်ရွေးကောက်ပွဲက သတ်သတ်၊ သမ္မတ ရွေးကောက်ပွဲက သတ်သတ်ဟု အလွယ်ဆိုကြပါစို့။ သူတို့ရွေးကောက်ပွဲက နှစ်ကျော့လုပ်ကြသည်။ ပထမအကျော့တွင် သမ္မတဖြစ်ချင်သူ စာရင်းပေးထားသည့် အင်အားစုများမှ သမ္မတလောင်းများ ဝင်ပြိုင်ကြသည်။ စုစုပေါင်း သမ္မတလောင်း ၃၉ ဦးတောင် ဝင်ပြိုင်ကြသည်။ တစ်နိုင်ငံလုံး ၃၉ ဦးဆိုတာ သိပ်များတယ်လို့တော့ မဆိုသာ။ မြန်မာပြည်မှာ ထိုစနစ်အတိုင်းသာ သမ္မတရွေးကောက်လို့ကတော့ မဲပြားက အတော်ကြီးကြီး လိုမည်ထင်သည်။ 

ထားပါတော့၊ ယူကရိန်း ရွေးကောက်ပွဲဘက် ပြန်လှည့်ရအောင်။ လက်ရှိ သမ္မတပိုရိုရှန်ကိုလည်း ဝင်ပြိုင်သည်။ နာမည်ကျော် နိုင်ငံရေးသမား တိုင်မိုရှန်ကိုလည်းပါသည်။ တကယ်ရွေးကောက်ပွဲ နိုင်သွားတော့ သူတို့နှစ်ဦးလုံး မဟုတ်။ လူရွှင်တော်တစ်ဦးတဲ့။ နိုင်ငံရေးလောကထဲကမဟုတ်။ ပထမအကျော့မှာ သူနိုင်သွားတော့ နိုင်ငံရေး အကဲခတ်သူများ အကုန်ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နိုင်ငံရေး နောက်ခံကလည်း မရှိ။ ယူကရိန်းနိုင်ငံရေးသမားဆိုလျှင် နှစ်မျိုးရှိသည်ဟု အကြမ်းသတ်မှတ်နိုင်သည်။ အနောက်အုပ်စုဘက် ယိမ်းသူနှင့် ရုရှားဘက် ယိမ်းသူ။ သူကတော့ ပြည်သူ့ဘက်ယိမ်းသူဟု ပြောပါသည်။ ယခု သူသည် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့နိုင်လိုက်ကာ ယူကရိန်းသမ္မတကြီး ဖြစ်ပြီဟု ဆိုရပေမည်။ နာမည်က ဗိုလိုဒီမာ ဇီလန်စကီး ဟူ၏။ 

ဇီလန်စကီးက လူရွှင်တော် ဟာသသရုပ်ဆောင်ဟု ဆိုသော်လည်း ဥပဒေပညာရှင်အဖြစ် ကျောင်းပြီးထားသူဖြစ်သည်။ ပြီးတော့ သန်းကြွယ်သူဌေး ဆူပါစတား။ မီဒီယာလုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင်လည်း ဝင်ဆံ့သည်။ အောင်မြင်သော ရုပ်သံအစီအစဉ်တစ်ခုကို တင်ဆက်နေသူ။ အဆိုပါရုပ်သံကပဲ သူ့ကို သမ္မတဖြစ်အောင် လုပ်ပေးလိုက်ခြင်းဖြစ်၏။ ကျောင်းဆရာတစ်ယောက်က မထင်မှတ်ဘဲ သမ္မတဖြစ်သွားကာ တိုင်းပြည်၏ အလွဲများကို ပြန်လည်တည့်မတ်ရသော ဟာသဇာတ်လမ်းတွဲ ပြည်သူ့ကျေးကျွန်ကြီး Servant of the people ဇာတ်လမ်းတွဲမှာ ဇီလန်စကီးက သမ္မတလုပ်ရခြင်းဖြစ်သည်။ အူကြောင်ကြောင်ပုံစံဖြင့် သူ့သရုပ်ဆောင်မှုကို ပြည်သူက နှစ်သက်ကြသည်။ လက်ရှိနိုင်ငံရေးစနစ်နဲ့ အာဏာရနိုင်ငံ ရေးသမားများကို သရော်သည့် ဇာတ်လမ်းတွဲဖြစ်ရာ လူကြည့်များသည်။ တကယ်တမ်း ပါတီလည်းထောင်ရှောServant of the people နာမည်နဲ့သာ ထောင်ခြင်းဖြစ်သည်။ နိုင်ငံရေးသမားများနဲ့ ခရိုနီစနစ်ကို စိတ်ကုန်နေကြသော ပြည်သူများက လူရွှင်တော်ကို မဲပုံပေးလိုက်ကြခြင်း ဖြစ်ဟန်တူသည်။ ဘာပဲဖြစ်ဖြစ် ဆယ်လီလူရွှင်တော်က အတည်သမ္မတဖြစ်သွားလေပြီ။ 

ဆယ်လီတွေ နိုင်ငံရေးအာဏာရကုန်တာ ယူကရိန်းက ပထမဆုံးတော့ မဟုတ်။ အမေရိကတည်ထောင်သူ ဘန်ဂျမင် ဖရန်ကလင်းသည်ပင် သူ့ခေတ်က ဆယ်လီကြီးဟု ဆိုရမည်။ အမေရိကန်သမ္မတ ရော်နယ်ရေဂင်လည်း ရုပ်ရှင်မင်းသားမှ သမ္မတဖြစ်လာခြင်းပေတည်း။ အာနိုးကြီးသည်လည်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြုကာ တာဝန်ယူခဲ့ရသည်။ ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာ တကယ့်နိုင်ငံကြီးတစ်ခုအလား ကိစ္စမြားမြောင်သည့်နေရာဖြစ်သည်။ လက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရမ်ခန်းသည် တိုင်းပြည်၏ ခရစ်ကတ် အားကစား လက်ရွေးစင်ဟောင်း ဖြစ်၏။ လက်ရှိ လိုက်ဘေးရီးယားသမ္မတ ဂျော့ဝိဆိုလျှင် အေစီမီလန်တွင် ကစားဖူးသည့် နာမည်ကျော် ဘောလုံးသမားဟောင်း။ လက်ဝှေ့သမား ပက်ကွီအိုက ဖိလစ်ပိုင်တွင် ဆီနိတ်တာအမတ်။ လွှတ်တော်ကော်မတီတစ်ခုတွင်လည်း ဥက္ကဋ္ဌတာဝန်ယူထားသည်။ တရုတ်က စတီဗင်ချောင်တို့ ဘာတို့ဆိုလျှင် အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ စီနီယာအဖွဲ့ဝင်တွေတောင်ဖြစ်နေပြီ။ လူထု၏ နိုင်ငံရေးအမြင်နှင့် ရွေးချယ်မှုအပေါ် လူသိများ ထင်ရှားသူတို့၏ လွှမ်းမိုးမှုများရှိခြင်းကို သုတေသနများကလည်း ဖော်ပြထားသည်။ 

လူထုအမြင်ကို လူသိများထင်ရှားသူများက လွှမ်းမိုးသက်ရောက်နိုင်ကြောင်း နိုင်ငံရေးသမားများက ကောင်းကောင်းသိပါသည်။ ထို့ကြောင့် နိုင်ငံရေးအင်အားစုတိုင်းက ဆူပါစတားတို့၏ ထောက်ခံကူညီမှုကို ရယူကြသည်။ အမေရိကန်ရွေးကောက်ပွဲ ကာလဆိုလျှင် ရီပတ်ဗလစ်ကန်ဘက်မှ ပေါ့စတားများနဲ့ ဒီမိုကရက်ဘက်မှ ပေါ့စတားများ အပြိုင်အဆိုင် မဲဆွယ်ပေးကြသည်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူစွာပင် ဖြစ်၏။ ပါတီစုံ ဒီမိုကရေစီခေတ်မှသည် တော်လှန်ရေးကောင်စီ၊ မဆလ၊ စစ်အစိုးရ၊ ပြည်ခိုင်ဖြိုး၊ NLD အစိုးရ ခေတ်ပေါင်းစုံတွင် အစိုးရအဆက်ဆက်က နည်းပေါင်းစုံဖြင့် လူထုက ချစ်ကြသူ လူသိများသူ နာမည်ကျော်များ၏ အင်အားကို အသုံးပြုကြသည်ချည်း ဖြစ်သည်။ အချို့ကလည်း အခွင့်အလမ်းကို မျှော်ကာ ပူးပေါင်းကြသည်။ အချို့က နိုင်ငံရေး ရပ်တည်ချက်ကို နှစ်သက်သဖြင့် ကူညီပေးကြသည်။ အချို့က လူပုဂ္ဂိုလ်ကို ချစ်ခင်သောကြောင့် အားဖြည့်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ သက်ရောက်မှုက လူထု၏ ဆုံးဖြတ်ချက်များအပေါ် ခိုင်မာအားကောင်းစွာ ရှိနေသည်ကား အမှန်ပင်။

နာမည်ကျော်ကြား လူသိများသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာကြသည်မှာ ခြုံ၍ပြောရလျှင် ကောင်းသည်ဟု ဆိုနိုင်ပါသည်။ တက်ကြွလှုပ်ရှား နိုင်ငံသား Active Citizenship ဆိုသည်မှာ နိုင်ငံသားကောင်းတို့၏ တာဝန်မဟုတ်သော်လည်း ဝတ္တရားထဲမှာတော့ပါ၏။ ကောင်းပါသည်။ မြန်မာ့ဆယ်လီအများစု၏ တက်ကြွလှုပ်ရှားပုံစံမှာကား နိုင်ငံရေးသမားများ နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်ဆက်ဆံမှုများက ဖြစ်လာသည့် သဘောဟု ဆိုနိုင်သည်။ ကိုယ်ကြိုက်သောပါတီကို မဲဆွယ်ပေးခြင်းမျိုးအဖြစ် ပါဝင်ကြသည်က များသည်။ ဒါလည်း တက်ကြွလှုပ်ရှားခြင်း Activism ပင်ဖြစ်ပါသည်။ သို့ပါသော် အခြားတက်ကြွလှုပ်ရှားခြင်း တစ်မျိုးလည်း ရှိပါသေးသည်။ ယင်းသည်ကား လူမှုတက်ကြွခြင်း Social Activism ပေတည်း။ 

နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဂျော့ကလူနီသည် ဒါဖာဒုက္ခသည်များ အရေးအတွက် အလွန်အားစိုက်သူဖြစ်သည်။ အချို့က သူ့ကို မင်းသားဆိုတော့ လူချစ်အောင် လုပ်ပြနေတာပဲဟု ထင်မိသော်လည်း တဖြည်းဖြည်းနဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုကို အသိအမှတ်ပြုလာရသည်။ အမျိုးသမီးများအရေး၊ ဒုက္ခသည်များအရေးအတွက် တက်ကြွသည့် အိန်ဂျလီနာဂျိုလီ၊ သဘာဝပတ်ဝန်းကျင်အရေးကို တစိုက်မတ်မတ်လုပ်သော လီယိုနာဒိုဒီကာပရီယို၊ ကလေးငယ်များ ပညာရေးအတွက် မနားမနေ ငွေရှာလိုက် လှူဒါန်းလိုက်လုပ်နေသော ဘောလုံးသမား ဒီဒီယာဒရော့ဘာတို့သည် ဥပမာကောင်းများ ဖြစ်ကြ၏။ 

မြန်မာပြည်မှာလည်း အဆိုပါ ဥပမာကောင်းများအတိုင်း တိကျသောရည်ရွယ်ချက်ဖြင့် ရှေ့ဆောင်လှုပ်ရှားနေသူ လူသိများ ထင်ရှားသူများရှိသည်။ နွမ်းပါးသူများ နာရေးအတွက် မပူပင်ရအောင် ကြိုးစားပေးနေသည့် အကယ်ဒမီ ကျော်သူ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသည့် စာရေးဆရာမ ဂျူး စသည့်စသည့် လူမှုရေးတက်ကြွလှုပ်ရှားကြသည့် မြန်မာပြည်မှ လူသိများ ထင်ရှားသူ များစွာရှိပြီး ချီးကျူးဂုဏ်ပြုထိုက်ကြသူများဖြစ်သည်။ (ဤနေရာတွင် နာမည်ဖော်ပြရန် ကျန်ခဲ့သူများစွာ ရှိနိုင်သည်။ စစ်မှန်သော တဖြောင့်တည်း ရည်ရွယ်ချက်ဖြင့် မိမိ၏ လူသိများ လူကြည့်များ ထင်ရှားမှုကို အသုံးပြုကာ လူ့ဝန်းကျင်နှင့် တိုင်းပြည်အတွက် အပြောင်းအလဲများကို လှုံ့ဆော် Advocacy လုပ်ပေးနေကြသူ မြန်မာများ ဖြစ်သည်) သို့ရာတွင် လူမှုတက်ကြွလှုပ်ရှားပေးသော လူသိများ ဆူပါစတား အရေအတွက်က မဲဆွယ်ပေးသည့် ဆူပါစတား အရေအတွက်လောက်တော့ မများဟု ဆိုနိုင်ပါသည်။ 

နိုင်ငံရေးသမားများဘက်ကလည်း စဉ်းစားဖို့လိုပါသည်။ ကိုယ့်ကို ထောက်ခံချစ်ခင်ပေးသော နာမည်ကျော် သရုပ်ဆောင်၊ ဂီတသမား၊ အားကစား အကျော်အမော်၊ တီဗီစတား၊ စာပေအနုပညာရှင်များကို မဲဆွယ်ဖို့လောက်သာ သဘောထားပြီး အသုံးချခြင်းမှာ အကျိုးရှိသည်မှန်သော်လည်း တကယ်အကျိုးရှိသင့်သလောက် မရှိသေးသည်ကို စဉ်းစားစေလိုခြင်းဖြစ်သည်။ ၎င်းတို့၏ လူသိများထင်ရှားမှု၊ အသံကျယ်မှု ပလက်ဖောင်းစင်မြင့်သည် လူ့ဘောင်ကို ယခုထက်ပို၍ အကျိုးပြုနိုင်ပါသေးသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပြဿနာ ရှိသည်။ ဒုက္ခသည်များစွာ ဖြစ်ကတတ်ဆန်း နေရာလေးများတွင် နေနေရသည်။ ကလေးလုပ်သား သိန်းပေါင်းများစွာ ရှိသည်။ မြို့ပြဆင်းရဲနွမ်းပါးမှုပြဿနာရှိသည်။ ရပ်တည်ကျားကန်ပေးမှုကို လိုအပ်နေသည့် ပြည်တွင်းပြည်ပ ရွှေ့ပြောင်းလုပ်သားများစွာရှိသည်။ တိမ်ကောလာသောမြစ်များ၊ ခြောက်လှန့်ခံနေရသော ရေဝေရေလဲဒေသ များရှိသည်။ ဒါတွေကို ပြည်သူအများက သိဖို့လိုသည်။ လူတိုင်း အသိရှိနေဖို့လိုသည်။ ပျင်းစရာကောင်းသော နိုင်ငံတော်လူကြီးမင်းများ၏ အမှာစကားများတွင် အဆိုပါအရေးကိစ္စများ ပါသော်လည်း လူပိုကြားဖို့ရာ လူထုပိုမို ပါဝင်ဖို့ရာ ဇီလန်စကီးလို လူထုအာရုံစိုက်သူများစွာ လိုအပ်သည်။ ချုပ်၍ ပြောရလျှင် ဆယ်လီများခေါ် လူသိများထင်ရှားသူများသည် မဲဆွယ်ပွဲများအတွက် အသုံးဝင်ပါသည်။ ထို့ပြင် ၎င်းတို့တွင် အခြားအသုံးဝင်သော အပြောင်းအလဲ ဆော်ဩမှု Advocacy ကဏ္ဍများ ရှိပါသေးသည်ကို နိုင်ငံရေးသမားတို့ သိစေလိုသည်။ ထို့အတူ အများကောင်းကျိုးလုပ်လိုသည့် လူသိများထင်ရှား ဆူပါစတားတို့သည်လည်း မဲဆွယ်ပေးခြင်းကဲ့သို့ပင် အခြားတစ်နည်းဖြင့် တိုင်းပြည်တည်ထောင်ရာတွင် ပါဝင်နိုင်ပါကြောင်း ဆိုလိုခြင်းပေတည်း။

သန့်ဇင်စိုး

ကိုးကား : Celebrity Diplomacy by Andrew F. Cooper, Louise Frechette